ရိုးဂုဏ်
ရန်ကုန် စက်တင်ဘာ ၂၁

ကိုဗစ် – ၁၉ ဒုတိယလှိုင်းဒဏ်ကို အဓိက ခံစားနေရသည့် ရန်ကုန်တိုင်းဒေသကြီးသို့ ကရင်ပြည်နယ်မှ ကျန်းမာရေးအဖွဲ့က လာရောက်ကူညီမည်ဖြစ်ပြီး ကိုဗစ်ကုသရေးစင်တာတစ်ခုဖြစ်သော ဖောင်ကြီးတွင် တာဝန်ထမ်းဆောင်ကြမည်ဟု ကရင်ပြည်နယ် အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်က ပြောသည်။

နေ့စဉ်တိုးလာနေသော လူနာများနှင့် ကျန်းမာရေးဝန်ထမ်းများ၏ အင်အားမှာ မမျှတသည့် အနေအထားကို ရောက်ရှိနေပြီဖြစ်ပြီး ကိုဗစ်လူနာများကို စောင့်ရှောက်မှုပေးနေသည့် ကျန်းမာရေးဝန်ထမ်းအချို့ပါ ကူးစက်ခံရပြီး သေဆုံးသည့် အနေအထားရှိလာသောကြောင့် ယခုလိုစေလွှတ်ရခြင်းဖြစ်ကြောင်း သိရသည်။

ဝန်ကြီး ဦးဘိုဘိုဝေမောင်က “ ရန်ကုန်ကို သွားရောက်တဲ့ ကရင်ပြည်နယ်က Volunteer သူနာပြုတွေကို ကရင်ပြည်နယ် အစိုးရက လိုအပ်သမျှ ဖြည့်ဆည်းပေးမည်ဖြစ်ကြောင်းနဲ့ နောက်ဆံမတင်းဘဲ ကိုယ့်ကျန်းမာရေး ပြည်သူ့ကျန်းမာရေး တာဝန်တွေ ထမ်းဆောင်ဖို့ မှာလိုက်ပါတယ် ” ဟု ဆိုသည်။

ကရင်ပြည်နယ်သို့ လာရောက်လည်ပတ်မည့် ခရီးသွားများအနေဖြင့် ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းများကို အတိအကျလိုက်နာရန် လိုအပ်ကြောင်းနှင့် ခရီးသွားများ အနေဖြင့် နေထိုင်ရာဒေသက အုပ်ချုပ်ရေးမှူးထောက်ခံချက်၊ ကျန်းမာရေးကင်းစင်ကြောင်း အထောက်အထားနှင့် ခရီးသွားရာဇဝင်များကို ပြသဖို့လိုအပ်ကြောင်း ကရင်ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီက ထုတ်ပြန် ကြေငြာထားသည်။

“ လာမယ်ဆိုရင်တော့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ အမိန့်ကြေငြာချက်တွေ အပြင် ကရင်ပြည်နယ် အစိုးရအဖွဲ့က ထုတ်ပြန်ထားတာတွေကိုပါ လိုက်နာဖို့ လိုအပ်ပါတယ် ” ဟု ကရင်ပြည်နယ် လူမှုရေးဝန်ကြီးက ပြောသည်။

သြဂုတ်လလယ်ကစပြီး ပြည်တွင်းကူးစက်မှုကနေတစ်ဆင့် Covied-19 ရောဂါ ဖြစ်ပွားမှုနှုန်းများပြားလာနေတာကြောင့် ဘားအံမြို့က ခရီးသွားတွေ လာရောက်လည်ပတ်မှုများတဲ့ ပန်းခြံ၊ လိုဏ်ဂူနှင့် နေရာအချို့ကို ပြီးခဲ့တဲ့ရက်ပိုင်းကစပြီး လာရောက်လည်ပတ်ခွင့် ပိတ်ပင်တားမြစ်ခဲ့ကြောင်း သိရသည်။

Leave a Reply