ရန်ကုန် သြဂုတ် ၃၀
ရိုးဂုဏ်

ကပ်ရောဂါ ကူးစက်ပြန့်ပွားနှုန်းမြင့်တက်လာသည်နှင့်အညီ လူမှုဘဝပုံစံ၊ နေထိုင်သွားလာမှုဟန်ပန်များလည်း မသိမသာရော သိသိသာသာပါ ပြောင်းလဲလျက်ရှိနေရာ လူစုလူဝေးပြုလုပ်ခြင်းကို ရှောင်ရှားရသည့် Covid-19 ကပ်ရောဂါကြောင့် ဗြူတီပါလာ ဝန်ဆောင်မှုများကို အိမ်အရောက်ဝန်ဆောင်မှုပေးခြင်းဖြင့် ပုံစံပြောင်းလဲ လုပ်ကိုင်နေရကြောင်း အဆိုပါဝန်ဆောင်မှုလုပ်ငန်းရှင်များထံမှ သိရသည်။

သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏရှိ နဒီ အလှပြင်ဆိုင်ပိုင်ရှင် မယွန်းနဒီက “ဆိုင်လည်း ဖွင့်တယ်။ အိမ်တွေကိုလည်း လိုက်လုပ်ရတယ်။ ဆိုင်ကို လူတွေ သိပ်မလာကြတော့ဘူး။ အဓိက ရောဂါကြောင့်ပေါ့။ ကိုယ်တိုင်မှာလည်း အဲဒီ စိုးရိမ်စိတ် ရှိတယ်” ဟု ဆိုသည်။

ယခင်က ပွဲအခမ်းအနားများအတွက်သာ အိမ်အရောက် ဝန်ဆောင်မှုမျိုး ပေးလေ့ရှိသော်လည်း ကိုဗစ်ရောဂါပိုး ဒုတိယလှိုင်း စတင်လာချိန်တွင် ခေါင်းလျှော်ပေးခြင်းကဲ့သို့ အသေးစားဝန်​ဆောင်မှုအလုပ်များကိုပါ အိမ်အရောက် လုပ်ဆောင်ပေးနေရသည့်အနေအထား ပြောင်းလဲလာကြောင်း ကာယကံရှင်တို့က တညီတညွတ်တည်း ပြောဆိုကြသည်။

” အခုက အလှအပရေးရာဆိုလည်း အွန်လိုင်းကနေ အလွယ်တကူ ရှာဖွေ လေ့လာလို့ ရနေကြတော့ Risk ယူပြီး ဆိုင်ထိ မလာကြတော့ဘူး။ ဒီတော့ လူတွေကို ဆိုင်က ထိုင်စောင့်တာထက် သူတို့ဆီ သွားနိုင်ဖို့ ကြိုးစားရတာပေါ့ ” ဟု ဒဂုံမြို့သစ်မြောက်ပိုင်းတွင် ပန်းဝတ်ရည် အလှပြင်ဆိုင်ဖွင့်ထားသူ မနန်းဒေဝီက ပြောသည်။

ယင်းကဲ့သို့ ဝန်ဆောင်မှုများကို ပုံစံပြောင်းလဲလုပ်ကိုင်ရသည်မှာ အားသာချက်များရှိသလို အားနည်းချက်များလည်းရှိကြောင်းနှင့် ယခုကဲ့သို့ အခြေအနေမျိုးဆက်တိုက်ဖြစ်ပေါ်နေမည်ဆိုပါက အလှဖန်တီးရှင်များ၏ ရပ်တည်မှုကို များစွာ ထိခိုက်လာနိုင်ကြောင်း ၎င်းက ပြောသည်။

၂၀၁၇ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကို ယင်းနှစ် မတ်လ ၁ ရက် ရက်စွဲပါ ပြည်ထောင်စုလွှတ်တော် ဥပဒေ အမှတ် ၄ ဖြင့် ထုတ်ပြန်ပြဋ္ဌာန်းခဲ့ရာ ပုဒ်မ ၁၄ ပုဒ်မခွဲ (ဃ) ပါ ဝန်ဆောင်မှု (၂၉) မျိုးမှအပ ကျန်ရှိသည့် ဝန်ဆောင်မှုများအနေဖြင့် ကုန်သွယ် လုပ်ငန်းခွန် ကျသင့်မည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အမိန့်ကြေညာစာ အမှတ် ၆၇/၂၀၁၇ အရ သိရှိရသည်။ ကုန်သွယ်လုပ်ငန်းခွန်မကျသင့်သည့် ဝန်ဆောင်မှုအမျိုးအစား ၂၉ မျိုးအနက် ခန္ဓာကိုယ်အလှ ပြုပြင်ခြင်းမှ အပဖြစ်သည့် ကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်းများလည်း ပါဝင်သည်။

Leave a Reply