Advertisements

ကမ္ဘာပေါ်တွင် ယခုလက်ရှိအဖြစ်များနေသော ရောဂါတွင် ဆီးချိုသွေးချိုရောဂါသည် ကင်ဆာရောဂါများနှင့်အတူ ဖြစ်ပွားမှုနှုန်းများကြောက်ခမန်းလိလိတိုးတက်လာသည်။ နေထိုင်မှုပုံစံနှင့်အတူ နည်းပညာခေတ်၏ထိုင်ရာကမထလွယ်လင့်တကူ လုပ်ဆောင်နိုင်သောခေတ်တွင် မကူးစက်နိုင်သော (Non Communicable Diseases-NCD )ရောဂါများ၏စာရင်းဇယားသည်ကား တိုးပွားလာသည်။ အဝလွန်ခြင်းမှစကာ ဆီးချိုသွေးချိုနှင့်သွေးတိုးအလယ် အခြားသောစိတ်ဓာတ်ကျခြင်းနှင့် စိတ်ပိုင်းဆိုင်ရာရောဂါအဆုံးဖြစ်ပွားတော့သည်။ ဆီးချိုသွေးချိုရောဂါသည် သေဆုံးမှုနှင့်ထိခိုက်မှုအမြင့်ဆုံးသောရောဂါဖြစ်သည်။ ၂၀၁၅ ခုနှစ်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO-world health organization )ရဲ့စာရင်းဇယားအရ ၄၁၅ သန်းသည် ဆီးချိုသွေးချိုရောဂါကိုခံစားနေရကာ နှစ်စဉ် တစ်သန်းခွဲမှ ငါး သန်းအထိ လူနာအသစ်များတိုးပွားလာသည်။ ထို့အပြင် ဆီးချိုရောဂါ၏နောက်ဆက်တွဲဆိုးကျိုးများကြောင့် သေဆုံးမှုအများဆုံးသောအခြေအနေတွင်တည်ရှိနေသည်။

ဆီးချိုသွေးချိုဆိုသည်မှာ သွေးထဲတွင်သကြားဓာတ်ပမာဏ ရှိသင့်သည်ထက်ပိုမိုများပြားနေခြင်းဖြစ်သည်။ သွေးထဲတွင်သကြားဓာတ်များသောအခါတွင် ဆီးထဲတွင်ပင်သကြားဓာတ်များလျှံကျလာသောသဘောဖြစ်သည်။ ထိုရောဂါ၏အဓိကအကြောင်းအရင်းမှာ သွေးထဲရှိသကြားဓာတ်ကိုထိန်းညှိပေးနေသောဟော်မုန်းတစ်မျိုး အင်ဆူလင် (Insulin) ကြောင့်ဖြစ်သည်။ အင်ဆူလင်ကို အဓိကအားဖြင့် ပန်ကရိယ(pancrease)မှထုတ်ပေးသည်။ ထို့ကြောင့် ပန်ကရိယတွင်ရောဂါဖြစ်လျှင် ဆီးချိုသွေးချိုရောဂါဖြစ်ပွားတတ်သည်။

သွေးထဲရှိသကြားဓာတ်သည် ပုံမှန်နေထိုင်မှုပုံစံတွင် သာမန်သာရှိတတ်သည်။ တစ်ခါတစ်ရံ အလုပ်ကြမ်းနှင့်ချွေးထွက်များသောအလုပ်များနှင့် ကိုယ်ဝန်ဆောင်ချိန်များတွင် သကြားဓာတ်သည်များနေတတ်သည်။သို့သော်ထိုအခြေအနေသည် ပုံမှန်အခြေအနေသာဖြစ်သည်။ အေးဆေးစွာအနားယူ၍ အစားအသောက်ဂရုစိုက်လျှင်မူ မူလပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိနိုင်သည်။ ဆီးချိုသွေးချိုရောဂါကို အဓိက နှစ်မျိုးခွဲခြားထားသည်။ ထိုအမျိုးအစားကို အင်ဆူလင်ပေါ်မူတည်၍ ခွဲခြားသည်။ Type 1 DM ဟုခေါ်သော သွေးချိုရောဂါအမျိုးအစား နံပါတ် တစ်သည် အများအားဖြင့် မွေးရာပါဖြစ်ကာ မျိုးရိုးလိုက်တတ်သည်။ ပန်ကရိယမှ လုံလောက်သောအင်ဆူလင်ပမာဏမထုတ်ပေးနိုင်ခြင်း သို့မဟုတ် လုံးဝမထွက်သောအခြေအနေကိုဆိုလိုသည်။ ထိုသူများအတွက် ကုသနည်းမှာ ပြင်ပမှအင်ဆူလင် ကိုထိုးထည့်ရုံသာရှိတော့သည်။

