ရိုးဂုဏ်
ရန်ကုန်၊ စက်တင်ဘာ ၂၁

ကိုဗစ်ကူးစက်မှုကို လျှော့ချနိုင်ဖို့အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်း အချို့ စက်ရုံအလုပ်ရုံများကို ရက်သတ္တ ၂ ပတ်ပိတ်ဖို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ရာ ယင်းပိတ်ရက်များအတွက် အလုပ်သမားများကို လူမှုဖူလုံရေးဥပဒေနှင့်အညီ လုပ်ခခံစားခွင့်ပြုမည် ဖြစ်သည်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက “ လူမှုဖူလုံရေး အာမခံထည့်ဝင်ထားတာမရှိတဲ့ အလုပ်သမားတွေအတွက်လည်း နိုင်ငံတော်အစိုးရက ထောက်ပံ့ပေးဖို့စီစဉ်နေ သလို လုပ်ငန်းရှင်တွေဘက်ကလည်း ပူးပေါင်းထောက်ပံ့ပေးဖို့ လိုပါတယ်” ဟု ပြောကြားခဲ့သည်။

Covid – 19 ရောဂါနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် UMFCCI တာဝန်ရှိသူများနှင့် Video Conference ဆွေးနွေးပွဲမှာ ဝန်ကြီးက ယခုလို တိုက်တွန်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ကိုဗစ် ပထမ လှိုင်းကာလက စက်ရုံ၊ အလုပ်ရုံများ ပိတ်ခိုင်းခြင်းနှင့် ပတ်သက်ပြီး လုပ်ငန်းစဉ် ရှုပ်ထွေးမှုများ၊ အမိန့်ကြေငြာချက်များ မရှင်းလင်းမှုများကြောင့် အလုပ်သမား အများစုမှာ လုပ်ငန်းခွင်တွင် ခက်ခဲမှုများ ကြုံတွေ့ခဲ့ရသည်။

ရန်ကုန်တိုင်းဒေသကြီးရှိ အဖွဲ့စည်းများ၊ ကုမ္ပဏီများ အနေဖြင့် အိမ်မှာပဲနေပြီး အလုပ်လုပ်ရန်၊ ကုန်ကြမ်းယူ၊ ကုန်ကြမ်းပေးဆောင်ရွက်သည့် လက်ခစားCMP စက်ရုံ၊ အလုပ်ရုံများမှာ လုပ်ကိုင်နေသူများအတွက် စက်တင်ဘာ ၂၄ ရက်မှ အောက်တိုဘာ ၇ ရက် အထိ လုပ်ငန်းခွင် ပိတ်ပေးရန် ကျန်းမာရေးဝန်ကြီးဌာနက စက်တင်ဘာ ၂၀ ရက်က ကြေငြာခဲ့သည်။

Leave a Reply