ပုံစာ - နိုင်ငံခြားရေးဝန်ကြီးဌာနက သက်ဆိုင်ရာသံရုံး၊ ဝန်ကြီးဌာနများနှင့် ပူးပေါင်းလျက် ဇွန် ၂၅ ထိ ပြည်ပမှ အပြန်ခက်နေရသူ မြန်မာနိုင်ငံသား ၅၃၂၅ ဦး ပြန်လည်ခေါ်ဆောင်ပေးခဲ့သည်။ (ဓာတ်ပုံ - နိုင်ငံခြားရေးဝန်ကြီးဌာန)

ရန်ကုန် ဇွန် ၂၆

ဇွန် ၂၅ တွင် နိုင်ငံအနှံ့မှ ပေးပို့သည့် ဓာတ်ခွဲနမူနာ ၂၀၀၀ ကျော်ကို အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်) (NHL)အပါအဝင် ဓာတ်ခွဲဌာန ငါးခုက နှစ်သုတ်ခွဲ စစ်ဆေးခဲ့ရာ ကိုဗစ်နိုင်တင်း ဓာတ်ခွဲအတည်ပြုလူနာသစ် မတွေ့ရှိခဲ့ဘဲ လူနာဟောင်းများအနက် နှစ်ကြိမ်ဆက်တိုက် ပိုးမတွေ့ရသူ သုံးဦး ရှိလာသည်။

ပထမအသုတ် စစ်ဆေးချက်အဖြေတွင်ရော နောက်အသုတ်တွင်ပါ ရောဂါပိုး မတွေ့ရသဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဇွန် ၂၆ နံနက် ၈နာရီ နောက်ဆုံး သတင်းထုတ်ပြန်ချက်အရ မြန်မာတွင် ပိုးတွေ့သူ ဦးရေ ၂၉၃ ဦး ဆက်ဖြစ်နေပြီး ပိုးကင်းစင်လာသူ ၂၁၁ ဦးရှိလာခဲ့သည်။

ရောဂါကင်းစင်လာသူ သုံးဦးမှာ ပြည်ပမှ ပြန်လာသူများဖြစ်ပြီး အိန္ဒိယပြန် နှစ်ဦး၊ ထိုင်းပြန် တစ်ဦးဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီးမှ လူနာအမှတ် ၂၁၆၊ စစ်ကိုင်းတိုင်းဒေသကြီးမှ လူနာအမှတ် ၂၃၅၊ မကွေးတိုင်းဒေသကြီးမှ လူနာအမှတ် ၂၄၂ တို့ ဖြစ်သည်။

ဓာတ်ခွဲစစ်ဆေးရာတွင် NHL နှင့်အတူ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မော်လမြိုင်)(PHL,Mawlamyine)၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး)(PHL,Mandalay)၊ ဆေးသုတေသနဦးစီးဌာန(DMR)နှင့် အမှတ်(၁)တပ်မတော်ဆေးရုံကြီး(ခုတင် ၁၀၀၀) တို့လည်း ပါဝင်ခဲ့ကြပြီး ဇွန် ၂၅ တွင် ဓာတ်ခွဲနမူနာ စုစုပေါင်း ၂၀၁၈ ခု စစ်ဆေးခဲ့ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

ဇွန် ၂၆ နံနက်ပိုင်းထိ အခြေအနေမှာ ဆေးရုံတက် ကုသမှုခံယူနေသူ ရန်ကုန် ဝေဘာဂီအထူးကုဆေးရုံတွင် ၃၅ ဦး၊ ရန်ကုန် တောင်ဥက္ကလာအထူးကုဆေးရုံတွင် ၂၉ ဦး၊ ရခိုင်ပြည်နယ် မောင်တောပြည်သူ့ဆေးရုံတွင် ၇ ဦး ရှိနေသည်။ ယင်းအပြင် တပ်မတော်အသည်းရောဂါအထူးကုဆေးရုံကြီးနှင့် မွန်ပြည်နယ် မော်လမြိုင်ပြည်သူ့ဆေးရုံတွင် ၅ ဦးစီ၊ စစ်ကိုင်း၊ ဟားခါး၊ တီးတိန်နှင့် ဘူးသီးတောင်ရှိ ပြည်သူ့ဆေးရုံများတွင် နှစ်ဦးစီ၊ မကွေး၊ စစ်တွေ၊ ဘားအံနှင့် တောင်ကြီး စဝ်စံထွန်း ဆေးရုံတို့တွင် တစ်ဦးစီလည်း ကုသမှု ခံယူနေကြသည်။

မြန်မာတွင် ဓာတ်ခွဲစစ်ဆေးသူဦးရေ ၂၀၂၀ ဇန်နဝါရီ လကုန်ရက်မှ ယနေ့ ဇွန် ၂၆ နံနက်ပိုင်းထိ ၆၈၄၀၄ ဦးကို စစ်ဆေးနိုင်ခဲ့ပြီး အဖြေစောင့်ဆိုင်းဆဲ စောင့်ကြည့်လူနာ ၅၈၂၄ ဦး ရှိနေသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ပိုးတွေ့လူနာအရေအတွက်မှာ ရန်ကုန်တိုင်းက ၂၀၄ ဦး၊ ကရင်ပြည်နယ်က ၂၅ ဦးနှင့် ရခိုင်ပြည်နယ်မှာ ၁၂ ဦးဖြင့် အများဆုံး သုံးဒေသ ဖြစ်နေသည်။ ချင်းပြည်နယ်မှာ ၁၀ ဦး၊ စစ်ကိုင်းတိုင်း ၉ ဦး၊ ပဲခူးတိုင်း ၈ ဦး၊ ရှမ်းပြည်နယ်တောင်ပိုင်းမှာ ၄ ဦး ရှိသည်။ ရှမ်း အ​ရှေ့၊ ရှမ်း မြောက်၊ မန္တလေးတိုင်းနှင့် မကွေးတိုင်းတို့တွင် သုံးဦးစီ၊ မွန်၊ ကရင်၊ နေပြည်တော်၊ ဧရာဝတီတိုင်းတို့တွင် နှစ်ဦးစီ၊တနင်္သာရီတိုင်းတွင် တစ်ဦး ရှိနေကြောင်း ဝန်ကြီးဌာနက ဖော်ပြထားသည်။

ပိုးတွေ့လူနာများမှာ အမျိုးသား ၁၆၃ ဦး၊ အမျိုးသမီး ၁၃၀ ဦးဖြစ်ပြီး လူကြီး ၂၈၅ ဦး၊ ကလေးသူငယ် ၈ ဦးလည်း ဖြစ်သည်။

သေဆုံးသည့်လူနာဦးရေမှာ ကိုဗစ်နိုင်တင်းကပ်ရောဂါကာလ စတင်ချိန်မှ ယနေ့နံနက်ထိခြောက်ဦး ရှိခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်း၊ ဗိုလ်တထောင်၊ ပန်းဘဲတန်း၊ မင်္ဂလာတောင်ညွန့်၊ မြောက်ဥက္ကလာနှင့် ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ်တို့မှ တစ်ဦးစီဖြစ်ကြသည်။

===

 

Leave a Reply