၂၅ မေ ၂၀၁၉

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်တွင် တွင်းရေနှင့် အဝီစိတွင်းများခန်းခြောက်မှုကြောင့် လူဦးရေ နှစ်သောင်းကျော်ခန့် ရေပြတ်လပ်မှုနှင့် ရင်ဆိုင်နေကြရသည်ဟု ကလေးမြို့နယ် စီမံခန့်ခွဲမှုကော်မတီ၏ စာရင်းအရသိရသည်။

ချင်းပြည်နယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသော ကလေးမြို့နယ်အတွင်းရှိ ကျေးရွာ ၈ ရွာနှင့် ကလေးမြို့ပေါ် ရပ်ကွက်ကြီး ၄ ရပ်ကွက်တွင် ပြီးခဲ့သည့် ဧပြီလကစ၍ ရေတွင်းနှင့် အဝီစိတွင်းများ ခန်းခြောက်လာခဲ့ခြင်းဖြစ်ပြီး ကလေးမြို့နယ် စီမံခန့်ခွဲမှုကော်မတီ၏ ဧပြီလ ၁၈ ရက်နေ့မှ မေလ ၁၉ ရက်နေ့အထိ တွက်ချက်မှုစာရင်းအရ အိမ်ထောင်စု ၄၄၁၇၊ လူဦးရေ ၂၁၀၁၁ တို့သည် ရေပြတ်လပ်မှုရင်ဆိုင်နေကြရသည်ဟု သိရသည်။

ရေပြတ်လပ်မှုကြုံတွေ့နေကြသည့် ဒေသခံပြည်သူများကို ရပ်ကွက်အတွင်းရှိ သက်ဆိုင်ရာဒေသတွင်းအာဏာပိုင်များနှင့် ပရဟိတအဖွဲ့အစည်းများက ရေသယ်ကားများဖြင့် ရေဖြန့်ဝေပေးလျက်ရှိသည်ဟု ကလေးမြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးညီညီကပြောသည်။

“အခုမြို့နယ်ကနေဦးဆောင်မှုနဲ့အခုလုပ်နေတယ် ။ ၁၈ ရက် လေးလကနေ တောက်လျှောက်စပေးနေတယ် ။ မနက် ၉ နာရီမှာ ကျွန်တော်တို့ရုံးမှာကားတွေစုပြီးတော့ အဲဒီကနေ သူတို့ မီးသတ်ကားလည်းပါတယ် ၊ စည်ပင်ကားပါတယ် ။

ကျန်တဲ့ရပ်ကွက်ကားတွေလည်းပါတယ် ။ စုပြီးတော့ ဒီကကားတွေကို ဆီထည့်ပြီးတော့ ရေးရှားပါးတဲ့နေရာတွေ အကုန်လုံးလိုက်ပေးတာ ၊တာဟန်းတို့ဘာတို့အကုန်ပေးနေတယ် ။ တာဟန်းဘက်ကလည်းသူတို့အစီအစဉ်နဲ့ ပေးနေကြတယ်’’ ဟု ဦးညီညီကပြောသည်။

ကလေးမြို့နယ်အတွင်း ရေပြတ်လပ်သည့် ရပ်ကွက်နှင့် ကျေးရွာများမှာ တာဟန်း၊ တောင်ဖီလာ၊ တောင်ဇလပ်၊ အင်ဒိုင်းကုန်း၊ နန်းစောင်းပု၊ နန်းဟံနွဲရွာ၊ မော်လိုက်ကလေး၊ ကံကြီး၊ ရာဇဂြိုလ်၊ စော်ဘွားရေရှင်၊ စက္ကန့်၊ နှင့် နတ်ကြီးကုန်းတို့ဖြစ်သည်။

ယခုရေပြတ်လပ်မှုနှင့်ပတ်သက်၍ ကလေးမြို့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရှားမီးကလည်း နေပြည်တော်ရှိ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ ကူညီထောက်ပံ့ပေးနိုင်ရေး တင်ပြတောင်းဆိုခဲ့သည်ဟုသိရသည်။

ဒေါ်ရှားမီး၏တောင်းဆိုချက်အရ သက်ဆိုင်ရာဝန်ကြီးဌာနမှလည်း ရေဖြန့်ဝေရာတွင် ကုန်ကျစရိတ်များ၊ ရေသိုလှောင်မည့် မိုးကာများကို ထောက်ပံ့မည်ဟု ကတိပြုခဲ့သည်ဟု သိရသည်။

ကလေးမြို့နယ်တွင် ရေတွင်းခန်းခြောက်မှုနှင့် ရေပြတ်လပ်မှုကို ယခင်က ယခုကဲ့သို့ကြုံတွေ့မှုမရှိခဲ့ဖူးကြောင်း တာဟန်းရပ်ကွက်တွင် နှစ်ပေါင်း ၅၀ ကျော်နေထိုင်လာသူ အမျိူးသမီးတစ်ဦးကပြောသည်။

“ကျွန်မ တာဟန်းမှာနေတာ နှစ်ပေါင်း ၅၀ ကျော်ပြီ။ အဲဒီမတိုင်မီကတည်းက ကျွန်မတို့ရေတွင်းကရှိပြီးသား၊ ဟိုးတုန်းကတည်းက တခြားတွင်းမှာ ရေခန်းတဲ့အချိန်မှာတောင် ကျွန်မတို့ရေတွင်းက ဘယ်တော့မှမခန်းဖူးဘူးလို့ သူတို့ပြောတယ်၊ နှစ်ပေါင်း ၅၀ ကျော်အသုံးပြုခဲ့ပြီးပြီ ။ ဒါပေမဲ့အခုကျတော့ ခန်းသွားတယ်၊ ကျမတို့လည်း အတော်လေးအံ့သြသွားတယ်၊ ကျမတို့ တာဟန်းရပ်ကွက်မှာ ဒီလို အကြီးအကျယ်ရေတွင်းခန်းခြောက်မှုက တစ်ခါမှမကြုံဖူးဘူး’’ ဟု သူမကပြောသည်။

ကလေးမြို့နယ်တွင် ယခင်က ရေတွင်းခန်းခြောက်မှုများ အနည်းငယ်ရှိခဲ့သော်လည်း ယခုနှစ်ကဲ့သို့အကြီးအကျယ်ခန်းခြောက်မှု တခါမျှမရှိခဲ့ကြောင်းသိရသည်။

၂၀၁၅ ခုနှစ် ရေကြီးရေလျှံမှုဖြစ်ပေါ်သည့်နောက်ပိုင်း ရေကြောပြောင်းလဲမှု (သို့မဟုတ်) သစ်ပင်များ အဆမတန်ခုတ်ထွင်မှုကြောင့် ရာသီဥတုပြောင်းလဲလာကာ ယခုကဲ့သို့ကြုံတွေ့ရခြင်းဖြစ်နိုင်သည်ဟု ယုံကြည်နေကြသည်။

By လားနွန်
ခိုနူမ်းသုန်သတင်း

Leave a Reply