Advertisements

ကသာ၊ အောက်တိုဘာ ၂၄ ရက်။

စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့တွင် ထားရှိမည့် ဗိုလ်ချုပ် မြင်းစီးရုပ်ထု၏ အောက်ခံဖောင်ဒေးရှင်း၌ ဗိုလ်ချုပ် အတ္ထုပတ္တိကို အင်္ဂလိပ်၊ မြန်မာစာနှစ်မျိုးဖြင့် ကျောက်စာ(၂)ချပ်ထည့်သွင်းရေးထိုးမည်ဖြစ်ကြောင်း ဗိုလ်ချုပ် ရုပ်ထုဖြစ်မြောက်ရေးကော်မတီမှ သိရှိရသည်။

အဆိုပါ ဗိုလ်ချုပ်အတ္ထုပတ္တိကို စကျင်ကျောက်ဖြင့် ကျောက်စာတစ်ချပ်လျှင် အနံ(၄)ပေ၊ အလျား(၆)ပေဖြင့် ရေးသွင်း၍ မှတ်တမ်းတင်ထားမည်ဖြစ်ပြီး မန္တလေးကျောက်ဆစ်လုပ်ငန်းအပ်နှံမည်ဖြစ်ရာ ကုန်ကျငွေ ကျပ်(၁၀)သိန်း ခန့်မှန်းထားကြောင်း သိရသည်။

“ဗိုလ်ချုပ်ရဲ့အတ္တုပတ္တိပါ ထည့်သွင်းရေးထိုးဖို့စီစဉ်ကြတယ်။လက်ရှိအောက်ခံဖောင်ဒေးရှင်းပြီးရင် မီးအလှဆင်၊ ဘေးက ပန်းအလှ၊ မြတ်ခင်းအလှအချောထည်နဲ့ မြေပြင်အလှဆင်စရာတွေ ရှိသေးတယ်။ အကုန်လုံးစည်းစည်း လုံးလုံးနဲ့ ဝိုင်းလုပ်ကြတယ်။ ကသာမြို့ရဲ့ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ တိုးတက်ဖွံ့ဖြိုးမှုနဲ့တစ်ကွ ကိုယ့်မြို့သမိုင်းမှာ အမှတ်တရအနေနဲ့ ကျန်ရစ်မယ့်ဆောင်ရွက်ချက်ပေါ့။”ဟု ဗိုလ်ချုပ်ရုပ်ထုဖြစ်မြောက်ရေးကော်မတီအဖွဲ့မှ အဖွ့ဲဝင် ဦးကျော်ဆွေက ပြောသည်။

အဆိုပါ ဗိုလ်ချုပ်မြင်းစီးရုပ်ထုကို မီတာ(၄၀၀)အားကစားကွင်းရှေ့ရှိ တြိဂံပန်းခြံနေရာတွင်ထုလုပ်ရန် စက်တင်ဘာ (၁၆)ရက်၌ ပန္နတ်ချခဲ့ပြီး အောက်ခံဖောင်ဒေးရှင်းကို စက်တင်ဘာ(၂၁)ရက်တွင် စတင်တည် ဆောက်၍ ဖောင်းဒေးရှင်းဘေးပန်းအလှထားရန် ပန်းခုံအဝိုင်းကို ယခုလကုန်အပြီးပြုလုပ်ပြီးပါက ဗိုလ်ချုပ်ရုပ် ထုကို နိုဝင်ဘာလတွင် မုံရွာမှ ပညာရှင်မှ စတင်ထုလုပ်မည်ဖြစ်သည်။

“ဗိုလ်ချုပ်ရုပ်ထုအတွက် နေ့စဉ်အလှူခံဌာနဖွင့်လှစ်ပြီး အလှူခံပါတယ်။ အလှူငွေများကို ဘဏ်မှာ အပ်နှံထားပြီး လိုအပ်ရင်အားလုံးစာရင်းနဲ့တစ်ကွ ထုတ်ယူသုံးစွဲပါတယ်။ ခုရက်ပိုင်းအလှူငွေရရှိတာတော့ နည်းနေပါတယ်။”ဟု ဗိုလ်ချုပ်ရုပ်ထုဖြစ်မြောက်ရေးအလှူခံဌာနမှ ဒေါ်ညိုရည်ဇော်က ပြောသည်။

အဆိုပါ ဗိုလ်ချုပ်မြင်းစီးရုပ်ထုကို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလတွင် ပြီးစီးရန်ခန့်မှန်းထားပြီး ဗိုလ်ချုပ်မွေးနေ့ မတိုင်မီ လုပ်ငန်းဆောင်ရွက်ချက်ဆိုင်ရာများအားလုံး ပြီးစီးနိုင်ရန်ရည်ရွယ်ထားကြောင်း သိရသည်။

Written by – MMK

Advertisements
<

Leave a Reply