Photo-KNP Facebook Page

စောဇင်မောင်
ရန်ကုန် သြဂုတ် ၂၅

၂၀၂၀ ရွေးကောက်ပွဲအတွက် ကိုဗစ် – ၁၉ ကပ်ရောဂါကြောင့် အဓိကစိန်ခေါ်မှုတစ်ရပ် ဖြစ်လာကြောင်း ကရင်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး မန်းကျော်ငြိမ်းက သြဂုတ်၂၄ရက်တွင် ပြောကြားသည်။

“ကိုဗစ်ကပ်ရောဂါ ဒုတိယလှိုင်းလိုမျိုး ရခိုင်ပြည်နယ် စစ်တွေမှာ ဖြစ်နေတော့ မဲဆွယ်စည်းရုံးဖို့ကိုတောင် တော်တော်လေး စဥ်းစားနေရတဲ့ အခြေအနေဖြစ်နေတယ်။ စည်းရုံးပြောဆိုခွင့်ကို လူအယောက် ၃၀ စုခွင့်ပဲ ဖြစ်နေတော့ လာမယ့် နောက်လ(စက်တင်ဘာလ)မှာ စည်းရုံးခွင့် စပေးရင် အခုကန့်သတ်မှုတွေက ဘယ်လိုတွေဖြစ်လာမှန်း မသိသေးဘူး”ဟု မန်းကျော်ငြိမ်းက ပြောသည်။

မဲဆွယ်စည်းရုံးရေးအတွက် လုပ်ဆောင်ရမည့် အချိန်အတွက် စိုးရိမ်မှုများ ရှိနေကြောင်း၊ ရွေးကောက်ပွဲ ညွှန်ကြားချက်များနှင့်အညီ အတတ်နိုင်ဆုံး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သူက ဆက်လက်ပြောသည်။

“အခုက မဲဆွယ်စည်းရုံးလုပ်တဲ့ အချိန်မှာ Lockdownတွေ ပြန်လာရင် ဘယ်လိုလုပ်ရမလဲပေါ့။ အယောက် ၃၀ စုခွင့် ပြောတယ်။ အခုက မိုးတွင်းကာလလည်း ဖြစ်နေပြန်၊ အချို့နေရာတွေက ရေတွေ ဘာတွေ ကြီးပြန်ပြီဆိုတော့ သွားလာရေး ခက်နေတာပေါ့ဗျာ။ ပြီးခဲ့တဲ့ ကိုဗစ်ပထမလှိုင်းတုန်းကလည်း အသွားအလာ ကန့်သတ်ခံရလို့ အခက်အခဲတွေရှိတယ်။ အခုလည်း အစည်းအဝေး လုပ်ချင်ရင်တောင် Zoomနဲ့ပဲ အစည်းအဝေး လုပ်နေရတုန်းပဲ ဆိုတော့ အခက်အခဲတွေ များတာပေါ့။ မဲဆွယ် စည်းရုံးရေးက ဒီအချိန်ကြီးမှာ သိပ်မလွယ်ဘူး ဖြစ်နေတယ်”ဟု ၎င်းက ဆက်လက် ပြောသည်။

ကရင်အမျိုးသားပါတီအနေဖြင့် ကယားပြည်နယ် ဖားဆောင်းမြို့နယ်တွင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း တစ်နေရာ၊ ဧရာဝတီတိုင်းဒေသကြီးရှိ ညောင်တုန်း၊ ပန်းတနော်၊ မြောင်းမြ၊ အိမ်မဲ၊ ဝါးခယ်မနှင့် ကျောင်းကုန်းမြို့နယ်တို့တွင် ခြောက်နေရာ၊ ပဲခူးတိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာတွင် တစ်နေရာ၊ ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်တွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် တစ်နေရာ ဝင်ရောက်ယှဥ်ပြိုင်သွားမည်ဟုသိရသည်။

ပါတီမူဝါဒနှင့်ပတ်သက်၍ အဓိကအားဖြင့် သုံးချက် ရှိကြောင်း သူက ပြောဆိုပြီး “မူဝါဒအနေနဲ့က တိုင်းရင်သားပါတီဖြစ်တဲ့အတွက် ဖက်ဒရယ်စံကို  အဓိကထားပါတယ်။ ဦးစားပေးပေါ့။ နောက်ဒီမိုကရေစီရေးနဲ့ ငြိမ်းချမ်းရေးပေါ့”ဟု ဆိုသည်။

မိတ်ဖက်ပါတီများအနေဖြင့် လက်ရှိ အာဏာရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နှင့် ယခင်က နီးကပ်သော ဆက်ဆံရေးရှိခဲ့ကြောင်း၊ အစည်းအဝေးနှင့် အခမ်းအနားများ မကျင်းပနိုင်သည့် နောက်ပိုင်းတွင် ဆက်ဆံရေး အနည်းငယ် ဝေးသွားကြောင်း သိရသည်။ ညီညွတ်သော တိုင်းရင်းသားလူမျိုးများပါတီ၊ လူ့ဘောင်သစ် ဒီမိုကရစ်တစ်ပါတီတို့နှင့်လည်း မဟာမိတ် ဖွဲ့ထားခဲ့ကြောင်း သိရသည်။

“အရင်တုန်းက လူကို မကြည့်နဲ့၊ ပါတီကိုကြည့်ပါပေါ့။ အခုကတော့ ပါတီကော လူကော ကြည့်ကြပါလို့ပဲ ပြောရမှာပဲပေါ့နော်။ ရွေးကောက်ပွဲမှာ မှန်ကန်တဲ့ ကိုယ်စားလှယ်တွေနဲ့ တကယ် အလုပ်လုပ်မယ့် ကိုယ်စားလှယ်တွေကို တင်ပေးဖို့လိုပါတယ်။ အလုပ်လုပ်ကြမယ့်သူတွေကိုပဲ တင်ပေးကြပါ။ လွှတ်တော်ထဲဝင်ပြီး အခွင့်အရေးယူ၊ အခွင့်ထူးခံတွေ မဖြစ်သင့်ဘူး။ ကိုယ်တွေ ရွေးချယ်တဲ့ ပါတီက ကိုယ့်အပေါ် ခြယ်သပေးမယ့် ကိုယ်စားလှယ်လောင်းတွေကို စိစစ်ရွေးချယ်ပါလို့ပဲ ပြောချင်ပါတယ်”ဟု မန်းကျော်ငြိမ်းက မဲဆန္ဒရှင်တို့အပေါ် တိုက်တွန်းပြောဆိုထားသည်။

ကရင်အမျိုးသားပါတီကို ၂၀၁၄ ဇွန် ၆ တွင် စတင်တည်ထောင်ခဲ့ပြီးထိုနှစ် ဇူလိုင် ၁၆ တွင် ခွင့်ပြုချက် ရရှိခဲ့သည်။

Photo-KNP Facebook Page

Leave a Reply