ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီသို့ လူမျိုးဘာသာမရွေး ဝင်ရောက်နိုင်ကြောင်း ပါတီဥက္ကဋ္ဌ ပြော

ဘားအံ ၊ ဧပြီ

ကရင်အမျိုးသားဒီမိုတစ်ပါတီသို့ ကရင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားပေါင်းစုံမှ လူမျိုးမရွေး၊ ဘာသာမရွေး ဝင်ရောက်နိုင်ကြောင်း ဧပြီလ ၁၁ရက်နေ့ကကျင်းပသည့် ပါတီဗဟိုကော်မတီဌာနချုပ် ရုံးဖွင့်ပွဲတွင် ပါတီဥက္ကဌ မန်းအောင်ပြည်စိုးက ပြောဆိုလိုက်သည်။

“ကျွန်တော်တို့ ကရင်နိုင်ငံရေးပါတီဆိုပေမယ့် တိုင်းရင်းသားပေါင်းစုံ ဘာသာမရွေး လူမျိုးမရွေး ပါတီတွင်း ဝင်ရောက်နိုင်ပါကြောင်းနဲ့ ကျန်သောပါတီများနဲ့လည်း ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီး ရှိနေပါတယ်ဆိုတဲ့အကြောင်း အသိပေးချင်ပါတယ် ” ဟု မန်းအောင်ပြည်စိုးက ဆိုသည်။

ယခင်က ပြည်နယ်အတွင်း၌ ကရင်ပါတီ ၄ ခု ရှိခဲ့သည့်အနက် ကရင်ဒီမိုကရက်တစ်ပါတီ(KDP)၊ ကရင်ပြည်နယ်ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုး တက်ရေးပါတီ (KSDDP)၊ စည်းလုံးညီညွတ်သော ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီတို့က ပါတီဟောင်းကို ဖျက်သိမ်းပြီးနောက် အသစ်ပြန်လည်ဖွဲ့စည်းလိုက်သည့်ပါတီသစ်တစ်ခုဖြစ်သည်။

ယင်းသို့ ပေါင်းစည်းနိုင်ရန် လွန်ခဲ့သောသုံးနှစ်ကစ၍ ကြိုးပမ်းခဲ့ခြင်းဖြစ်ပြီး ၂၀၁၈ ဖေဖော်ဝါရီတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံမှ ခွင့်ပြုမိန့်ရရှိခဲ့ခြင်းဖြစ်သည်။ ထို့နောက် မတ် ၁၇ရက်တွင် ရှေ့လုပ်ငန်းစဉ်များကို ချမှတ်နိုင်ခဲ့ပြီး ယခုကဲ့သို့ဌာနချုပ်ရုံးကိုဖွင့်လှစ်နိုင်ခြင်းဖြစ်သည်။

“ကျွန်တော်တို့ကရင်လူထုရဲ့တောင်းဆိုချက်အရ ကရင်ပါတီတွေများနေတာကို တစ်ပါတီ ဖြစ်လာအောင်ပေါင်းစည်းနိုင်ခဲ့ပြီးလာမယ့် ၂၀၂၀အတွက် စည်းရုံးရေးဆင်းရမှာတို့ ပါတီဝင်အင်အားစုဆောင်းရမှာတို့ကတော့ နောက်တစ်ဆင့် ဆက်သွားမှာပါ” ဟု ပါတီအထွေထွေ အတွင်းရေးမှူး ဦးစောချစ်သန်းကပြောသည်။

ပါတီအသစ်တည်ထောင်ခြင်းအား ဖေဖော်ဝါရီလ ၂၂ ရက်က မှတ်ပုံတင်အမှတ် – ၁၀၈ဖြင့်တည်ထောင်ခွင့်ပြုပြီးနောက် မတ်လ ၁၂ ရက်နေ့ က ပါတီ၏ဗဟိုအလုပ်အမှုဆောင်ရွေးချယ်ပွဲပြုလုပ်ခဲ့သည်။ ၂၀၁၈ ဧပြီလ ၁၁ရက်နေ့က ဘားအံမြို့ ၊ အမှတ် ၇ရပ်ကွက် ၊ ဦးအောင်မြတ်လမ်းတွင် ပါတီ ဗဟိုကော်မတီ ဌာနချုပ်ရုံးကို ဖွင့်လှစ်ကာ ပါတီဝင် စည်းရုံးရေးနှင့် ပါတီရုံးခွဲများဖွင့်လှစ်နိုင်ရန် စတင် လုပ်ဆောင်ခြင်း ဖြစ်ကြောင်းသိရသည်။

အဆိုပါပါတီသစ်နှင့်ပတ်သက်၍ ဘားအံမြို့မိမြို့ဖ ဦးမြင့်ဆွေက “အခုလို လူမျိုးဘာသာ မရွေးလို့ ဆိုလိုက်တဲ့အတွက် အားပေးတယ်၊ ကြိုဆိုတယ်။ အရင်က ကိုယ့် ကရင်မှ ကိုယ့်ကရင်လူမျိုးဖြစ်ပြီး ကရင်စာ/စကားမတတ်ရင် ပါတီနိုင်ငံရေးမှာ ခွဲခြားဆက်ဆံခံကြရတော့ ဝိဝါဒတွေကွဲပြားပြီး ပါတီတွေ အုပ်စုတွေ များလာတာကနေ အခုပြန်ပေါင်းပြီးလုပ်နိုင်ပါစေလို့ ပြောချင်ပါတယ်”ဟု မှတ်ချက်ပြု ပြောဆိုသည်။

ပါတီရုံးခွဲများကို ကရင်ပြည်နယ်အတွင်းတွင် ဖာပွန်မြို့၊သံတောင်မြို့နယ် များမှလွဲ၍ ကြာအင်းဆိပ်ကြီး၊မြဝတီ၊ကော့ကရိတ်၊ လှိုင်းဘွဲ၊ဖာပွန်မြို့နယ်များနှင့် ဒေသတွင်းမြို့နယ်ခွဲများတွင် အခြေစိုက်ရုံးခွဲများဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ မွန်ပြည်နယ်အတွင်းတွင် ကျိုက်မရောနှင့်ပေါင်မြို့နယ်များတွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း၊ ပါတီဝင်စည်းရုံးရေးနှင့် ၂၀၂၀ပါတီအောင်နိုင်ရေးလုပ်ငန်းစဉ်များကို တိုးချဲ့လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပါတီတာဝန်ရှိသူများထံမှသိရှိရသည်။

Written by ရာဟု (ဖားအံ)

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.