ပုံစာ - လွှတ်တော်အစည်းအဝေး တက်ရောက်ရတော့မည့် လွှတ်တော်ကိုယ်စားလှယ်များကို ကျန်းမာရေး စစ်ဆေး၊ ဓာတ်ခွဲနမူနာ ရယူစဉ်။ (နေပြည်တော်၊ ဇူလိုင် ၁၁) (ဓာတ်ပုံ - ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန)

ရန်ကုန်
၁၂ ဇူလိုင် ၂၀၂၀

မြန်မာတွင် ကိုဗစ်နိုင်တင်း လူနာဟောင်းများအနက် နှစ်ကြိမ်ဆက်တိုက် ပိုးမတွေ့ရသူ တစ်ဦး တိုးလာသဖြင့် ပြန်လည်သက်သာသူ ၂၆၁ ဦးရှိလာကြောင်း၊ ယင်းအနက်၂၄၈ ဦးကို ဆေးရုံမှ ဆင်းခွင့်ပြုထားပြီးဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဇူလိုင် ၁၂ ရက် ည ၈နာရီ ကြေညာချက်အရ သိရသည်။

ပိုးကင်းစင်လာသူ

ဇူလိုင် ၁၂ တွင် ပိုးကင်းစင်သွားသူမှာ ရခိုင်ပြည်နယ်နေ အသက် ၃၂ နှစ်အရွယ် အမျိုးသား (လူနာအမှတ် ၂၄၈) ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ခရီးသွားရာဇဝင် ရှိခဲ့၍ မောင်တောမြို့နယ်တွင် သွားလာမှုကန့်သတ် စောင့်ကြည့်ထားစဉ် ဇွန် ၁၀ ရက်က ရောဂါပိုး စစ်ဆေးတွေ့ရှိရသဖြင့် မောင်တောမြို့၊ ခရိုင်ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေသူလည်း ဖြစ်သည်။

ပိုးတွေ့လူနာသစ်

ဇူလိုင် ၁၂ တွင် ရောဂါပိုးတွေ့လူနာ တစ်ဦး တိုးလာခဲ့ရ၍ မြန်မာတွင် ပိုးတွေ့ခဲ့သူပေါင်း ၃၃၁ ဦးရှိပြီဖြစ်သည်။

ပိုးတွေ့လူနာသစ်မှာ ရန်ကုန်၊ မြောက်ဒဂုံမြို့နယ်နေသူ အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးဖြစ်သည်။ အမေရိကန်နိုင်ငံသို့ ခရီးသွားရာဇဝင် ရှိခဲ့ပြီး မင်္ဂလာဒုံမြို့နယ်တွင် သီးခြားထားရှိ စောင့်ကြည့်ခံနေရသူလည်း ဖြစ်ကာ ၎င်းကို တောင်ဥက္ကလာဆေးရုံတွင် ကုသမှုပေးသွားမည်ဟု ကြေညာချက်တွင် ဖော်ပြသည်။

ပြည်တွင်းကူးစက်မှု မရှိသည်မှာ တစ်လပြည့်တော့မည်

မြန်မာမှာ ကိုဗစ်နိုင်တင်းရောဂါ ပြည်တွင်းကူးစက်မှု (Local Transmission) မှာ ဇွန် ၁၇ က နောက်ဆုံးတွေ့ရပြီး ယင်းနောက် ထပ်မံ မပေါ်ပေါက်သဖြင့် ဇူလိုင် ၁၂ တွင် ၂၅ ရက်ခန့်ရှိပြီဖြစ်သည်။

မေ ၁၆ မှ ဇူလိုင်ဒုတိယပတ်အတွင်း ပြည်ပပြန်များအနက် ၁၄၀ ကျော်တွင် ရောဂါပိုးတွေ့ခဲ့ရခြင်းဖြစ်သည်။

ဓာတ်ခွဲနမူနာ ၁၁၀၀ နီးပါးအနက် လွှတ်တော်ကိုယ်စားလှယ် ၄၅၀ ကျော်ပါဝင်

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL)၊ ဆေးသုတေသနဦးစီးဌာန (DMR)နှင့် ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) (PHL, Mandalay)တို့ ဓာတ်ခွဲနမူနာပေါင်း ၁,၀၉၉ ကို ဇူလိုင် ၁၂ ညနေတွင် စစ်ဆေးပြီးစီးခဲ့ရာ အထက်ပါအဖြေများ ထွက်ပေါ်လာခြင်း ဖြစ်သည်။

