ကာကွယ်ခြင်းသာ ကိုယ်ပိုင်လက်နက်

 

လိင်အကြမ်းဖက်မှု၊ မုဒိမ်းမှုဆိုသည်နှင့် အထင်သေးဖွယ်၊ စက်ဆုပ်ရွံရှာစဖွယ်၊ မသတီစရာ၊ အော့နှလုံးနာစရာ လုပ်ရပ်အဖြစ် လူ့ပတ်ဝန်းကျင်က သတ်မှတ်ဖဲကြဉ်ထားပြီး ဖြစ်သည်။

ထိုအထဲတွင်မှ ယခု ဆယ်စုနှစ်ပိုင်းတွင် မကြာခဏဆိုသလို ကြားသိလာရသော သက်ငယ်မုဒိမ်းမှုဆိုသည်ကတော့ ဖွင့်ဆိုဖွယ်မရှိပြီ။

၁၆နှစ်အောက်အရွယ် ကလေးသူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရမှုကို သက်ငယ်မုဒိမ်းမှုဟု ခေါ်ဆိုကြရာ မွေးကင်းစ အရွယ်က စ အသက် ၁၆ နှစ်မတိုင်မီ အရွယ်အပိုင်းအခြားအပေါ် ပန်းကောင်း အညွန့်ချိုး ယုတ်မာနိမ့်ကျလွန်းသည့် တိရစ္ဆာန်အပြုအမူလုပ်ရပ်ဟူ၍သာ ဆိုဖွယ်ရှိတော့သည်။

သက်ငယ်မုဒိမ်းမှု ဖြစ်ပွားရန် တွန်းအားပေးသည့် အချက်များမှာလည်း အင်မတန် ရိုးတာလှသည်ဆိုသော်လည်း တနည်းအားဖြင့်တော့ အံ့သြထိတ်လန့်စဖွယ်၊ သတိပြုဆင်ခြင်ဖွယ်လည်း ရှိပြန်သည်။

အနေနီးစပ်ခြင်းနှင့် ယုံကြည်မှုလွန်ကဲခြင်းတို့ပင်။

အဖော်မဲ့သွားလာခြင်း၊ ဖြားယောင်းသွေးဆောင်ခြင်း၊အခွင့်အရေးရခြင်းဆိုပြီး အကြောင်းရင်းများစွာလည်း ရှိနေသည်။

ပြည်နှင့်အဝှမ်းတွင် ၂၀၁၄ မှ ၂၀၁၆ အတွင်း သုံးနှစ်တာ စောင့်ကြည့်လေ့လာချက် စစ်တမ်းအရ ယခုလို တွေ့ရှိရသည်။

အနေနီးစပ်ခြင်းကြောင့် ဖြစ်ပွားခဲ့ရသည့် မုဒိမ်းမှုပေါင်း ၃နှစ်အတွင်း ၁၂၃ မှု၊ ယုံကြည်မှုလွန်ကဲခြင်းကြောင့် ဖြစ်ပွားရသည်မှာ ယင်းကာလအတွင်း ၁၅၉ မှု၊ အဓမ္မပြုကျင့်ခြင်းကြောင့် ၄၃၈ မှု၊ အဖော်မဲ့သွားလာခြင်းကြောင့် ၉၃မှု၊ ဖြားယောင်းသွေးဆောင်ခြင်းကြောင့်၂၅၆ မှု၊ အခွင့်အရေးရခြင်းကြောင့် ၁၁၅မှု ဖြစ်ပွားခဲ့ကြောင်း စာရင်းဇယားများတွင် လေ့လာတွေ့ရှိနိုင်ကြမည်ဖြစ်သည်။

.ခြုံငုံသုံးသပ်ရသော် ဖော်ပြပါ ၃နှစ်အတွင်းမှာ ဖြစ်ပွားခဲ့သော မုဒိမ်းမှုပေါင်းဟာဆိုရင် ၁၁၈၄မှု ရှိခဲ့ရာ ပန်းကောင်းအညွန့်ချိုးခံရသူ ဦးရေ ထောင်ချီ ရှိခဲ့သည်ဟု ဆိုရန် အကြောင်းရှိသည်။

ကျူးလွန်သူနှင့် ကျူးလွန်ခံရသူအကြား တော်စပ်မှုကို လေ့လာရာတွင် ဖခင်အရင်း၊ပထွေး၊ဆွေမျိုးနှင့် သူစိမ်းဟူ၍ လေးမျိုးလေးစား တွေ့ရသည်။ စောင့်ကြည့်လေ့လာခဲ့သည့် သုံးနှစ်တာကာလအတွင်း အမှု ၁၀၀၀ ကျော်တွင် ပြုကျင့်သူများမှာ ဖခင်အရင်းက ၅၄ မှု၊ ပထွေး ၆၂မှု၊ ဆွေမျိုးတော်စပ်သူက ၉၃ မှု ကျူးလွန်ခဲ့သည်တွေ့ရှိရပြီး သူစိမ်းက ၉၇၅ မှု ရှိကြောင်း သိရသည်။

သိသာလွယ်သည့် ခန္ဓာကိုယ်ပြင်ပသန္တာန် ဆိုးကျိုးများအပြင် တိုင်းတာမရသည့် စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ တရစပ် ပေါ်ပေါက်လာနိုင်သည့် သက်ငယ်အပါအဝင် မုဒိမ်းမှုများကို ကာကွယ်တားဆီး ဟန့်တားရန်မှာ မည်သူ့တွင် တာဝန်ရှိသည်ကို ယခုဖော်ပြခဲ့သည့် ကိန်းဂဏန်းများက ထင်းကနဲ ရှင်းလင်းထင်ရှားပြီးဖြစ်ရာ အကျယ်တဝင့် ဆိုရန် မရှိပြီ။

ကာကွယ်ခြင်းသည်သာ အထိရောက်ဆုံး အစွမ်းထက်ဆုံး ကိုယ်ပိုင်လက်နက်အဖြစ် စွဲကိုင်လျက် အသိ သတိကိုယ်စီကိုယ်ငှဖြင့် ပန်းကောင်းအညွန့်ကျိုး၊ ရေတိမ်နစ်ခြင်း ဖြစ်စဉ်များအတွက် ဝိုင်းဝန်းအဖြေရှာကြရန် လိုအပ်ပါကြောင်း ဟင်္သာက တိုက်တွန်းရေးသားလိုက်ရပေသည်။

အယ်ဒီတာ

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.