ပုံစာ - ဇွန် ၂၇ တွင် မလေးရှားမှ လေကြောင်းဖြင့် ပြန်ရောက်လာသူ မြန်မာနိုင်ငံသားအချို့။ (Photo - MoFA)

ရန်ကုန်
၂၀၂၀ ဇွန် ၂၉

ကိုဗစ် – ၁၉ ကပ်ရောဂါဂယက်ကြောင့် ပြည်ပနိုင်ငံအသီးသီးမှ ပြန်ရောက်လာသူ အင်ဂျင်နီယာများ၊ ဆောက်လုပ်ရေးလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်သူများနှင့် လုပ်သားများအတွက် မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်(MCEF) က ပြည်တွင်း၌ လုပ်ငန်းခွင် ဖော်ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“ဆောက်လုပ်ရေးနဲ့ဆိုင်တဲ့ အင်ဂျင်နီယာတွေ၊ ကြီးကြပ်ရေးမှူးတွေ၊ နောက် ဆောက်လုပ်ရေးကျွမ်းကျင်တဲ့ လုပ်သားတွေ၊ အဲဒါတွေကို အဓိကထားတာပါ။ တိုင်းနဲ့ပြည်နယ် ၁၄ ခုမှာလည်း အသင်းရုံးတွေ ရှိပါတယ်။ အဲဒီမှာရှိတဲ့ ကုမ္ပဏီတွေနဲ့ ချိတ်ဆက်ပြီးတော့ ဆောင်ရွက်ပေးမှာဖြစ်ပါတယ်”ဟု MCEF အထွေထွေအတွင်းရေးမှူးချုပ် ဦးမျိုးမြင့်က ဟင်္သာမီဒီယာသို့ ပြောသည်။

လျှောက်ထားနိုင်သည့် လုပ်သားဦးရေ ကန့်သတ်ထားခြင်း မရှိကြောင်း၊ လာရောက်လျှောက်ထားသူများအနက် ၅၀ ရာခိုင်နှုန်း ကို အလုပ်အကိုင်ရရှိနိုင်အောင် ရည်မှန်းထားကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

အဆိုပါအလုပ်အကိုင်အခွင့်အလမ်းအတွက် MCEF အသင်းချုပ်ရုံးသို့ ဇူလိုင် ၁၅ ရက် နောက်ဆုံးထားပြီး လျှောက်လွှာများပေးပို့နိုင်ကြောင်း အသင်းတာဝန်ရှိသူက ပြောကြားသည်။

“အင်ဂျင်နီယာဖြစ်ဖြစ်၊ ကျွမ်းကျင်လုပ်သားပဲဖြစ်ဖြစ် သူတို့ဆီမှာ သင်တန်းတွေ တက်ရတယ်။ ကျွန်တော်တို့ ဒီက လုပ်သားတွေက ကျွမ်းကျင်တာမျိုးတွေ၊ လက်မှတ်တွေ ရယူတာမျိုးတွေ မရှိဘူး။ နည်းပညာပိုင်းဆိုင်ရာမှာလည်း သူတို့ဆီ(ပြည်ပ)ကနေ အတွေ့အကြုံတွေ နိုင်ငံကနေပြီးတော့ ပြန်ပြီးတော့ အသုံးချခွင့်ရမယ်၊နိုင်ငံအတွက်လည်း အကျိုးရှိမယ်။ ထိုနည်းလည်းကောင်းပဲ၊ သူတို့က ဟိုမှာ ကိုဗစ်ကြောင့် အလုပ်လက်မဲ့ဖြစ်ပြီး ပြန်ရောက်လာတဲ့အခါကျတော့ ဒီရောက်တော့ သက်ဆိုင်ရာနယ်ပယ်အသီးသီးကို ပြန်ပြီး လုပ်ကိုင်ခွင့်ရတဲ့အတွက် သူတို့အတွက်လည်း အဆင်ပြေစေမယ်ပေါ့နော် “ဟု MCEF အထွေထွေအတွင်းရေးမှူးချုပ်က ဖြည့်စွက်ပြောသည်။

ကိုဗစ် – ၁၉ ကြောင့် ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူများထဲမှ ဆောက်လုပ်ရေးနှင့်ပတ်သက်သည့်လုပ်ငန်းလုပ်ကိုင်သူဦးရေ မြဝတီနယ်စပ်ဂိတ်ဝင်ပေါက် စာရင်းများအရ ၆၀၀၀ ခန့်ရှိပြီဖြစ်ကြောင်း ၎င်းထံမှ ဇွန် ၂၉ က သိရသည်။

