ပုံ - COVID-19 INFO Myanmar Viber Chatbot

ရန်ကုန် ဩဂုတ် ၃၁

မြန်မာနိုင်ငံတွင် ကိုဗစ်နိုင်တင်းရောဂါ ကူးစက်ခံရသူဦးရေမှာ ဩဂုတ် စတုတ္ထပတ် ရက်သတ္တတစ်ပတ်တာကာလအတွင်း ပမာဏအဆင့်ဆင့်မြင့်တက်လာသည်ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ နေ့စဉ်ထုတ်ပြန်ချက်များတွင်
တွေ့ရသည်။

ပြည်တွင်းကူးစက်မှု ပြန်လည်ပေါ်ထွက်လာပြီး နှစ်ပတ်ကြာအတွင်း ကိုဗစ်နိုင်တင်းပိုးတွေ့လူနာဦးရေမှာ ယင်းမတိုင်မီ ငါးလခန့်အတွင်း လူနာစုစုပေါင်းပမာဏ နီးပါးထိ ရှိလာခဲ့သည်။

ပြည်တွင်းကူးစက်မှု တစ်လတိတိ မတွေ့ရသည့်နေ့ သြဂုတ် ၁၆တွင် တဖန် ပြန်တွေ့လာခဲ့ရပြီး ယင်းနောက်ပိုင်း ကူးစက်ခံရသူ တွေ့ရှိချက်များမှာ အဆင့်ဆင့် မြင့်တက်လာနေသည်။

ကိုဗစ်ကာလ ငါးလခန့်အတွင်း ပထမဆုံး စံချိန်တင် တွေ့ရှိမှုမှာ ဩဂုတ် ၂၅ ညပိုင်းတွင် စတင်ခဲ့သည်။ ဦးရေမှာ ၃၀ ဦး ဖြစ်ပြီး စောင့်ကြည့်နေသူများအကြား ဝေဖန်သုံးသပ် မဆုံးမီ နောက်တစ်ရက်မှာပင် ၇၀ ဦးဖြင့် စံချိန်ချိုးသွားခဲ့သည်။

သြဂုတ် ၂၈ တွင် ၄၁ ဦးသာ တွေ့ရှိရာမှ ဩဂုတ် ၂၉ တွင် ပိုးတွေ့လူနာ ၉၀ ဦးဟူသော အရေအတွက်ဖြင့် ထပ်မံ စံချိန်ချိုးခဲ့ပြန်သည်။ တဖန် ဩဂုတ် ၃၀ တွင် ၄၂ ဦးသာ တွေ့ရှိခဲ့သော်ငြား ဩဂုတ်လကုန် ၃၀ ရက်နေ့တွင်မူ ၁၀၇ ဦးဖြင့် စံချိန်သစ်ကို ထပ်မံ တင်သွားခဲ့သည်။ နံနက်ပိုင်း ၁၂ ဦး ညပိုင်း ၉၅ ဦးတွေ့ရှိခဲ့ရာ ညပိုင်းပမာဏမှာလည်း တစ်ကန့်ချင်းအလိုက် အများဆုံးဦးရေ စံချိန်ဖြစ်နေခဲ့သည်။

မြန်မာနိုင်ငံတွင် ၂၀၂၀ ဩဂုတ်လကုန်ထိ ကူးစက်လူနာဦးရေ ၈၈၂ ဦး ရှိခဲ့ပြီး ရောဂါပိုးကင်းစင်လာသူ ၃၅၄ ဦး၊ သေဆုံးသူ ခြောက်ဦး ရှိထားသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ဩဂုတ် ၃၀ မြန်မာစံတော်ချိန် ညနေ ငါးနာရီခွဲအချိန် ထုတ်ပြန်ချက်အရ တစ်ကမ္ဘာလုံးတွင် COVID-19 ဓာတ်ခွဲအတည်ပြုလူနာဦးရေ စုစုပေါင်း ၂၄,၈၅၄,၁၄၀ ဦးနှင့် သေဆုံးသူဦးရေ စုစုပေါင်း ၈၃၈,၉၂၄ ဦး ရှိသည်။

နေမင်းထွဏ်း

Leave a Reply