ရန်ကုန်၊ ဖေဖော်ဝါရီ ။ ။ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ကလေးလုပ်သားပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် ရေးဆွဲသွားမည်ဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာနရှိ အလုပ်ရုံနှင့် အလုပ်သမား ဥပဒေ စစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းရှိန်က ပြောကြားသည်။

ရန်ကုန်မြို့ အင်ယားလိတ် ဟိုတယ်တွင် ပြုလုပ်ခဲ့သည့် ကလေးလုပ်သားဆိုင်ရာနှင့် အမျိုးသားအဆင့် လုပ်ငန်း စီမံချက် ရေးဆွဲနိုင်ရေး စက်မှုဇုံအဆင့် ညှိနှိုင်းဆွေးနွေးပွဲတွင် ၎င်းက ယခုလို ပြောကြားခဲ့ခြင်းဖြစ်သည်။

“ကလေးလုပ်သား ပပျောက်ရေးစီမံချက်နဲ့ ပတ်သက်ပြီး ရေးဆွဲတဲ့အခါမှာ မြန်မာနိုင်ငံနဲ့ ကိုက်ညီပြီး လက်တွေ့ အကောင်အထည် ဖော်ဆောင်ရွက်နိုင်တဲ့ စီမံချက်ဖြစ်အောင် ရေးဆွဲသွားမှာပါ”ဟု ၎င်းက ပြောဆိုသည်။

စီမံချက်ရေးဆွဲနိုင်ရန်အတွက် လာမည့် ၂၀၁၇ ခုနှစ် မတ်လလယ်တွင် နေပြည်တော်၌ ဝန်ကြီးဌာနခုနှစ်ခုနှင့် အလုပ်သမားရေးဆိုင်ရာ အရပ်ဘက်အဖွဲ့ အစည်းများ၊ လုပ်ငန်းရှင်များနှင့် ၄ ရက်ကြာ အလုပ်ရုံဆွေးနွေးပွဲ တစ်ခု ပြုလုပ်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုဖြစ်သည့် မြန်မာနိုင်ငံတွင် ၁၉၅၁ ခှနှစ် အလုပ်ရုံများ အက်ဥပဒေအရ အသက် ၁၄ နှစ် ပြည့်ပြီး အသက် ၁၆ နှစ် မပြည့်သေးသူကို ကလေးလုပ်သားအဖြစ် သတ်မှတ်ထားပြီး ပေါ့ပါးသော အလုပ်များကိုသာ လုပ်ခွင့်ရှိကြောင်း ၎င်းက ဆိုသည်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ကောက်ယူထားသည့် ကလေးလုပ်သား စစ်တမ်းနှင့် နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ် (ILO) မှ ကောက်ယူထားသည့် စစ်တမ်းမှာ ကွာဟမှုများ ရှိနေကြောင်း ၎င်းက ပြောဆိုသည်။

“ILO က ကောက်ယူထားတဲ့ စစ်တမ်းမှာက ကလေးလုပ်သား ၁ ဒသမ ၁ သန်းရှိတယ်လို့ပြောတယ်။ ကျွန်တော်တို့ ကောက်ယူထားတဲ့ စစ်တမ်းမှာက တစ်သောင်းလောက်ပဲ ရှိတယ်။ ဒါဘာကြောင့် ကွာသွားတာလဲ မေးရင် ကျွန်တော်တို့က စက်မှုကဏ္ဍနဲ့ အထည်ချုပ်စက်ရုံတွေပဲပါတယ်၊ အကြုံဝင်ပုံခြင်း မတူဘူး”ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ယင်းကဲ့သို့ စက်မှုကဏ္ဍနှင့် အထည်ချုပ်စက်ရုံများတွင်ရှိသည့် သူများကိုသာ ကလေးလုပ်သားအဖြစ် သတ်မှတ်ခြင်းမှာ အစိုးရတွင်တာဝန်ရှိပြီး လုပ်ငန်းရှင်ဖြစ်ပါက လုပ်ငန်းရှင်တွင် တာဝန်ရှိကြောင်း အရပ်ဘက် အဖွဲ့အစည်း တစ်ခုဖြစ်သည့် အလုပ်သမား အခွင့်အရေးတက်ကြွလှုပ်ရှားသူ ဒေါ်အိရွှေစင်ညွန့်က သုံးသပ်ပြောကြားသည်။

“ဒီလိုပြောတာ လုံးဝ အဓိပ္ပါယ်မရှိဘူး ကလေးလုပ်သားဆိုတာ ILO Convention No 182 အခြေခံမူဝါဒ ရှစ်ချက်ထဲက တစ်ခုဖြစ်တယ်၊ ဘယ်နေရာမှာပဲ အလုပ်လုပ် ကလေးသားပဲ၊ ကလေးလုပ်သားအဖြစ် အကြုံဝင်တယ်”ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံသည် ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၃ ခုနှစ်တွင် ကလေးလုပ်သားနှင့် သက်ဆိုင်သည့် ILO Convention No 182 ကိုလက်မှတ်ရေးထိုးခဲ့သည့် ILO အဖွဲ့ဝင်နိုင်ငံတစ်နိုင်ဖြစ်သည်။

ကလေးလုပ်သားပပျောက်ရေးနှင့် ပတ်သက်ပြီး ILO My-PEC အစီအစဉ်ကိုလည်း အမေရိကန်နိုင်ငံ၏ အကူအညီ ဒေါ်လာ ငါးသန်းဖြင့် ၂၀၁၄ ခုနှစ် ဇန်နဝါရီလမှ ၂၀၁၇ ဒီဇင်ဘာလအထိ လေးနှစ် စီမံကိန်း ပြုလုပ်ခဲ့ပြီးကြောင်း အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာနမှ သိရှိရသည်။

Written by – အောင်ကျော်ထွန်း

Leave a Reply