(ဓါတ်ပုံ အညွှန်း – ဆိုင်ကယ်ခိုးရန် ကြံစည်သူကို ကလေးခိုးသည်ဟုဆိုကာ ဝိုင်းရိုက်ခဲ့ကြစဉ်)

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဖက်တန်းနယ်မြေ၊ ဈေးကြီး စံပြအေးရပ်ကွက်အတွင်း ဇန်နဝါရီ ၁၇ ရက်က ကလေးသူခိုးဟုထင်ကာ ဝိုင်းဝန်းဖမ်းဆီးရာမှ ဆိုင်ကယ်အားခိုးယူရန် အားထုတ်နေသူ ဖြစ်နေခြင်းကြောင့် မော်လမြိုင် မြို့မရဲစခန်းထံ အပ်နှံပေးခဲ့ကြောင်း စံပြအေးရပ်ကွက်နေ ပြည်သူများထံမှ သိရသည်။

ယင်းရပ်ကွက်ရှိ ဦးမျိုးဇော်နေအိမ်တွင် သော့တန်းလန်းဖြင့် ရပ်ထားသော ဆိုင်ကယ်ကို ခိုးယူရန် ကြိုးပမ်းနေစဉ် ရပ်ကွက်လူထုက သိရှိသွားကာ “သူခိုး သူခိုး”ဟု အော်ဟစ်ရာ “ကလေးသူခိုး”ဟု ပတ်ဝန်းကျင်က ထင်မှတ်ပြီး ဝိုင်းရိုက်နှက် ဖမ်းဆီးခဲ့ကြောင်း ၎င်းတို့က ပြောသည်။

ဦးမျိုးဇော်၏ ဆိုင်ကယ်အား ဝင်ရောက်ခိုးယူရန် ကြံစည်ခဲ့သူသည် တပ်မတော် ကုတင် ၃၀ဝ စစ်ဆေးရုံမှ တပ်ကြပ်ကြီးစာရေး ဇင်မင်းထက် ဖြစ်နေခြင်းကြောင့် ၎င်းကို စစ်ဥပဒေအရ အရေးယူရန်အတွက် တပ်မတော် စည်းကမ်းထိန်းသိမ်းရေးတပ် (၅၆၅) မှ တပ်ကြပ်မြတ်သူအား လွှဲပြောင်းပေးလိုက်သည်ဟု စခန်းမှူး ဒုရဲမှူး အောင်သန်းမြင့်က ပြောသည်။

(ဓါတ်ပုံ အညွှန်း – ဆိုင်ကယ်ခိုးရန် ကြံစည်သူကို ကလေးခိုးသည်ဟုဆိုကာ ဝိုင်းရိုက်ခဲ့ကြစဉ်)
(ဓါတ်ပုံ အညွှန်း – ဆိုင်ကယ်ခိုးရန် ကြံစည်သူကို ကလေးခိုးသည်ဟုဆိုကာ ဝိုင်းရိုက်ခဲ့ကြစဉ်)

“လမ်းထဲကိုလမ်းလျှောက်ပြီး ဝင်လာတယ်။ သူစိမ်းဆိုပြီးတော့ ကျွန်တော်တို့က ကြည့်နေတဲ့အချိန်မှာ သူက ရပ်ထားတဲ့ ဆိုင်ကယ်တွေထဲက သော့တန်းလန်းနဲ့ ဆိုင်ကယ်ကို ဆွဲထုတ်ပြီး မောင်းထွက်မလို့ လုပ်နေတုန်း ‘ဟေ့လူ ဘာလုပ်တာလဲ’လို့ အော်ပြီး လိုက်တာ ထွက်ပြေးသွားတယ်။ အဲဒီမှာ ‘သူခိုး သူခိုး’လို့ အော်လိုက်တာ ဘယ်လိုကနေ ဘယ်လို ကလေးသူခိုးဖြစ်တယ် မသိပါဘူး။ အမှန်မှာတော့ ဆိုင်ကယ်သူခိုးပါ ကလေးသူခိုး မဟုတ်ပါဘူး”ဟု ဆိုင်ကယ်ပိုင်ရှင် ကိုမျိုးဇော်က ပြောကြားသည်။

လူထုများအကြား ကလေးခိုးမှု ကောလာဟလများကြောင့် စိုးရိမ်မှုများဖြစ်ပေါ်နေသော်လည်း မြို့မနယ်မြေရဲစခန်းတွင် ကလေးခိုးမှုနှင့် ပတ်သက်ပြီး အမှုတစ်စုံတစ်ရာ တိုင်ကြားထားမှုများမရှိကြောင်း ဒုရဲမှူး အောင်သန်းမြင့်က ဆိုသည်။

ဆိုင်ကယ်ခိုးရန် ကြံစည်သည့် တပ်ကြပ်ကြီးစာရေးသည် ငွေကြေး အခက်အခဲကြောင့် ကြံမိကြံရာ ကြံစည်ရာမှ ဆိုင်ကယ်ခိုးယူရန် ကြိုးပမ်းမိခဲ့ခြင်းဖြစ်ကြောင်းနှင့် ဆိုင်ကယ်ခိုးယူမှု မမြောက်သည့်အတွက် ဆိုင်ကယ်ပိုင်ရှင်ဘက်မှလည်း အမှုဖွင့်ခဲ့ခြင်းမရှိကြောင်း ရဲတပ်ဖွဲ့မှတ်တမ်းအရ သိရှိရသည်။

Leave a Reply