ဓာတ်ပုံ - ရန်ကုန်လေဆိပ်၊ မေ ၂၇။ Photo Credit - Ministry of Foreign Affairs Myanmar

ရန်ကုန်
မေ ၃၀ ၊ ၂၀၂၀

မြန်မာနိုင်ငံ၌ ကိုဗစ်နိုင်တင်းရောဂါပိုး ကူးစက်ခံရသူ ၂၂၄ ဦး ရှိသွားပြီ ဖြစ်သလို ကုသမှုခံယူပြီးနောက် ပိုးကင်းစင် ပြန်လည်သက်သာလာသူဦးရေမှာ ၁၃၀ ဦး ရှိနေကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန မေ ၃၀ နံနက် ၇ နာရီ ထုတ်ပြန်ချက်အရ သိရသည်။

မေ ၃၀ ထပ်တိုးလူနာသစ် ၁၇ ဦးမှာ အိန္ဒိယနိုင်ငံမှ ပြန်လာသူများဖြစ်ကြသည်။ ၁၅ ဦးမှာ ရန်ကုန်တိုင်းနေသူများဖြစ်ပြီး နှစ်ဦးမှာ မန္တလေးတိုင်း တောင်သာမြို့နယ်မှ ဖြစ်သည်။ ယင်းအရေအတွက်မှာ မြန်မာ၌ ကိုဗစ်နိုင်တင်း လူနာအမှတ် ၁ ပထမဆုံး ပိုးစတင်တွေ့ရချိန်မှ ၆၉ ရက်တွင် အများဆုံးတိုးလာခဲ့ခြင်းလည်း ဖြစ်သည်။

မေ ၃၀ ဓာတ်ခွဲအဖြေမှာ အမျိုးသားဓါတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) ၊ ဆေးသုတေသနဦးစီးဌာနနှင့် အမှတ် (၁) တပ်မတော် ဆေးရုံကြီး(ခုတင် ၁၀၀၀) တို့ မေ ၂၉ က ဓာတ်ခွဲနမူနာ ၁,၂၁၄ ခုကို အသီးသီးစစ်ဆေးပြီးနောက် ထွက်ပေါ်လာသော ရလဒ်ဖြစ်သည်။

နိုင်ငံတကာခရီးသည်တင်လေယာဉ်များ ပျံသန်းမှု ရပ်ဆိုင်းထားခြင်းကြောင့် အခက်ကြုံနေရသူ၊ အိန္ဒိယရောက် မြန်မာနိုင်ငံသားများကို မြန်မာအစိုးရက ကယ်ဆယ်ရေး လေယာဉ်များဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ပထမအသုတ် ၉၅ ဦးကို နယူးဒေလီမြို့နှင့် အနီးဝန်းကျင်ဒေသများမှ မေ ၁၉ က လည်းကောင်း၊ ဒုတိယအသုတ် ၁၂၃ ဦးကို ချန်နိုင်းမြို့နှင့်ဝန်းကျင်မှ မေ ၂၄ တွင်လည်းကောင်း၊ တတိယအသုတ် ၈၀ ဦးကို ဂါယာမြို့နှင့် အနီးမှ မေ ၂၇ တွင်လည်းကောင်း၊ စုစုပေါင်း ၂၉၈ ဦးပြန်လည်ခေါ်ယူခဲ့ကြောင်း အစိုးရထုတ်ပြန်ချက်များအရ သိရသည်။

ပြည်ပပြန်များကို သတ်မှတ်နေရာများတွင် ကန့်သတ်ထားရှိကာ ကျန်းမာရေးဆိုင်ရာ စောင့်ကြည့်မှုများ ဆက်လက်လုပ်ဆောင်နေကြောင်း အစိုးရက အသိပေးထားသည်။

ဟင်္သာ

<><><>

ဓာတ်ပုံ – ရန်ကုန်လေဆိပ်၊ မေ ၂၇။
Photo Credit – Ministry of Foreign Affairs Myanmar

Leave a Reply