မော်လမြိုင်၊ ဇွန်၁၇

ကလေးလုပ်သားများ ပပျောက်ရေးအတွက် စက်ရုံ ၊အလုပ်ရုံ ၊ အလုပ်ဌာန ၊ ဆိုင်ပိုင်ရှင်များ ပူပေါင်းပါဝင်အကူ အညီပေးဖို့ လိုအပ်ကြောင်း အလုပ်ရုံနှင့် အလုပ်သမားများဥပဒေစစ်ဆေးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြား ရေးမှူး ဒေါ်ကြည်အေးက ပြောသည်။

ကလေးလုပ်သားများ ပပျောက်ရန်အတွက် လက်ရှိတွင် ကော်မတီ ရှစ်ခု ဖွဲ့စည်းထားပြီး အလုပ်ရှင်များအနေနှင့် အဆိုပါ ကော်မတီနှင့် ပူးပေါင်းရန် လိုကြောင်း ဒေါ်ကြည်အေးက ဆိုသည်။

“ စက်ရုံအလုပ်ရုံ လုပ်ငန်းခွင်မှာ ရှိတဲ့ ကလေးတွေကို သူ့အတန်းပညာနှင့် လျော်ညီတဲ့ အနေအထားအရ ပညားရေးဌာနက သူတို့ ကျောင်းပြင်ပ ပညာရေးသင်ယူခွင့်ရအောင် ဆောင်ရွက်နေပြီ အဲလိုမျိုးဆိုတော့ ပိုင်ရှင်အနေက ကူညီဖြည့်ဆည်းပေးဖို့ လိုအပ်ပါတယ် ” ဟု ၎င်းက ဆိုသည်။

၂၀၁၆ခုနှစ် ဆိုင်များနှင့် အလုပ်ဌာနများဥပဒေတွင် ၊အသက် ၁၄နှစ်နှင့် ၁၆နှစ်ကြား ကလေးလုပ်သား များအနေဖြင့် တစ်နေ့တာ အလုပ်ချိန် အလင်းရောင်ရှိသည့် နေ့ဘက်တွင် ၄နာရီသာခိုင်း စေရမည်ဟုပြဌာန်း ထားပြီး ၁၆နှစ်နှင့် ၁၈နှစ်ကြား ငယ်ရွယ်သူ အလုပ်သမားများကိုတော့ ဆရာဝန်၏ ဆေးစစ်ချက် ဖြင့် အရွယ်ရောက်ပြီးသူများ နှင့် တန်းတူ လုပ်ငန်းခွင့် ဝင်ခွင့် ပြုကြောင်း ပြဌာန်းထားသည်။

လက်ရှိတွင် ပြဌာန်းထားသော ကလေးလုပ်သားများဆိုင်ရာ အလုပ်သမားများဥပဒေသည် ပြင်ပတွင် လက်တွေ့ ကျင့်သုံးနေခြင်း မရှိကြောင်း စံပြလူထုအခြေပြု ဖွံ့ဖြိုးရေး အဖွဲ့ အမျိုးသမီးနှင့်ကလေး Program Director မိချယ်ရီစိုးက ပြောသည်။

“လက်ရှိ ၊ကလေးတွေ လုပ်နိုင် တဲ့ အချိန်ပိုင်းအလုပ်ကို လက်ရှိ ဘယ်အလုပ်ရှင်ကမှ လုပ်ထားပေးတာ မရှိသေးဘူး၊လုပ်မယ်ဆိုရင်တော့ အပြီးသူတို့ဆီမှာနေရမယ် သူတို့အလုပ်ရှိသမျှကိုတော့ လုပ်နေရတာပဲ အဲ့ဥပဒေကို ဘယ်သူကမှလဲ ကျင့်သုံးမှု မရှိသေးဘူး ” ဟု မိချယ်ရီစိုးက ပြောသည်။

လက်ရှိ မွန်ပြည်နယ်တွင် ရှိသောကလေးလုပ်သားများက ရွေ့ပြောင်းလုပ်သားများသာများပြီး နယ်ခံကလေးလုပ်သားများမှာ နည်းကြောင်း ဒေါ်ကြည်အေးက ဆိုသည်။

ကလေးသူငယ်များဆိုင်ရာဥပဒေတွင် ဥပဒေအရပြဌာန်းထားသော အလုပ်အကိုင်ရရှိခွင့်၊နားခွင့်၊အပန်းဖြေခွင့် နှင့် တခြားသောအခွင့်အရေးများ ရရှိနိုင်ကြောင်း ဖော်ပြထားသည်။

ရန်လင်းအောင်

Leave a Reply