Photo - Internet

ရန်ကုန် သြဂုတ် ၃၀
စောဇင်မောင်

ရခိုင်ပြည်နယ်တွင် ယခုလအစောပိုင်းကစ ကူးစက်ပြန့်ပွားလာသော ကိုဗစ် – ၁၉ ကပ်ရောဂါကြောင့် လာမည့် ရွေးကောက်ပွဲအပေါ် ထိခိုက်မှု များစွာရှိလာမည်ကို စိုးရိမ်ပူပန်ကြောင်း ရခိုင်ပါတီနှစ်ခုက ပြောဆိုလိုက်သည်။

“ရခိုင်ပြည်နယ်မှာ ရှိတဲ့ မြို့နယ်တော်တော်များများမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုများနေတာကြောင့် အခက်အခဲတွေ ဖြစ်နေတယ်။ မဲဆွယ်စည်းရုံးတာတွေက အစပေါ့၊ ပါတီအလိုက်ပေါ့နော်။ အခုလို ကူးစက်မှု စတာ ဘဏ်ဝန်ထမ်းကလို့ ပြောပေမဲ့ ကျွန်တော်က အဲလို မမြင်ဘူး။ စျေးက စကူးတယ်ဆိုတာလည်း မယုံဘူး။ အဓိကပြဿနာက နယ်စပ်ဝင်ပေါက်ပြဿနာရယ်၊ ခိုးဝင်ခိုးထွက် လုပ်နေတဲ့သူတွေကြောင့် အခုလို ဖြစ်နေတာလို့ပဲ သုံးသပ်တယ်”ဟု ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ ဥက္ကဋ္ဌ ဦးအေးကြိုင်က ပြောသည်။

ထို့ပြင် သွားလာရေးခက်ခဲမှုကြောင့် မဲစည်းရုံးမှုကအစ အခက်အခဲဖြစ်နေ၍ ရွေးကောက်ပွဲအတွက် စိုးရိမ်နေခြင်းဖြစ်ပြီး ပါတီအနေအထားဖြင့် ဆောင်ရွက်ပေးခွင့် မရှိကြောင်း ဖြည့်စွက်ပြောသည်။

“ပါတီဝင်တွေကို ကိုဗစ်ကပ်ရောဂါ ဆောင်ရွက်တဲ့နေရာမှာ ပါတီပုံစံနဲ့ မပြုလုပ်စေဘဲ ပြည်သူတွေနဲ့ ရောနှောပြီး ဆောင်ရွက်စေတာ ဖြစ်ပါတယ်”ဟု ပြောသည်။

ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဦးသာထွန်းလှကလည်း ကိုဗစ်ကပ်ရောဂါကြောင့် အခက်အခဲ ဖြစ်နေရပြီး ယခင်၂၀၁၅ ရွေးကောက်ပွဲအတိုင်း ရင်ဆိုင်နိုင်ဖို့ အခွင့်အလမ်းနည်းသွားကြောင်း မှတ်ချက်ပြုသည်။

“အသွားအလာတွေ ကန့်သတ်ပိတ်တာ အိမ်မှာပဲ နေရတယ်။ ပြည်သူတွေကို မဲဆွယ်စည်းရုံးဖို့ လုပ်ဖို့တောင် မဖြစ်နိုင်သလို ဖြစ်နေတယ်။ အခက်အခဲတွေက အများကြီးပါ။ အခုလို ဖြစ်ပေါ်နေတာက ၂၀၁၅ အထွေထွေရွေးကောက်ပွဲကလိုတော့ ဆောင်ရွက်နိုင်ဖို့ အခွင့်အရေး နည်းသွားပြီ”ဟု ဆိုသည်။

ရခိုင်ပြည်နယ်တွင် ကိုဗစ်ကပ်ရောဂါကူးစက်မှုမှာ သြဂုတ် ၁၆ တွင် စတင်ခဲ့ပြီး တစ်ပတ်အတွင်း ပိုးတွေ့လူနာသစ် ၃၀၀ ကျော် ရှိလာခဲ့ပြီဖြစ်ကြောင်း အစိုးရထုတ်ပြန်ချက်များအရ သိရသည်။

Photo – Internet

Leave a Reply