အလုပ်ကိစ္စအတွက် ဖုန်းဖြင့်ဆက်သွယ်လိုပါက ၀၉-၈၉၃၂၁၇၁၀၈ ၊ ၀၉-၈၉၃၂၁၇၁၀၉ ၊ ၀၉-၈၉၃၂၁၇၁၁၀ ကိုလည်းကောင်း၊ အီးမေးလ်မှတစ်ဆင့် ဆက်သွယ်လိုသူများသည် [email protected], [email protected] သို့လည်းကောင်း ချိတ်ဆက်ဆောင်ရွက်နိုင်ကြမည်ဟုလည်း MCEF ကအသိပေးကြေညာထားသည်။

မလေးရှားနိုင်ငံမှ ဇွန် ၂၇ တွင် လေကြောင်းဖြင့် ပြန်ရောက်လာသူ ၁၆၉ ဦးအနက် တစ်ဦးဖြစ်သည့် မကေဇင်နွယ်က”ကိုယ့်ရေကိုယ့်မြေကို ပြန်ရောက်လာတဲ့အခါမှာ အသက်အရွယ်၊ ပညာအရည်အချင်း၊ အတွေ့အကြုံကို မကြည့်ဘဲ ကာယလုပ်သားအလျောက်၊ ဉာဏလုပ်သားအလျောက် သူ့ဆိုင်ရာ နယ်ပယ်မှာ အလုပ်အကိုင်အခွင့်အလမ်း ဖော်ဆောင်ပေးနိုင်မယ်ဆို ဝမ်းသာစရာပေါ့”ဟု ပြောကြားသည်။

လက်ရှိအချိန်တွင် သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အစိုးရအဖွဲ့အစီအမံဖြင့် ဒဂုံမြို့သစ်တွင် ၂၁ ရက်တာ အသွားအလာ ကန့်သတ်၊ ကျန်းမာရေးဆိုင်ရာ စောင့်ကြည့်မှု ခံယူနေသည့် သူမက “ကိုယ့်ပြည်တွင်းမှာ အခု လက်ရှိကာလ လုပ်အားခ နှုန်းထားအတိုင်း လုပ်ကိုင်ရမယ်ဆိုရင်လည်း ပြည်ပပြန်တွေအတွက် အများကြီး အထောက်အကူပြုနိုင်တာပေါ့”ဟု ဟင်္သာမီဒီယာက ဖုန်းဖြင့် ဆက်သွယ်မေးမြန်းစဉ် သဘောထားမှတ်ချက်ပေးသည်။

ပြည်ပမှ COVID-19 ရောဂါ ကာကွယ်ရေးအစီအမံများ ချမှတ်ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံသို့ ပျံသန်းသည့် ခရီးစဉ်များ ယာယီရပ်ဆိုင်းမှုကြောင့် ပြည်ပတွင် အခက်ကြုံနေရသည့် မြန်မာနိုင်ငံသား ၅၅၀၅ဦးကို ပြည်တွင်းသို့ ကယ်ဆယ်ရေးလေယာဉ်များဖြင့် ပြန်လည် ခေါ်ဆောင်ပေးခဲ့ပြီးဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ဇွန် ၂၆ ဖော်ပြချက်အရ သိရသည်။

နယ်စပ်နှင့် လေကြောင်းမှ ဝင်ရောက်လာနေဆဲ ပြည်တော်ပြန်များနှင့် ပတ်သက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “ဆောင်ရွက်ချက်တစ်ရပ်ကတော့ ပြည်ပရောက်နေတဲ့ ပြည်သူတွေပြန်လာနိုင်ရေးဖြစ်ပြီး၊ ပြည်ပနိုင်ငံအချို့မှာ ရောဂါပျံ့ပွါးမှုနှုန်း မြင့်မားနေတာကြောင့်၊ ပြန်လာသူများထံမှ ရောဂါမပျံ့ပွါးစေဖို့အတွက် လည်း အထူးဂရုစိုက်ပြီး ပြင်ဆင်ထားရပါတယ်”ဟု ဇွန်လလယ်ပိုင်းတွင် ပြောဆိုထားသည်။

စိုင်းထွန်းစံ

 

Leave a Reply