မော်လမြိုင်၊ ဇန်နဝါရီ ၂

ကျိုက်ထိုမြို့နယ်၊ ပျဉ်းမစခန်းကျေးရွာရှိ ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းမကြီးပေါ်တွင် ဇန်နဝါရီ ၂ ရက် နေ့လယ် ၁၁ နာရီခန့်က လမ်းမဘေး၌ ရပ်ထားသော HiJet ကားတစ်စီး မီးလောင်မှုဖြစ်ပွားခဲ့သည်။

“HiJet ကားကို ရပ်ပြီး ကားဘေးနားမှာ ဖုန်းပြောနေတာတဲ့။ အဲဒီမှာဖုန်းပြောနေရင်းနဲ့မှ ကားရဲ့ ညာဘက်အနောက်ဘီးကနေပြီး မီးထလောင်တာ”ဟု အခင်းဖြစ်နေရာသို့ ရောက်ရှိခဲ့သည့် ကျိုက်ထိုမြို့မရဲစခန်းမှ တပ်ကြပ် ကျော်မင်းထွန်းက ပြောဆိုသည်။

ကားမီးလောင်မှုကို ရပ်ကွက်နေ ပြည်သူများက ဝိုင်းဝန် ငြိမ်းခဲ့ကြောင်း၊ ထိုသို့ ဖြစ်ပွားနေမှုကြောင့် ကားသမားမှာ အနီးနားရှိ နေအိမ် အနောက်ခြံပေါက်ကနေ ထွက်ပြေး တိမ်ရှောင်သွားကြောင်း ၎င်းက ပြောသည်။

ထိုကားမီးလောင်မှုသည် ကားဘထ္ထရီ ငုတ်ချောင်း မီးပွားထွက်ရာမှ တဆင့် မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မည်သူမျှ ထိခိုက် ဒဏ်ရာ ရရှိခဲ့ခြင်းမရှိကြောင်း၊ မီးလောင်မှုကြောင့် ကားပျက်စီး ဆုံးရှုံးမှု တန်ဖိုးမှာ သိန်း ၂၀ ခန့် ရှိကြောင်း ကျိုက်ထိုမြို့မရဲစခန်း မှတ်တမ်းတွင် ဖော်ပြထားသည်။

မော်တော်ယာဉ် မီးလောင်ကျွမ်းမှုကြောင့် ထွက်ပြေးတိမ်းရှောင်သွားသည့် အမည်မသိ ယာဉ်မောင်းကို ကျိုက်ထိုမြို့မရဲစခန်း တွင် (ပ) ၅/ ၂၀၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ အရ အမှုဖွင့် အရေးယူထားကြောင်း ယင်းစခန်းမှ သိရသည်။

Written by ခေတ်မင်း

Leave a Reply