ရန်ကုန် ဇူလိုင်၃၀

ကိုဗစ် – ၁၉ ၏ သက်ရောက်မှုများကို တုံ့ပြန်ခြင်းနှင့် အသုံးစရိတ်ဆိုင်ရာ အထောက်အပံ့အစီအစဉ်အတွက် အမေရိကန်ဒေါ်လာသန်း၂၅၀ ကို အာရှဖွံ့ဖြိုးရေးဘဏ် (ADB)ထံမှ ချေးယူရန် ပြည်ထောင်စုလွှတ်တော်က ဇူလိုင် ၂၉ ရက်နေ့တွင် အတည်ပြုခဲ့သည်။

အဆိုပါအစီအစဉ်ကို နိုင်ငံတော်သမ္မတက လွှတ်တော်သို့ ပေးပို့ထားခြင်း ဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်များဆွေးနွေးခြင်းကို ဇူလိုင် ၂၇ တွင် ဆောင်ရွက်ခဲ့ရာ ကိုယ်စားလှယ် ငါးဦး ဆွေးနွေးခဲ့ကြသည်။ ယင်းဆွေးနွေးချက်များအပေါ် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဇူလိုင် ၂၉ တွင် ပြန်လည်ရှင်းလင်းခဲ့သည်။ ယင်းနောက် လွှတ်တော်၏ အဆုံးအဖြတ်ရယူခဲ့ရာ ကန့်ကွက်သူ မရှိ အတည်ပြုနိုင်ခဲ့သည်။

ပဲခူးတိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ် ၅ မှ ဒေါက်တာတင်တင်ဝင်းက ချေးငွေကိစ္စ ဆွေးနွေးရာ၌ ကြီးကြပ်စစ်ဆေး အကဲဖြတ်ခြင်း (Monitoring and Evaluation) ကို သက်ဆိုင်ရာဌာနများက အဆင့်တိုင်းမှာ ပြုလုပ်ရန် အရေးကြီးကြောင်း အကြံပြုခဲ့သည်။

၎င်းအပေါ် ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက”ADB နဲ့ ညှိနှိုင်းပြီးတော့ Monitoring and Evaluation လုပ်ငန်းစဉ်များ ရေးဆွဲချမှတ် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း တင်ပြအပ်ပါတယ်”ဟု လွှတ်တော်သို့ ရှင်းလင်းစဉ် ပြောကြားသည်။

တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးဝင်းလွင်ဦးက ချေးငွေကို CERP(ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စီးပွားရေးထိခိုက်မှု သက်သာရေး စီမံချက်)လုပ်ငန်းစဉ်မှ မည်သည့်ကဏ္ဍများတွင် အဓိက ဦးစားပေး ထောက်ပံ့မည်ကို မေးမြန်းခဲ့ပြီး အထိခိုက်ဆုံးကဏ္ဍများကို စနစ်တကျ ရွေးချယ်ပြီး ဦးစားပေးအလိုက် သုံးစွဲသင့်ကြောင်း အကြံပြုထောက်ပြသည်။

၎င်းအပေါ် ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက”ဒီချေးငွေဟာ ကိုဗစ် – ၁၉ ကုစားရေးကိစ္စများအတွက် ဖြစ်သဖြင့် လွှတ်တော်ကိုယ်စားလှယ်ကြီး အကြံပြုထားသကဲ့သို့ အထိခိုက်ဆုံးကဏ္ဍတွေကို စနစ်တကျ ရွေးချယ်ပြီးတော့ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ အတည်ပြုချက်နဲ့ သုံးစွဲရမှာ ဖြစ်ပါတယ်”ဟု ရှင်းလင်းသည်။ ကိုဗစ် – ၁၉ ကာကွယ်ဆေးပေါ်လာပါက ချေးငွေ၏ တစိတ်တပိုင်းကို အသုံးပြု ဝယ်ယူနိုင်ရန် လွှတ်တော်ကိုယ်စားလှယ် အကြံပြုချက်ကို ထည့်သွင်းစဉ်းစားမည်ဖြစ်ကြောင်းလည်း တုန့်ပြန်ခဲ့သည်။

ဆက်လက်၍ ဒုတိယဝန်ကြီးက “ချေးငွေများကို အလေအလွင့်မရှိ စိစိစစ်စစ်နဲ့ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ရန် အကြံပြုချက်များကိုလည်း ကြိုဆိုပါတယ်။ နိုင်ငံတော်အနေနဲ့ နှစ်အလိုက် GDPတိုးတက်မှုနှုန်းအပေါ်မှာ ထိခိုက်မှု အသက်သာဆုံး ဖြစ်အောင် ကြိုးပမ်းပြီးတော့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ဖြည့်စွက်ပြောသည်။

ပလက်ဝမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်အောင်က ဆွေးနွေးရာတွင် မြန်မာနိုင်ငံဒေသအသီးသီးရှိ IDP စခန်းများနေ တိုက်ပွဲရှောင်ပြည်သူများအတွက်လည်း ကာကွယ်ထိန်းချုပ်ကုသခြင်း လုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ဖို့ စဉ်းစားသင့်ကြောင်း အကြံပြုခဲ့သည်။

ယင်းအပေါ် “စစ်ဘေးရှောင် ပြည်သူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှတဆင့် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှလည်း ခွဲဝေထောက်ပံ့ပေးထားပါကြောင်း တင်ပြအပ်ပါတယ်”ဟု စီမံ/ဘဏ္ဍာ/စက်မှု ဒု ဝန်ကြီးက ဆိုသည်။

တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးရဲထွန်းက ယခု ADP ချေးငွေ ထုတ်ယူသုံးစွဲမှုနှင့် စီမံခန့်ခွဲမှုများမှာ CERP လုပ်ငန်းစဉ်များနှင့် ဆက်စပ်ဆောင်ရွက်မည်လား၊ သီးခြားဆောင်ရွက်မည်လား မေးမြန်းထားသည်။

” CERP ကို အကောင်အထည်ဖော်နိုင်ရန် အဓိကထားပြီးတော့ ယူထားတာဖြစ်တဲ့အတွက်ကြောင့် CERP လုပ်ငန်းစဉ်များနဲ့ ဆက်စပ်ဆောင်ရွက်သွားရမှာဖြစ်ကြောင်း တင်ပြအပ်ပါတယ်”ဟု ဒု ဝန်ကြီးက ဖြေကြားခဲ့သည်။

ယင်းချေးငွေကို ရယူပြီးနောက် ပြည်ထောင်စုအစိုးရအဖွဲ့အနေဖြင့် သတ်မှတ်ထားသော နယ်ပယ်များတွင် COVID-19 အတွက် တုံ့ပြန်ဆောင်ရွက်မှုများကို ADB မှ Performance Indicatorများဖြင့် တိုင်းတာ၍ လိုအပ်ချက်များကို ပြည့်မီအောင် ဆောင်ရွက်နိုင်မှသာ ချေးငွေကို အဆင့်ဆင့် ထုတ်ယူနိုင်အောင် ချိတ်ဆက်ထားကြောင်း ဒုတိယဝန်ကြီးက ပြောသည်။

“Performance Indicater များဖြင့် တိုင်းတာမယ့် နယ်ပယ် သုံးခု သတ်မှတ်ပြီး ဖြစ်ပါတယ်။ အဆိုပါ နယ်ပယ်များကတော့ ၁၊ ကိုဗစ် – ၁၉ ကြောင့် ထိခိုက်နစ်နာသူ ဝင်ငွေနည်း အိမ်ထောင်စုများကို လူမှုရေးဆိုင်ရာ ကူညီပံ့ပိုးခြင်း၊ ၂၊ ကိုဗစ် – ၁၉ ကာကွယ်ထိန်းချုပ် ကုသခြင်းတို့ အတွက် ကျန်းမာရေးစနစ်များ ပိုမိုအားကောင်းစေခြင်း၊ ၃ – အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းများနဲ့ လုပ်သားများကို အားပေးမြှင့်တင်ခြင်း စတဲ့ နယ်ပယ်တွေ ဖြစ်ပါတယ်”ဟုလည်း ဖြည့်စွက်ပြောသည်။

လှိုင်းဘွဲ့မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်ချိုက ဆွေးနွေးရာ၌ ADB ချေးငွေနှင့် ပတ်သက်ပြီး ဆောင်ရွက်ရန် ရည်မှန်းထားသည့် လုပ်ငန်းစဉ် သုံးရပ်အနက် မည်သည့်လုပ်ငန်းစဉ်ကို ငွေ ပမာဏမည်မျှ သုံးစွဲမည်နည်း မေးမြန်းထားရာ ဦးမောင်မောင်ဝင်းက “ယခုADB ချေးငွေဟာ ကိုယ်စားလှယ်တော်ကြီး ဆွေးနွေးသလို လုပ်ငန်းစဉ်သုံးခုမှာ သုံးစွဲရန် မဟုတ်ဘဲနဲ့ အခြားနယ်ပယ်တွေမှာ သုံးစွဲရမယ့် ချေးငွေဖြစ်ပါတယ်။ ကိုယ်စားလှယ်တော်ကြီး မေးမြန်းထားတဲ့ နယ်ပယ်များဟာ ချေးငွေစီမံကိန်းအတွက် ADB ကနေပြီးတော့ Performance Indicater များနဲ့ တိုင်းတာမယ့် နယ်ပယ်တွေဖြစ်ပါတယ်။ ချေးငွေ သုံးစွဲရမယ့် နယ်ပယ်တွေ မဟုတ်ပါဘူး။ အစိုးရက အဆိုပါနယ်ပယ်တွေကို မိမိအစီအစဉ်နဲ့ အကောင်အထည်ဖော် ဆောင်ရွက်ရမှာ ဖြစ်ပြီးတော့ ချေးငွေကိုတော့ မိမိ ဦးစားပေးလိုတဲ့ အသုံးစရိတ်များမှာ သုံးစွဲရန် ဖြစ်ပါတယ်”ဟု ဆိုသည်။

AGB ချေးငွေစည်းကမ်းချက်များမှာ ဆိုင်းငံ့ကာလ ရှစ်နှစ်၊ ပြန်ဆပ်ကာလ ၁၆ နှစ်၊ ပေါင်း ၂၄ နှစ်ဖြစ်သည်။ အတိုးနှုန်းမှာ တစ်နှစ်လျှင် ဆိုင်းငံ့ကာလတွင် ၁ ဒသမ ဝရာခိုင်နှုန်း၊ ပြန်ဆပ်ကာလတွင် ၁ ဒသမ ၅ ရာခိုင်နှုန်း အသီးသီးဖြစ်သည်။

ယင်းနေ့(၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမနေ့ကို အစီအစဉ် ၁၃ ခုဖြင့် ဇူလိုင် ၂၉ တွင် ကျင်းပခဲ့ပြီး အဋ္ဌမနေ့ကို လာမည့်သြဂုတ် ၅ တွင် ကျင်းပမည်ဖြစ်သည်။

စောဇင်မောင်ံ

Leave a Reply