Image Credit : DARK Reading

ရန်ကုန် ဇူလိုင် ၃၀

ကိုဗစ် – ၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာဟောင်းများအနက် ဘင်္ဂလားဒေ့ရှ်နိုင်ငံပြန် လူနာအမှတ် ၃၀၈ မှာ နှစ်ကြိမ်ဆက်တိုက် ပိုးစစ်ဆေး တွေ့ရခြင်း မရှိ၍ မြန်မာတွင် ပိုးကင်းစင်သွားသူ ဦးရေ ၂၉၅ ဦးအထိ ရှိလာကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဇူလိုင် ၃၀ ည ၈ နာရီထုတ်ပြန်ချက်အရ သိရသည်။

ယခု ပိုးကင်းစင်လာသူမှာ ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်နေ အသက် ၃၂ နှစ်အရွယ် အမျိုးသားဖြစ်ပြီး ကမာရွတ်မြို့နယ်တွင် အသွားအလာကန့်သတ်ထားခံထားရရာမှ ဇူလိုင် ၄ ရက်တွင် ပိုးစစ်ဆေးတွေ့ရှိရသဖြင့် တောင်ဥက္ကလာပ အထူးကုဆေးရုံကြီး၌ ကုသမှုခံယူနေသူလည်းဖြစ်သည်။

ရောဂါပိုးကင်းစင်လာသူများအနက် ၂၈၀ ဦးကို ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာများတွင် အသွား အလာဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း ကျန်းမာရေးဌာနက ဆိုသည်။

မန္တလေးနှင့် မော်လမြိုင်ရှိ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနနှစ်ခုအပြင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL)နှင့် ဆေးသုတေသနဦးစီးဌာန (DMR)တို့က ဓာတ်ခွဲနမူနာ စုစုပေါင်း ၇၅၅ခုကို ဇူလိုင် ၃၀ ညနေတွင် စစ်ဆေးပြီးစီးခဲ့ရာ ပိုးတွေ့ရသူ မရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မြန်မာနိုင်ငံတွင် ဇူလိုင် ၃၀ ည ၈ နာရီအထိ စာရင်းမှာ ကူးစက်ခံရသူပေါင်း ၃၅၃ဦးအထိရှိပြီး ယင်းအနက် ၂၁၆ ဦးမှာ အမျိုးသား၊ ၁၃၇ ဦးမှာ အမျိုးသမီးများ ဖြစ်ကြသည်။ ပိုးတွေ့ခဲ့ရသူများတွင် ကလေးသူငယ် ၉ ဦးပါဝင်ခဲ့ပြီး အရွယ်ရောက်ပြီးသူ ၃၄၄ ဦး ပါဝင်ခဲ့ကာ သေဆုံးသူ ဦးရေ ၆ဦး ရှိခဲ့သည်။

ဖော်ပြပါအချိန်တွင် စောင့်ကြည့်လူနာ စုစုပေါင်းမှာ နိုင်ငံအဝှမ်း၌ ၆၇၁၅ ဦး ရှိနေခဲ့သည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ပိုးတွေ့လူနာစာရင်းအရ ရန်ကုန်တိုင်းမှာ ၂၄၉ ဦးဖြင့် အများဆုံး တွေ့ရှိခဲ့ရပြီး ကရင်ပြည်နယ်မှာ ၂၉ ဦးဖြင့် ဒုတိယ၊ ရခိုင်ပြည်နယ်မှာ ၁၆ ဦးဖြင့် တတိယနေရာတွင် ရှိနေသည်။ ချင်းပြည်နယ်တွင် ၁၄ ဦး၊ ပဲခူးတိုင်းနှင့် စစ်ကိုင်းတိုင်းတွင် ၉ ဦးစီ၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်တောင်ပိုင်းတွင် ၄ ဦးစီ၊ မကွေးတိုင်း၊ ရှမ်း(အရှေ့)နှင့် ရှမ်း(မြောက်)ဒေသတို့တွင် ၃ ဦးစီ၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ်၊ နေပြည်တော်၊ ဧရာဝတီတိုင်းနှင့် တနင်္သာရီတိုင်းတို့တွင် ၂ ဦးစီ ရှိနေကြသည်။ ကယားပြည်နယ်မှာမူ ပိုးတွေ့လူနာ မရှိသေးကြောင်း ဝန်ကြီးဌာနက ဆိုထားသည်။

စောဇင်မောင်

Source : MoHS Myanmar
Image Credit : DARK Reading

Leave a Reply