မော်လမြိုင် စက်တင်ဘာ ၁၆

ကိုဗစ် – ၁၉ ကပ်ရောဂါ ကူးစက်မှု များပြားလာသောကြောင့် မွန်ပြည်နယ်အတွင်း နိုင်ငံရေးပါတီများ မဲဆွယ်စည်းရုံးရေးကိစ္စ အခက်အခဲကြုံတွေ့နေရကြောင်း တာဝန်ရှိသူများထံမှ သိရသည်။

ပြည်ခိုင်ဖြိုးပါတီ မွန်ပြည်နယ် အတွင်းရေးမှူး ဦးဝင်းမော်ဦးက “ကိုဗစ်ကပ်ရောဂါ ကူးစက်မှု မြင့်တက်လာတဲ့ အချိန်မှာ UEC (ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်)ကနေ ဘယ်လိုအချက်တွေကို လိုက်နာရမလဲဆိုတာ စောင့်နေရတာပေါ့။ အဲဒီမှာ ၄ချက် ထုတ်လိုက်တာ ရှိတယ်။ ကျွန်တော်တို့ မဲဆွယ်စည်းရုံးရေး ဆင်းတဲ့ နေရာက ပိုးတွေ့ရှိတဲ့ နေရာ ဖြစ်နေတယ်။ Semi Lockdown ချထားတဲ့ နေရာ ဖြစ်နေတော့ မူလအစ Planအတိုင်း လုပ်လို့ မရတော့ဘူးပေါ့။ အခုလိုပဲ မဲဆွယ်စည်းရုံးရေးတွေ အတွက် လူထုနဲ့ မထိတွေ့ရတော့ အားမရှိတော့ဘူးပေါ့။ အဲဒါကြောင့် နောက်ဆုံးနည်းလမ်းက မီဒီယာပေါ့။ အွန်လိုင်းကနေ သွားဖို့ပဲ ရှိတော့တယ်”ဟု ဟင်္သာမီဒီယာကို စက်တင်ဘာ ၁၄ တွင် ပြောသည်။

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ မွန်ပြည်နယ် ဥက္ကဌ ဦးအေးသောင်းက အာဏာရပါတီ NLDအနေဖြင့် ကိုယ်တိုင်ထုတ်ပြန်ထားသည့် ဥပဒေများကို စံပြ ဆောင်ရွက်သင့်ကြောင်း ထောက်ပြသည်။

“ပါတီအနေနဲ့ကတော့ ပြဋ္ဌာန်းထားတဲ့ ဥပဒေနဲ့အညီ ဆောင်ဖို့ကော မဲဆန္ဒရှင်တွေနဲ့ ထိတွေ့ဖို့ကိုပါ ညွှန်ကြားထားတာ ရှိတယ်။ အခုလို အကန့်အသတ်တွေ ရှိတဲ့အခါကျတော့ မဲဆန္ဒရှင်တွေကို ပါတီမူဝါဒတွေ ရှင်းပြဖို့တော့ ခက်ခဲတာပေါ့။ ဒါပေမဲ့ ဥပဒေနဲ့အညီ ဆောင်ရွက်ရမှာဆိုတော့ အခု အာဏာရပါတီအနေနဲ့က ကိုယ်တိုင် ထုတ်ပြန်တဲ့ ဥပဒေကို စံပြအနေနဲ့ ဆောင်ရွက်သင့်တယ်”ဟု ထောက်ပြသည်။

၂၀၂၀ ရွေးကောက်ပွဲတွင်  မွန်ပြည်နယ်က ပါတီ ၁၇ ခု ဝင်ရောက်ယှဥ်ပြိုင်မည် ဖြစ်ပြီး မဲပေးခွင့်ရှိသူ ၁၇သိန်းကျော် ရှိကြောင်း၊ မဲရုံပေါင်း ၉၇၃ ရုံ လျာထားကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက ထုတ်ပြန်ထားသည်။

စောဇင်မောင် (ဟင်္သာမီဒီယာ)

Leave a Reply