Advertisements

လိင်တူချစ်သူတစ်ဦးဖြစ်ခြင်းကြောင့် လုပ်ငန်းခွင်အတွင်း ခွဲခြားဆက်ဆံခံရသဖြင့် အဆုံးစီရင်ခဲ့သည်ဆိုသော ကိုကျော်ဇင်ဝင်းအမှုတွင် လူ့အခွင့်အရေးကော်မရှင်၏ စစ်ဆေးတွေ့ရှိချက်ကို  တရားဝင်ကြေညာချက် ထုတ်ပြန်ပေးရန် လိင်တူချစ်သူအရေး တက်ကြွလှုပ်ရှားသည့် အဖွဲ့အစည်းများက သြဂုတ်လ ၂၆ ရက်တွင် ရန်ကုန်မြို့၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ တောင်းဆိုလိုက်သည်။

အသက် ၂၆ နှစ်အရွယ် ကိုကျော်ဇင်ဝင်းသည် ရန်ကုန်မြို့ ဒဂုံမြို့နယ်ရှိ MIU (Myanmar Imperial University) ပုဂ္ဂလိကကျောင်း တွင် စာကြည့်တိုက်မှူးအဖြစ် လုပ်ကိုင်နေရင်း ဇွန်လ ၂၄ ရက်နေ့တွင် ကိုယ့်ကိုယ့်ကိုယ် အဆုံးစီရင်ခဲ့သည်။

လုပ်ငန်းခွင်တွင် လုပ်ဖော်ကိုင်ဖက်များက ၎င်း လိင်တူချင်းစိတ်ဝင်စားမှုအပေါ် လှောင်ပြောင်ကြောင်း၊ ခွဲခြားဆက်ဆံကြောင်းကို သေကြောင်းမကြံစည်မီ လူမှုကွန်ရက် စာမျက်နှာပေါ်၌ အထောက်အထားအချို့ဖြင့် ရေးသားခဲ့သည်။

ထိုအမှုကို မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်က စုံစမ်းစစ်ဆေးပြီးဖြစ်ကာ ကြေညာချက် မထုတ်ပြန်ဘဲ အမှု၏အစီရင်ခံစာကို နိုင်ငံတော်သမ္မတရုံးသို့ ပေးပို့ထားကြောင်း ကော်မရှင်၏ ပြောရေးဆိုခွင့်ရှိသူ ဦးယုလွင်အောင်က ပြောသည်။

“မေးလာတဲ့အခါမှသာ ဖြေလိုက်ပါလို့ ကော်မရှင်က တာဝန်ပေးတော့ အန်ကယ်လည်း အဲဒီလိုပဲ လုပ်ရတာပေါ့။ ထုတ်ပြန်တာနဲ့ ဦးယုလွင်အောင် ဖြေတာနဲ့ တူတူပဲပြောလို့။ သဘောက … တချို့ဟာတွေက အများပြည်သူ သိအောင် လုပ်လိုက်ကာမှ ပိုစာရင်း ရှုပ်တယ်။ အဲဒီတော့ အန်ကယ်တို့က သိသင့်သိထိုက်သလောက်ကိုပဲ ပြောမယ်ပေါ့။ ရုံးပိုင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းအရ ဒီလိုပဲ လုပ်ရမယ်” ဟု ဦးယုလွင်အောင်က Myanmar Now ကို ယနေ့တွင် ပြောသည်။

မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်အနေဖြင့်  အဆိုပါအမှုကို စုံစမ်းစစ်ဆေးပြီးနောက် ကိုကျော်ဇင်ဝင်းမှာ လိင်တူစိတ်ဝင်စားသူဖြစ်သောကြောင့် ခွဲခြားဆက်ဆံခံရကာ သေကြောင်းကြံစည်ခြင်းမျိုး မဟုတ်ဘဲ အလုပ်တာဝန် မကျေပွန်၍ အထက်လူကြီးက ဆူသည်ကို စိတ်အားငယ်ကာ သေကြောင်းကြံစည်ကြောင်း မီဒီယာများထံ ရှင်းလင်းခဲ့သည်။

ကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးယုလွင်အောင်အနေဖြင့် ကိုကျော်ဇင်ဝင်းမှာ ငယ်စဉ်ကတည်းက စိတ်အားငယ်တတ်သူဖြစ်ကြောင်း၊ “Mentally Weak” (စိတ်အားငယ်) ကြောင်း စသည့် စကားရပ်များကို သုံးကာ မီဒီယာထံ ဖြေကြားခဲ့သည့်အပေါ် လိင်တူချစ်သူများအရေး တက်ကြွလှုပ်ရှားသည့် အဖွဲ့အစည်းများက လက်မခံကြောင်း ဆိုသည်။

ထို့ကြောင့် ကိုကျော်ဇင်ဝင်းသေဆုံးမှုနှင့် ပတ်သက်၍ ကော်မရှင်၏ စုံစမ်းသိရှိရချက်များကို အများပြည်သူ သိစေရန် ကြေညာပေးရန် လူ့အခွင့်အရေးဆိုင်ရာ သင်တန်းများ၊ ပညာပေးအစီအစဉ်များ ပေးနေသည့် Equality Myanmar အဖွဲ့အပါအဝင် လိင်တူချစ်သူအရေး တက်ကြွလှုပ်ရှားသည့် အဖွဲ့အစည်းများက တောင်းဆိုသည်။

“အပြည့်အစုံ မထုတ်သည့်တိုင်အောင် ဘယ်သူနဲ့ တွေ့ပါတယ်။ သူတို့ရဲ့ ခြုံငုံလေ့လာသုံးသပ်ချက်က ဘာလဲ။ ဘယ်အချက်တွေကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှု မမြောက်ဘူးလဲ။ ကျောင်းကို သူတို့ ဘာ အကြံဉာဏ်တွေ ပေးလဲ။ အစိုးရကို ဘာ အကြံဉာဏ်တွေ ပေးလဲ။ ကျော်ဇင်ဝင်းကိစ္စက လူအများ စိတ်ဝင်စားတဲ့ ကိစ္စဖြစ်တယ်။ မီဒီယာကို သူတို့ ပြောတဲ့ အချက်ကိုပဲကြည့်ပြီး သူတို့ ရပ်တည်ချက်က ဘာလဲ ဆိုတာ သုံးသပ်ရတယ်” ဟု ဦးအောင်မျိုးမင်းက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်အနေဖြင့် ကိုကျော်ဇင်ဝင်း သေဆုံးမှုနှင့် ပတ်သက်၍ ဇွန်လ ၂၈ ရက်မှ စတင်ကာ MIU ကျောင်း တည်ထောင်သူ အပါအဝင် ဝန်ထမ်း ၁၅ ဦး၊ ကိုကျော်ဇင်ဝင်း၏ မိသားစုဆွေမျိုး ၄ ဦး၊ သေဆုံးမှုအား စစ်ဆေးပေးခဲ့သည့် ဆရာဝန် တစ်ဦး၊ တိုင်ကြားသည့် LGBT (လိင်တူချစ်သူ) နှစ်ဦး၊ ကျော်ဇင်ဝင်း၏ သူငယ်ချင်း အမျိုးသမီး တစ်ဦးတို့ကို စုံစမ်းစစ်ဆေးခဲ့ကြောင်း ဧရာဝတီသတင်းဌာနသို့ သြဂုတ်လ ၁၆ ရက်က ဖြေကြားခဲ့သည်။

ကိုကျော်ဇင်ဝင်းသည် စိတ်အားငယ်တတ်သည့် ကလေးဖြစ်ခြင်းကြောင့် ယခုလို အဆုံးစီရင်သွားသည်ဟု ကော်မရှင်က သုံးသပ်ရာ ကျောင်းအနေဖြင့် နောက်နောင် ဝန်ထမ်းများ ခန့်မည်ဆိုပါက စိတ်ပညာရှင်များဖြင့် စစ်ဆေးပြီးမှ လက်ခံရန်၊ စိတ်တက်ကြွသူဖြစ်စေ၊ စိတ်အားငယ်တတ်သူများကို ဖြစ်စေ ထိန်းထိန်းသိမ်းသိမ်း ဆက်ဆံရန်နှင့် ပုံမှန်ဆေးစစ်မှုများ ပြုလုပ်ပေးရန်ဟုလည်း အကြံပြုထားကြောင်း အဆိုပါသတင်းဌာနကို ဦးယုလွင်အောင်က ဖြေကြားခဲ့ခြင်း ဖြစ်သည်။

Advertisements
<

Leave a Reply