၂၀၂၀ မေ ၉ ၊ ရန်ကုန်
ဟင်္သာမီဒီယာ

ကိုဗစ် – ၁၉  ရောဂါလက္ခဏာများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက မေ ၉ မွန်းလွဲပိုင်းတွင် ထုတ်ပြန်ခဲ့ရာ ယခင်ကြေညာအသိပေးထားပြီးအချက်များအပြင် ထပ်တိုး ရောဂါလက္ခဏာအချို့ ပါဝင်လာကြောင်း တွေ့ရသည်။

ကိုယ်လက်အီမသာဖြစ်ခြင်း၊ ကြွက်သားနှင့် အဆစ်အမြစ်များ နာကျင်ခြင်း၊ မူးဝေအော့အန်ခြင်း၊ ဝမ်းလျောခြင်းနှင့် အနံ့၊ အရသာ အာရုံခံစားမှု ပျောက်ကွယ်ခြင်း စသည့် လက္ခဏာများ ဖော်ပြပါဝင်လာသည်။

ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ မောခြင်း၊ လည်ချောင်းနာခြင်း၊ နှာခေါင်းပိတ်ခြင်း၊ နှာချေခြင်းနှင့် နှာစေးခြင်းတို့မှာ ယခင်ကတည်းက လူသိများခဲ့သော ရောဂါလက္ခဏာများ ဖြစ်သည်။

ကိုဗစ် ၁၉ အတည်ပြုလူနာများကို လေ့လာဆန်းစစ်ချက်အရ ယင်း လက္ခဏာများ တွေ့ရှိရခြင်းဖြစ်ပြီး  ပြည်သူများ သိရှိနိုင်ရန် ဖော်ပြကြောင်း ယင်းဌာနက ဆိုသည်။

မြန်မာနိုင်ငံ၌ မေ ၉ ရက်အထိ လူနာများတွင် ကိုယ်လက်အီမသာဖြစ်ခြင်းနှင့် ကြွက်သား၊ အဆစ်အမြစ်များ နာကျင်ခြင်းကို လူနာ ၁၃ ရာခိုင်နှုန်းတွင်လည်းကောင်း၊ မူးဝေအော့အန်ခြင်းနှင့် ဝမ်းလျောခြင်းကို လူနာ ၁၁ ရာခိုင်နှုန်းတွင်လည်းကောင်း၊ အနံ့ အရသာ မရခြင်းကို လူနာ ၉ ရာခိုင်နှုန်းတွင်လည်းကောင်း တွေ့ရကြောင်း ဝန်ကြီးဌာန၏ စစ်တမ်းဖော်ပြချက်တွင် ပြဆိုသည်။

ရောဂါလက္ခဏာတွေ့ရှိမှုရာခိုင်နှုန်းမှာ ဖျားခြင်း ၇၃ ရာခိုင်နှုန်း၊  ချောင်းဆိုးခြင်း ၄၉ ရာခိုင်နှုန်း၊ မောခြင်း ၂၁ ရာခိုင်နှုန်း၊ လည်ချောင်းနာခြင်း ၁၈ ရာခိုင်နှုန်း၊ နှာခေါင်းပိတ်ခြင်း၊ နှာချေခြင်းနှင့် နှာစေးခြင်း ၁၃ ရာခိုင်နှုန်းတွင် တွေ့ရသည်ဆို၏။

ပြည်သူများအနေဖြင့် ရောဂါလက္ခဏာများကို သိရှိထားမှသာ မိမိတွင် ရောဂါရှိ မရှိ ခန့်မှန်းသိရှိနိုင်မည်ဖြစ်ကြောင်း၊ ရောဂါလက္ခဏာ ဖြစ်ပွားပါက အနီးဆုံး ကျန်းမာရေးဌာနသို့ အကြောင်းကြား ပြသစေလိုကြောင်း ဝန်ကြီးဌာနက ဆော်သြထားသည်။ ကိုဗစ်လူနာများနှင့် ထိတွေ့ခဲ့သူများ၊ ရောဂါအဖြစ်များရာနိုင်ငံများမှ ပြန်လာသူများအနေဖြင့်လည်း သတိပြုကြရန် တိုက်တွန်းထားသည်။

မြန်မာတွင် မေ ၉ ညနေပိုင်းထိ အခြေအနေမှာ ပိုးတွေ့လူနာ ၁၇၇ ဦး၊ ပိုးတွေ့သက်သာ ၆၇  ဦး၊ ကုသဆဲ ၁၀၄ ဦး ရှိပြီး သေဆုံးသူမှာ ၆ ဦး ရှိခဲ့သည်။ ဓာတ်ခွဲစစ်ဆေးခဲ့သူ ဦးရေမှာ ၁၀၈၃၂ ဦး ရှိခဲ့သည်။

Written by ဘသွင်

Photo mohs

Leave a Reply