Advertisements

မော်လမြိုင်၊ ဖေဖော်ဝါရီ

ကလေးသူငယ်များ၏ အခွင့်အရေးပြည့်ပြည့်ဝဝရရှိစေရေးအတွက် ကလေးသူငယ်ဥပဒေကိုခေတ်ကာလနှင့် လျော်ညီအောင် ပြောင်းလဲပြင်ဆင်၍ ဖြည့်စွက်ရေးဆွဲနိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ဝင်၊ လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်းက ဖေဖော်ဝါရီ ၁၃ရက်နေ့တွင် ပြောကြားခဲ့သည်။

မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ လူမှုဝန်ထမ်းဦးစီးဌာနက ဦးဆောင်ကျင်းပခဲ့သည့် မြန်မာနိုင်ငံကလေးများနေ့အခမ်းအနားတွင် ၎င်းက ယင်းသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ဒါ့အပြင် ဥပဒေပါအတိုင်း ကလေးသူငယ်အခွင့်အရေးတွေ ရရှိနိုင်ဖို့အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးဆောင်တဲ့ မြန်မာနိုင်ငံ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီနဲ့ လုပ်ငန်းကော်မတီ အဆင့်ဆင့်က နိုင်ငံတစ်ဝန်းက ကလေးသူငယ်တွေရဲ့ အကျိုးကို ဦးစားပေး ကာကွယ်စောင့်ရှောက်မှုတွေပြုလုပ်ပေးလျက်ရှိတယ်”ဟုလည်း ပြည်နယ်ဝန်ကြီးကဖြည့်စွက်ပြောဆိုသည်။

လူမှုဝန်ထမ်းဦးစီးဌာန၊ပြည်နယ်ညွှန်ကြားရေးမှူး ဦးကိုကိုနိုင်က “အခုလို ကလေးများနေ့ အခမ်းအနား ကျင်းပရတာဟာ မြန်မာနိုင်ငံရဲ့လွတ်လပ်ရေးခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို ဂုဏ်ပြုတဲ့အနေနဲ့ ဖြစ်ပြီးတော့ ဗိုလ်ချုပ်ရဲ့ စိတ်ဓာတ်တွေ၊ ဗိုလ်ချုပ်ရဲ့ကြိုးပမ်းမှုတွေကို ကလေးတွေအနေနဲ့ အမှတ်ရဖို့အတွက်အခုလိုကျင်းပရတာဖြစ်တယ်”ဟု ဆိုသည်။ ဆက်လက်၍ ၎င်းင်းက “ကလေးသူငယ်တွေရဲ့ အခွင့်အရေးလေးခုဖြစ်တဲ့ အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ခွင့်နဲ့ပါဝင်ဆောင်ရွက်ခွင့်တွေထဲက တစ်ခုဖြစ်တဲ့ ပါဝင်ဆောင်ရွက်ခွင့်ကို ကလေးသူငယ်တွေအတွက်အကောင်အထည်ဖော်ပေးရတာဖြစ်တယ်”ဟုပြောသည်။

မော်လမြိုင်၌ ယခုနှစ် ကျင်းပသည့် မြန်မာနိုင်ငံ ကလေးများနေ့ အခမ်းအနားကို ကလေးသူငယ် ဦးရေ ၇၀၀ ကျော်တက်ရောက်ဆင်နွှဲခဲ့ကြပြီး ပြိုင်ပွဲဝင်လိုသည့် ဝါသနာရှင် ကလေးများအတွက် ကဗျာ၊ ပုံပြင်၊ တေးသီချင်းများ၊ လက်ချောင်းပန်းချီများ၊ စိတ်ကူးပန်းချီနှင့်ဆေးရောင်စုံခြယ်ပြိုင်ပွဲများကို ပြုလုပ်ပေးခဲ့ပြီး ဆုရရှိသူများကို တာဝန်ရှိသူများက ဆုအသီးသီး ချီးမြှင့်ခဲ့ကြသည်။

ကလေးသူငယ်ဥပဒေကို ယခင်နဝတအစိုးရလက်ထက် ၁၉၉၃ ခုနှစ် ဇူလိုင် ၁၄ ရက်နေ့က ဥပဒေအမှတ် ၉/၉၃ အဖြစ် ပြဋ္ဌာန်းခဲ့သည်။

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ၏မွေးနေ့ကို ‘ကလေး များနေ့’ ဟုသတ်မှတ်ကာ ၁၉၅၇ ခုနှစ် ဖော်ဖော်ဝါရီ ၁၃ ရက်နေ့က ယင်းအထိမ်းအမှတ်အခမ်းအနားကို စတင်ကျင်းပခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က ကလေးသူငယ်အကျိုးဆောင် ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ (ဟောင်း) စဝ်ရွှေသိုက်၊ လွှတ်တော်ဥက္ကဋ္ဌ ဗိုလ်မှူးအောင်၊ မြို့တော်ဝန် ဦးမောင်မောင်တို့ တက်ရောက်ခဲ့ပြီး ကလေး သူငယ်များ စောင့်ရှောက်ရေးကော်မတီဥက္ကဋ္ဌဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်က ဘက်စုံထူးချွန်သော ကလေးသူငယ်များအား ဗိုလ်ချုပ်အောင်ဆန်း ရွှေတံဆိပ်ဆုကို ချီးမြှင့်ခဲ့ကြောင်း သမိုင်းမှတ်တမ်းများတွင် ဖော်ပြထားသည်။

ဖေဖော်ဝါရီ ၁၃ ရက်နေ့ကို မြန်မာနိုင်ငံ ‘ကလေးများနေ့’ ဟု သတ်မှတ်ထားသော်လည်း ပြန်တမ်းဝင်နေ့တစ်နေ့ ဟု ယခင်ကတည်းကသတ်မှတ်ထားခဲ့ခြင်း မရှိပေ။

သက်ပိုင်

Leave a Reply