ချောင်းဆုံ မေ

ချောင်းဆုံမြို့နယ် ကလော့ကျေးရွာတွင်  အိမ်ရာမြေကွက်သစ်များ တိုးချဲ့ဖော်ထုတ်ပေးရန် ဒေသခံများက တောင်းဆိုခဲ့ကြောင်းသိရသည်။

မေလ ၂၁ ရက်နေ့က မွန်ပြည်နယ်လွှတ်တော်ကိုယ်စား လှယ်ဒေါ်ကြည်ကြည်မြ၊ မြို့နယ်မှ ဌာနဆိုင်ရာများနှင့် ဒေသခံများတွေ့ဆုံပွဲကျင်းပခဲ့ရာတွင်ယင်းသို့ တင်ပြခဲ့ကြခြင်း ဖြစ်သည်။

“ရွာမှာ လူနေအိမ်ခြေတွေကျပ်ပိတ်လာတဲ့အတွက် အိမ်ရာမြေကွက်သစ်တွေကို ဖော်ထုတ်စေချင်တယ်” ဟု  ယင်းကျေးရွာနေ ဦးကြည်ဝင်းက ဆိုသည်။

ကျေးရွာတွင် လမ်းများကျဉ်းမြောင်းနေ၍အရေးပေါ်အခြေအနေတွင် မီးသတ်ကားနှင့် ရေသယ်ယာဉ်များ ပြေးဆွဲသွားလာရန် အခက်အခဲများ ရှိကြောင်း ၎င်းက ဆိုသည်။

“အိမ်ရာမြေကွက်သစ်တွေဖော်ထုတ်ပေးဖို့ လိုအပ်တယ်ဆိုပေမယ့် အမှန်တကယ် နေထိုင်မဲ့၊ အမှန်တကယ် လိုအပ်တဲ့ လူတွေရဲ့လက်ထဲကိုရောက်ဖို့ လိုအပ်တယ်။ စီးပွားရေးသမားတွေလက်ထဲကိုရောက်သွားပြီးမှ အမှန်တကယ်လိုအပ်တဲ့လူတွေကဈေးကြီးကြီးနဲ့ပေးဝယ်နေရရင်လည်း ဘာမှမထူးဘူး” ဟု ကလော့ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအေးဇော်သန်းက ဆိုသည်။

ချောင်းဆုံမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးရဲထွန်းနောင်က “အိမ်ရာမြေတိုးချဲ့ပေးဖို့ နေမဲ့လူ ရှိလား၊ မြေနေရာ ရှိလား၊အိမ်ယာမြေ တိုးချဲ့ဖို့ အမှန်တကယ်လိုအပ်နေပြီလား၊အကွက်ရိုက်ပြီးမှနေမယ့်လူ မရှိတာတို့ လည်းမဖြစ်စေချင်ဘူး၊ ဒေသခံတွေအနေနဲ့လည်းအသေအချာ
ပြန်စဉ်းစားဖို့လိုတယ်”ဟု ပြောသည်။

ယင်းလူထုတွေ့ဆုံပွဲတွင်မီးကော်မတီအသစ် ပြန်လည်ဖွဲ့စည်းရေး၊ ကျေးရွာတွင်း ရေမြောင်းများတွင်မဆင်မခြင်အမှိုက်စွန့်ပစ်နေသူတို့ကိုအရေးယူပေးရေး၊ ကျေးရွာရေ ပေးဝေမှုကိစ္စရပ်များကိုလည်း တင်ပြဆွေးနွေးခဲ့ကြောင်း ပွဲတက်ရောက်ခဲ့သူ ဒေသခံများထံမှသိရသည်။

လွတ်လပ်မောင်(ယက္ခမြေ)

Leave a Reply