နေပြည်တော်၊ နိုဝင်ဘာ ၂၈။ ။ လမ်းပျော် လေလွင့်ကလေးသူငယ်များ၊ ပြစ်ဒဏ်ကျခံ နေရသည့် ကလေးသူငယ်များနှင့် တရားရုံးတွင် အမှုရင်ဆိုင်နေရဆဲ ကလေးငယ်များ အတွက် စာရိတ္တပြုပြင်ရေးကျောင်းအား ရန်ကုန်မြို့တွင် ဖွင့်လှစ် မည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောသည်။

“ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ မြေဧက ၅၀ ခန့်ရရှိအောင်ရှာပြီးတဲ့ အခါကျတော့ သင်တန်းကျောင်းတွေ ဆောက်လုပ်ဖို့ တွက်ချက်ပြီးတော့ စီမံချက်ကို အဆင်သင့်ရေးဆွဲထားပြီးသားဖြစ်ပါတယ်၊ အထူးသဖြင့် ရန်ကုန်တိုင်းမှာ စ မှာဖြစ်ပါတယ်” ဟု ဝန်ကြီးက အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ဖြေကြားသည်။

ပြစ်ဒဏ်ကျသည့်အတိုင်း ကလေးများကို လူငယ်ထိန်းသိမ်းရေး စခန်းပို့ရမည်ဆိုပါက လက်ရှိ လူငယ်သင်တန်းကျောင်း ၁၀ ကျောင်းဖြင့် မလုံလောက်ကြောင်း၊ ပြစ်ဒဏ်ရှိသောလည်း ပြစ်ဒဏ်အတွက် မခံရသေးသည့်လူငယ်များအပြင် လမ်းပေါ်တွင်လေလွင့်နေသည့် ကလေးများအတွက်ပါ ရည်ရွယ်၍ ဆောက်လုပ်ရခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၃ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းအောင်၏ မေးခွန်းကို ဝန်ကြီးက အထက်ပါတိုင်းဖြေကြားခြင်းဖြစ်သည်။

“ ကျောခင်းစရာနေရာ တစ်နေရာနဲ့ တစ်နေရာလေးကြားမှာ ရုန်းကန်နေရတဲ့ ကလေးသူငယ်တွေ စားစရာ ထမင်း တစ်နပ်နဲ့ တစ်နပ်ကြားမှာ ပင်ပင် ပန်းပန်း ရုန်းကန်နေရတဲ့ ဒီကလေးသူငယ်တွေအတွက် ဒီလိုလေး စီစဉ်ပေး မယ်ဆိုရင် အလွန်ကောင်းမွန်တာဖြစ်တယ်၊ ဒါကြောင့် ပြစ်ဒဏ်မကျသေးတဲ့ ကလေးသူငယ်များအတွက် ကျောင်းများဖွင့်ပေးလိုခြင်းရှိ မရှိ မေးမြန်းရခြင်းဖြစ်ပါတယ်” ဟု ဦးဝင်းအောင်က ဆိုသည်။

လူမှုဝန်ထမ်းဦးစီးဌာနတွင် လူငယ်သင်တန်းကျောင်း ၁၀ ကျောင်းဖွင့်လှစ်ထားပြီး လေလွင့်ကလေးငယ်များ၊ လမ်းပေါ်နေကလေးများ၊ ကလေးသူငယ်တရားရုံးမှ အမိန့်ချမှတ်၍ အကျင့်စာရိတ္တ ပြုပြင်ရန် ပို့အပ်လာသော ကလေးများ၊ ကလေးသူငယ်တရားရုံးတွင် ပြစ်မှုရင်ဆိုင်ဆဲ ကလေးများ၊ ကလေးသူငယ်ဥပဒေပုဒ်မ ၃၂ အရ ကာကွယ်စောင့်ရှောက်ရန် လိုအပ်သူများအား လက်ခံထားကြောင်းလည်း ဝန်ကြီးက ပြောသည်။
ae16f879bd0bd3d521c24e18fdadb5b0
ထပ်မံဖွင့်လှစ်မည့် ကျောင်း အသစ်များတွင် စာရိတ္တပြုပြင်ပေးခြင်း၊ ကျောင်းပညာရေး၊ အသက်မွေးဝမ်းကျောင်း ပညာများကို သင်ကြားပေးမည့်အပြင် အလုပ်အကိုင်အခွင့်အလမ်းများ ကိုလည်း ဖြည့်စီးပေးသွားမည်ဖြစ် ကြောင်းလည်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောသည်။

Written by ကိုပေါက်

Leave a Reply