ဒုတိယအမျိုးအစား Ttpe 2.DM မှာမူ လူမျိုးမရွေး၊ ဘာသာမရွေး အသက်လေးဆယ်ကျော်နောက်ပိုင်းတွင်ဖြစ်ပွားနိုင်သည်။ လှုပ်ရှားမဲ့သောလူနေမှု၊ အသင့်သုံးအစားအစာများနှင့် အဝလွန်ခြင်းများ၊ အစားအသောက်ပုံစံများကြောင့်ဖြစ်သည်။ ဒုတိယအမျိုးအစားတွင် ခန္ဓာကိုယ်မှအင်ဆူလင်ပမာဏသည် သင့်တော်သောပမာဏဖြစ်သော်လည်း သွေးထဲတွင် သကြားဓာတ်များပိုမိုများပြားနေသည်။ ထိုအခြေအနေတွင် နောက်ဆက်တွဲရောဂါကိုပိုမိုခံစားရတတ်သည်။ ပုံမှန်သွေးထဲတွင် သကြားပမာဏသည် အစားမစားမီနံနက်စောစောတွင် (Fasting Blood Sugar level-FBS ) သည် 126mg/dl၊ အစာစားပြီးနှစ်နာရီနောက်ပိုင်း တိုုင်းသောပမာဏ (2HPP- 2hour post parundal)သည် 200mg/dl.ကြိုက်သောအချိန်တွင်ဖောက်သောပမာဏ (Random Blood Sugar-RBS) 180mg /dl ထက်နည်းရမည်။ ထိုပမာဏများထက်များပြားလျှင်မူ သွေးချိုဆီးချိုရောဂါကို ခံစားနေရပြီးဖြစ်သည်။ သွေးချိုဆီးချိုရောဂါသည် မျိုးရိုးလိုက်တတ်ကာ အသက်လေးဆယ်ကျော်လျှင်ဖြစ်တတ်သည်။ အသက်လေးဆယ်မတိုင်ခင်အရွယ်တွင် အမျိုးသားများတွင် ရောဂါဖြစ်နိုင်ခြေမြင့်ကာ အသက်လေးဆယ်ကျော် သွေးဆုံးသောအရွယ်တွင် အမျိုးသား အမျိုးသမီး ရောဂါဖြစ်ပွားနှုန်းသည် အတူတူသာဖြစ်သည်။ ဆီးများများထွက်ကာ ရေများများသောက်ခြင်း၊ မူးဝေခြင်း၊ ချွေးစေးများခဏခဏထွက်ခြင်းနှင့် လေးလံထိုင်းမှိုင်းခြင်းတို့သည် သွေးချိုဆီးချိုရောဂါ၏ ကနဦးလက္ခဏာများဖြစ်သည်။ ထို့အပြင်နောက်ဆက်တွဲရောဂါများကို ဖြစ်ပွားစေသည်။

ကျောက်ကပ်ပျက်ခြင်း၊ အသဲအဆီဖုံးခြင်းနှင့် နှလုံးသွေးကြောကျဉ်းခြင်း၊ ကြွက်သားများကာ တစ်ကိုယ်လုံးနာကျင်ခြင်းနှင် ပိုးခဏခဏဝင်ကာ ခန္ဓာကိုယ်အနှံ့အပြားတွင် အနာများဖြစ်ပေါ်နိုင်သည်။ ဆီးချိုရောဂါသည် မကူးစက်တတ်ကာ ကာကွယ်နိုင်သောရောဂါဖြစ်သည်။ ထို့အပြင်နောက်ဆက်တွဲဆိုးကျိုးများကို ကာကွယ်နိုင်သည်။ အသီးအရွက်ကိုအများအပြားစားသုံးခြင်း၊ ရေများများသောက်ခြင်းနှင့် ချွေးထွက်နည်းသော ကျန်းမာရေးလိုက်စားမှုမျိုးသည် ဆီးချိုသွေးချိုရောဂါကိုကာကွယ်နိုင်သည်။ ယခုအခါ ကျွန်တော်တို့နိုင်ငံတွင်ပင် ဆီးချိုဖြစ်ပွားနှုန်းမြင့်တက်လာသည်။ ထို့ကြောင့် ဆီးချိုသွေးချိုနှင့် ဟော်မုန်းဌာနကိုတည်ထောင်ကာ ဆီးချိုကာကွယ်ရေးများလုပ်ဆောင်နေကြသည်။ ထို့ကြောင့် ကာကွယ်ရေးသည် ကုသရေးထက်ပိုမိုအကျိုးသက်ရောက်မှုရှိသည်ဆိုသည့်အတိုင်းသွေးချိုဆီးချိုရောဂါ မခံစားရအောင် သင့်တင့်မှျှတသော လူနေမှုပုံစံနှင့် အစားအသောက်ပုံစံကိုပြုပြင်ကာ ဆီးချိုသွေးချိုရောဂါကိုကာကွယ်နိုင်ပါစေကြောင်း နှစ်သစ်မင်္ဂလာတွင်ဆုမွန်ကောင်းတောင်းအပ်ပါသည်။

Written by ဒေါက်ဦး(မွန်)

ref: wikipaedia, WHO.org,

Advertisements
<

Leave a Reply