Source : Ministry of Health and Sport, Myanmar

ရန်ကုန်
မေ ၂၇ ၊ ၂၀၂၀

မြန်မာနိုင်ငံတွင် ဓာတ်ခွဲနမူနာ စုစုပေါင်း ၂၀,၃၁၉ ခု စစ်ဆေးခဲ့သည့်အနက် (၁) ရာခိုင်နှုန်းတွင် ကိုဗစ်နိုင်တင်းရောဂါပိုး တွေ့ရှိခဲ့ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက မေ ၂၆ တွင် ပြောသည်။

တိုင်းဒေသကြီး/ ပြည်နယ် လူမှုရေးဝန်ကြီးများ၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများနှင့် ဗီဒီယိုကွန်ဖရင့်စ်ပြုလုပ်ရာတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ယင်းသို့ ဆိုခဲ့သည်။

သံသယ/ စောင့်ကြည့်လူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် ထိတွေ့ခဲ့သူများအားလုံးကိုလည်းကောင်း၊အသွားအလာကန့်သတ်ထားသူများ၏ (၅.၄) ရာခိုင်နှုန်းကိုလည်းကောင်း ဓာတ်ခွဲနမူနာ ရယူစစ်ဆေးခဲ့ကြောင်း ဝန်ကြီး ပြောကြားချက်အရ သိရသည်။ သံသယ/ စောင့်ကြည့်လူနာများ၌ (၁.၃) ရာခိုင်နှုန်း၊ ဓာတ်ခွဲအတည်ပြုလူနာနှင့်ထိတွေ့ခဲ့သူများ၌ (၃.၄) ရာခိုင်နှုန်းနှင့် အသွားအလာကန့်သတ် ထားရှိသူများ၌ (၀.၃) ရာခိုင်နှုန်း တွင် ရောဂါပိုးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ယင်းနေ့က အွန်လိုင်းအစည်းအဝေးမှာ ထိုင်းမှ ပြန်လာသူများကို စနစ်တကျ လက်ခံ၍ ကိုဗစ်နိုင်တင်းကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ပိုမိုထိရောက်စွာ ပေါင်းစပ်ဆောင်ရွက်ရေး ညှိနှိုင်းဆွေးနွေးမှုအစီအစဉ် ဖြစ်သည်။

လက်ရှိအခြေအနေတွင် ရောဂါထိန်းချုပ်နိုင်မှုအဆင့် အတိုင်းအတာတစ်ခုအထိ ရရှိနေသော်လည်း ရောဂါပိုး၏ သဘောသဘာဝကို အပြည့်အစုံ မသိရှိသေးသဖြင့် လက်ရှိလုပ်ဆောင်နေသည့် လုပ်ငန်းများကို လုံးဝအားလျှော့၍ မရဘဲ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်ပြုလုပ်ရမည်ဖြစ်ကြောင်း ဝန်ကြီးက တိုက်တွန်းခဲ့သည်။ လုပ်ငန်းများဆောင်ရွက်ရာတွင် လုပ်ငန်း ကဏ္ဍအလိုက် တာဝန်ခွဲဝေဆောင်ရွက်မှုနှင့် ချိန်သားကိုက် စနစ်တကျပူးပေါင်းဆောင်ရွက်မှုတို့ ပိုမို၍ အရေးကြီးလာကြောင်း ဝန်ကြီးက ဆော်ဩခဲ့သည်။

ဓာတ်ခွဲအတည်ပြုလူနာ ၆၀ ရာခိုင်နှုန်းခန့်တွင် ရောဂါလက္ခဏာ တစ်စုံတစ်ရာ မရှိသေးသော်လည်း ရောဂါပိုးရှိနေသည်ဆိုသည့် အချက်အား နေရပ်ပြန်လာသည့် အသွားအလာကန့်သတ်ထားရှိခံရသူများ သိရှိရန် အထူးအလေးပေး၍ ပြောကြားရမည်ဖြစ်ကြောင်းလည်း ဝန်ကြီးက ပြောဆိုခဲ့သည်။

ယင်း ဗီဒီယိုကွန်ဖရင့်စ်သို့ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးများ၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးတို့အပြင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်အပါအဝင် အကြီးတန်းအရာရှိများ တက်ရောက်ခဲ့သည်။

ဆွေဦးမောင်

Source : Ministry of Health and Sport, Myanmar

Leave a Reply