မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်းတွင် ကလေးသူငယ် ဖွံ့ဖြိုးရေးဆိုင်ရာ ကျောင်းအခြေပြု မူလတန်းကြို ဆရာမအဖြစ် သင်တန်းကို UNICEF အဖွဲ့နှင့် ပြည်နယ်ပညာရေးဝန်ကြီးဌာနတို့ ပူပေါင်းကာ တစ်လသင်တန်း ဖွင့်လှစ်ခဲ့ကြောင်း သင်တန်းတက် ဆရာမများထံမှ သိရသည်။

ထိုသင်တန်းကို မော်လမြိုင်၊ ပေါင်၊ ကျိုက်မရော၊ ချောင်းဆုံ၊ မုဒုံ၊ သံဖြူဇရပ်၊ ရေးမြို့နယ်များမှ ဆရာမ ၁၃၀ ဦးကို သင်တန်းပို့ချပေးခဲ့ခြင်းဖြစ်ပြီး ဇန်နဝါရီ ၁၉ ရက်က သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ကြောင်း ၎င်းတို့ထံမှ သိရသည်။

“ကလေးတွေရဲ့ အခြေအနေ၊ ကလေးတွေရဲ့လိုအပ်ချက် ဒါမျိုးတွေ ရှိတယ်လို့ အဲဒါက သူတို့တွေကို ပြောပြသွားတယ်၊ ဆရာ၊ ဆရာမ ဆိုတာ ကလေးထိန်းတဲ့ ဆရာ မဟုတ်ဘူး၊ ကလေးတွေကို ကစားရင်းနဲ့ သင်ယူသွားတာ ဘယ်လိုသင်သွားမလဲဆိုတာ ဆရာမတို့က ဆွေးနွေးသွားတာပါ”ဟု ပြည်နယ်ပညာရေးမှူး ဦးစီးအရာရှိ ဒေါ်စန်းစန်းဌေးက ပြောသည်။

သင်တန်းတက်နေစဉ်အတွင်း လက်မှုအနုပညာလုပ်ငန်း၊ တီထွင်ဖန်တီး ပန်ချီး ၁၂ မျိုး၊ ပုံပြင်ပြောနည်း ၁၄ နည်းနှင့် သီချင်းကဗျာသင်နည်း အဆင့်ဆင့်တို့ကို ဆွေးနွေးမှုပုံစံဖြင့် သင်ကြားပးသည့် အပြင် ဆရာမ၊ မိဘ၊ ကျောင်းအုပ်ကြီး၊ မူကြိုကော်မတီနှင့် ရပ်ရွာမိဘများ မည်သို့ ပူးပေါင်းဆောင်ရွက်မည်ကို ဆက်လက် ဆွေးနွေးကြကြောင်း သိရသည်။

“လက်တွေ့ နယ်ပယ်ရဖို့ ကိုယ့်ကျောင်း ကိုယ့်ဒေသ မရောက်ခင်မှာ အတန်းပြ ဆင်းခိုင်းတယ်၊ သင်ခန်းစာ ပြင်ဆင်ခိုင်းတယ်၊ နေ့စဉ်အချိန်ဇယား၊ တစ်ပတ်စာ အချိန်ဇယားတွေ လုပ်ခိုင်းတယ်၊ ကလေးတွေနဲ့ သွားတွေ့တယ်၊ ပြန်လာတဲ့အခါကျရင် ကလေးတွေနဲ့ ဘယ်လိုအခက်အခဲတွေ ရင်ဆိုင် ခဲ့ရသလဲဆိုတာ ညပိုင်း ခုနှစ်နာရီမှာ ပြန်ပြီးဆွေးနွေးကြတယ်”ဟု ဒေါ်စန်းစန်းဌေးက ဆက်ပြောသည်။

ကလေးသူငယ်ဖွံ့ဖြိုးရေးဆိုင်ရာ ကျောင်းအခြေပြု မူလတန်းကြို ဆရာအဖြစ်သင်တန်း တက်နေစဉ်တွင် လက်တွေ့ သင်ကြားပို့ချပေးပြီး မော်လမြိုင်မြို့ပေါ်ရှိ ကျောင်း ၁၈ ကျောင်း၊ ကျိုက်မရောမြို့ရှိ ကျောင်း လေးကျောင်းနှင့် မုဒုံမြို့ရှိ ကျောင်း လေးကျောင်းမှ ကလေး အနည်းအများ ကိုင်တွယ်ပုံများကို လက်တွေ့ လေ့ကျင့်ပေးသည်ဟု ၎င်းက ဆိုသည်။

“သင်တန်းမတက်ခင်က ကျောင်းမှာဆရာမ လုပ်ခဲ့တာပေါ့နော်၊ ကလေးတွေကို ဘယ်လို သင်ကြား ပေးမယ် လို့လဲ မသိဘူး၊ ကလေးတွေ ကစားခြင်းနဲ့ သင်ယူလို့ရတယ်ဆိုတာလဲ ကျွန်မတို့မသိဘူး၊ ကလေးတွေ ကစားခြင်းနဲ့ သင်ယူတယ်ဆိုတာ ဦးနှောက်ဖွံ့ဖြိုးဖို့အတွက် အကျိုးရှိတာကို ဒီသင်တန်း တက်ပြီးမှ သိခဲ့ရတယ်”ဟု သင်တန်း တက်ရောက်ခဲ့သည့် ဆရာမ ဒေါ်တာတာက ပြောသည်။

ကလေးသူငယ် ဖွံ့ဖြိုးရေးဆိုင်ရာ ကျောင်းအခြေပြု မူလတန်းကြို ဆရာအဖြစ် သင်းတန်းဆင်းပွဲကို ပြည်နယ်ပညာရေးမှူး ဦးမျိုးတင်အောင်၊ ပြည်နယ်ပညာရေးမှူးရုံး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သီသီခိုင်နှင့် ဆရာ/ဆရာမများ တက်ရောက်ခဲ့ကြောင်း သိရသည်။

Written by –

Leave a Reply