Advertisements

မော်လမြိုင်၊ မေ

ကရင်နှင့် မွန်ပြည်နယ်အတွင်းရှိ ကြံ့ခိုင်မှု အားနည်းနေသည့် ကြိုးတံတား သုံးစင်ကို လာမည့်နှစ်ဆန်းပိုင်းတွင် စတင် တည်ဆောက်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်က ဟင်္သာမီဒီယာသို့ ပြောကြားသည်။

အသစ်ပြန်လည် တည်ဆောက်မည့် ကြိုးတံတား သုံးစင်တွင် အတ္တရံ ၊ ဂျိုင်း (ဇာသပြင်) ၊ ဂျိုင်း(ကော့ကရိတ်၊ ကြိုးတံတားတို့ ပါဝင်ကြောင်း ၎င်းက ရှင်းလင်းပြောဆိုသည်။

“လာမယ့်နှစ်မှာ တံတားသုံးစင်းလုံးကို ပြန်ဆောက်သွားမယ်၊ လေးလမ်းသွား ကြိုးဆိုင်းတံတားဖြစ်သွားမယ်၊ မဆောက်ခင်တော့ မပျက်စီးအောင် တံတားဦးစီးဌာနက ထိန်းသိမ်းနေတယ်”ဟု ဦးမင်းကျော်လွင်က ဆိုသည်။

အသစ်ပြန်လည် တည်ဆောက်မည့် ကြိုးတံတားများကို ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ(JICA)၏ ချေးငွေဖြင့် လုပ်ဆောင်သွားမည်ဟု ၎င်းက ပြောသည်။

ကြိုးတံတား သုံးစင် အနက် ဂျိုင်း(ဇာသပြင်) ကြိုးတံတားသည် အန္တာရယ်ရှိသည့် တံတား အဆင့်(၅) ၌ ပါဝင်နေသည်။

ထို့ကြောင့် အဆိုပါ ကြိုးတံတားအား ဖြတ်သန်းသွားလာနေသည့် မော်တော်ယာဉ်အနေဖြင့် တန်ချိန် ၁၃ တန်အထိသာ ခွင့်ပြုပေးထားကြောင်း တံတားဦးစီးဌာနက ထုတ်ပြန်ထားသည်။

“ကျွန်တော်တို့က တံတား ဖြတ်တဲ့ ဘယ်ယာဉ်မဆို တန်ချိန် ၁၃ တန်ထက် ပိုရင် တစ်စီးမှ မပေးဖြတ်ဘူး၊ ပိုသွားရင် ကုန်ဖြစ် ခရီးသည် ယာဉ်ပဲ ဖြစ်ဖြစ် တန်သွားလျော့ခိုင်းပြီးမှ ပေးဖြတ်တယ်”ဟု အတ္တရံ ၊ ဂျိုင်း (ဇာသပြင်) ကြိုးတံတားမှ ကောက်ခံရေးဂိတ် တာဝန်ခံ ဦးကျော်ကျော်လွင်က ဆိုသည်။

အတ္တရံ တံတာနှင့် ဂျိုင်း(ဇာသပြင်) တံတားများကို ၁၉၉၆ ခုနှစ်က စတင်ဆောက်လုပ်ခဲ့ခြင်းပြီး၊ အတ္တရံတံတား၏ အရှည်မှာ ပေ ၁၄၂၀ ရှိပြီး ဂျိုင်း(ဇာသပြင်)တံတားအရှည်မှာ ပေ ၂၉၀၀ ကျော်ရှိသည်။

Written by သက်ပိုင်

Advertisements
<

Leave a Reply