NHL က စစ်ဆေးခဲ့သည့် ဓာတ်ခွဲနမူနာ ၇၄၇ ခုအနက် အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၄၅၂ ဦး ပါဝင်သည်။

၎င်းတို့မှာ လွှတ်တော်အသီးသီး၏ ၁၇ ကြိမ်မြောက် ပုံမှန်အစည်းအဝေးသို့ တက်ရောက်မည့် အမတ်များဖြစ်ကြပြီး ၎င်းတို့နှင့်အတူ လွှတ်တော်အထောက်အကူပြု အဖွဲ့ဝင် ၁၀ ဦးကိုလည်း စစ်ဆေးခဲ့သည်။

ပုံစာ – လွှတ်တော်အစည်းအဝေး တက်ရောက်ရတော့မည့် လွှတ်တော်ကိုယ်စားလှယ်များကို ကျန်းမာရေး စစ်ဆေး၊ ဓာတ်ခွဲနမူနာ ရယူစဉ်။ (နေပြည်တော်၊ ဇူလိုင် ၁၁)
(ဓာတ်ပုံ – ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန)

လွှတ်တော်ကိုယ်စားလှယ်များအား ကျန်းမာရေးစစ်ဆေးခြင်းနှင့် ဓာတ်ခွဲနမူနာ ရယူခြင်းများကို နေပြည်တော် စည်ပင်ဧည့်ရိပ်သာ ၂ ရှိ အခန်း ၈ ခန်းတွင် ဇူလိုင် ၁၁ က ဆောင်ရွက်ခဲ့ပြီး ရန်ကုန်သို့ ပေးပို့ စစ်ဆေးခဲ့ရာ နောက်တစ်ရက်တွင် အဖြေထွက်ပေါ်လာခြင်း ဖြစ်သည်။ အဆိုပါ ၄၆၂ ဦး၏ ဓာတ်ခွဲအဖြေများတွင် ကိုဗစ်နိုင်တင်း ရောဂါပိုး မတွေ့ရှိကြောင်း ဝန်ကြီးဌာနက အတည်ပြုပေးခဲ့သည်။

ပိုးတွေ့လူနာအများဆုံး ရန်ကုန်တိုင်း

တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ပိုးတွေ့လူနာစာရင်းအရ ရန်ကုန်တိုင်းမှာ ဦးရေ ၂၃၇ ဖြင့် အများဆုံး၊ ကရင်ပြည်နယ်မှာ ဦးရေ ၂၆ ဖြင့် ဒုတိယဖြစ်ကာ ရခိုင်ပြည်နယ်မှာ ၁၄ ဦးဖြင့် တတိယနေရာတွင်ရှိသည်။

ကချင်ပြည်နယ်၊ မွန်ပြည်နယ်၊ နေပြည်တော်၊ ဧရာဝတီတိုင်းတို့မှာ လူနာဦးရေ ၂ ဦးစီဖြင့် ပိုးတွေ့သူဦးရေ ဒုတိယအနည်းဆုံးနေရာတွင် ရှိနေပြီး တနင်္သာရီတိုင်းမှာ တစ်ဦးသာရှိသည်။ ကယားပြည်နယ်မှာမူ ပိုးတွေ့သူ ဇူလိုင် ၁၂ ထိ မရှိချေ။ နိုင်ငံတစ်ဝန်းတွင် ကိုဗစ်နိုင်တင်းရောဂါကာလ ပိုးတွေ့လူနာများအနက် သေဆုံးခဲ့သူမှာ ၆ ဦး ရှိခဲ့သည်။

မြန်မာတွင် ကိုဗစ်နိုင်တင်း ပိုးစတွေ့ခဲ့သည့် မတ် ၂၃ ရက်မှ ဇူလိုင်၁၂ အတွင်း အမျိုးသား ၂၀၀ ဦး၊ အမျိုးသမီး ၁၃၁ ဦးတွင် ပိုးတွေ့ခဲ့ရသည်။ ယင်းတို့တွင် ကလေးသူငယ် ၉ ဦးပါဝင်သည်။

<><><>

ပုံစာ – လွှတ်တော်အစည်းအဝေး တက်ရောက်ရတော့မည့် လွှတ်တော်ကိုယ်စားလှယ်များကို ကျန်းမာရေး စစ်ဆေး၊ ဓာတ်ခွဲနမူနာ ရယူစဉ်။ (နေပြည်တော်၊ ဇူလိုင် ၁၁)
(ဓာတ်ပုံ – ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန)

Leave a Reply