Advertisements

ဘားအံ သြဂုတ်

ကရင်ပြည်နယ်ဒေသသင်ရိုးညွှန်းတမ်းရေးဆွဲရေးဆိုင်ရာ ပဉ္စမအကြိမ်မြောက် ဆွေးနွေးခြင်းကို သြဂုတ်လ(၂၁)ရက်နေ့၊ နံနက်(၉)နာရီခွဲအချိန်က ဘားအံမြို့၊ ကရင်ပြည်နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။

ဒေသသင်ရိုးညွှန်းတမ်းရေးဆွဲရေးဆိုင်ရာကော်မတီအတွင်းရေးမှူး ဦးသက်လွင်က ပြည်နယ်တွင် နေထိုင်သည့် တိုင်းရင်းသား လူမျိုးအားလုံးအတွက် ကိုယ်စားပြုပြီး ရေးဆွဲခြင်းဖြစ်ကြောင်း၊လက်ရှိတွင် သင်ကြားနေပြီဖြစ်ကြောင်း၊ အဓိကရေးဆွဲမည်မှာ ပထဝီ၊ သမိုင်း၊ အသက်မွေးပညာရပ်များအတွက် ဖြစ်ကြောင်း၊ ရေးဆွဲပြီးစီးပါက ကရင်ပြည်နယ်အစိုးရအဖွဲ့ထံ တင်ပြပြီး အတည်ပြုချက် ရယူမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဒေသဆိုင်ရာ တိုင်းရင်းသားများကို အခြေခံပြီး တိုင်းရင်းသား ဘာသာစာပေကို ပညာရေးစနစ် တွင်ထည့်သွင်းသင်ကြားစေ၍ မိမိနိုင်ငံဖွံ့ဖြိုးမှုကို ပူးပေါင်း လုပ်ဆောင်သွားနိုင်ရန် ရည်ရွယ်ကြောင်း ပြည်နယ် မွန်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးမင်းတင်ဝင်းကပြောသည်။

“သူတို့(ဒေသခံတိုင်းရင်းသား)ကို ဗမာလိုပြောရင် ကောင်းကောင်းသဘောမပေါက်သလို သူတို့ပြောတာကိုလည်း ဗမာတွေက ကောင်း ကောင်းသဘောမပေါက်ဘူး။ ဒါကို လူကြီးတွေကလည်း ဆန္ဒရှိတယ်၊ ဒါကြောင့် ဒေသဆိုင်ရာဌာနေ တိုင်းရင်း သား ဆရာ ဆရာမတွေက သင်မယ်ဆို ပိုပြီး ကောင်းမယ်”ဟု ၎င်းက ဖြည့်စွက်ပြောသည်။

သင်ရိုးညွှန်းတမ်းကို ပြည်နယ်အစိုးရ အတည်ပြုချက်ရရှိပြီးပါက ပုံနှိပ်ထုတ်ဝေရေး၊ ဖြန့်ဝေရေး လုပ်ဆောင်မည်ဖြစ်ကြောင်း၊ ဆက်လက်၍ သင်ကြားရေးနှင့်ပတ်သက်ပြီး သင်ကြားရေးဆရာများကို လေ့ကျင့်သင်ကြားပေးမည်ဖြစ်ကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အသက်မွေးဝမ်းကြောင်းလုပ်ငန်းများကိုလည်း ရိုးရာပညာရပ်များနှင့် လုပ်ကိုင်ဖွံံဖြိုးတိုးတက်စေရန်အတွက် ရည်ရွယ်ကြောင်း ပြည်နယ်ပညာရေးမှူးရုံး၊ ဒုတိယညွှန်ကြားရေးမှူး ဦးသက်လွင်က ဆိုသည်။

အဆိုပါဆွေးနွေးပွဲတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဒေါက်တာတင်ဝင်းကျော်၊ မွန်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးမင်းတင်ဝင်း၊ ပအိုဝ်းတိုင်းရင်သားလူမျိုးရေရာဝန်ကြီး ဦးခွန်မျိုးတင့် ဒေသသင်ရိုးညွှန်းတမ်းရေးဆွဲရေးဆိုင်ရာကော်မတီမှ ပညာရေး၊ ဘားအံ-မော်လမြိုင်တက္ကသိုလ်၊ တိုင်းရင်းသားစာပေယဉ်ကျေးမှု ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

Written by စောအယ်လ်ဒီ

Advertisements
<

Leave a Reply