ကိုယ့်ကိုယ်ကိုယ် လေးစားတန်ဖိုးထားခြင်း (Self-Respect) ဆိုတာဘာလဲ…

Hand writing Time to Respect Yourself with white chalk on blackboard. Self-respect concept.

Self- Respect ဆိုတာ ကိုယ်တိုင်ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်တွေ၊ အမြဲတမ်းပြုလုပ်တဲ့အရာတွေ၊ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုပြုမူသလဲ၊ သူတပါးက ကိုယ့်ကိုယ်ဘယ်လိုပြုမူဆက်ဆံစေလိုလဲ… စတဲ့ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားသတ်မှတ်ထားတဲ့ စံနှုန်းအပေါ်မူတည်ပြီး ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်တွေ၊ အပြုအမူ အပြောအဆိုတွေ ဖြစ်ပါတယ်။

တကယ်တမ်း လူမှုပတ်ဝန်းကျင်မှာတော့ သူတပါးကို လေးစားသမှုနဲ့ ပြုမူ ပြောဆို ဆက်ဆံရမယ် ဆိုတဲ့ စကားတွေကိုသာ ထပ်လဲလဲ ပြောကြပြီး၊ ဆိုဆုံးမခံကြရတာ များပါတယ်။ ဒါကြောင့်ပဲ လူတွေဟာ သူတပါးကို စိတ်ချမ်းသာအောင် အရင်ကြိုးစားပြီး နောက်ပိုင်းမှာမှ ကိုယ့်အတွက်ကိုယ် စဉ်းစားတတ်ကြပါတယ်။ တခါတရံမှာတော့ ဒါဟာ ကိုယ့်ရဲ့ အရေးပါအရာရောက်မှုနဲ့ တန်ဖိုးတွေကို လျော့ကျသွားသလို ဖြစ်စေတတ်ပါတယ်။

Self-respect ဆိုတဲ့ စကားလုံးနဲ့ မရင်းနှီးကြသေးသူတွေအဖို့ ဒီစကားလုံးနဲ့ ပက်သက်ပြီး ဝေေ၀ဝါးဝါး တွေးမိတတ်ကြပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲခြင်းလား၊ အတ္တမာနတွေကြီးလွန်းနေတာလား စသဖြင့် ရောနှောတွေးမိတတ်ကြပါတယ်။ တကယ်တော့ self-respect ဆိုတာ လူတစ်ယောက်ရဲ့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ထားရှိတဲ့ တန်ဖိုးနဲ့ ကိုယ်ရဲ့ ပျော်ရွှင်မှုအပေါ် တိုက်ရိုက် သက်ရောက်နေတဲ့ စွမ်းအင်တစ်ခုပဲ ဖြစ်ပါတယ်။

Self-Respect ဆိုတဲ့စကားလုံးရဲ့ အနက်အဓိပ္ပါယ်ထဲမှာ ခိုင်မာတဲ့ ဂုဏ်သိက္ခာနဲ့ ကိုယ်ပိုင်ယုံကြည်ချက်တွေ ပါဝင်ထားသလို ရိုးသားခြင်း၊ ကျက်သရေပြည့်ဝခြင်း၊ လေးစားထိုက်သောအရည်အချင်းများနှင့် ပြည့်စုံခြင်း စတဲ့ ကောင်းမြတ်သော အမူအကျင့်တွေ ပိုင်ဆိုင်ထားခြင်း တို့လည်း ပါဝင်ထားပါတယ်။

Self-Respect က ဘာကြောင့်အရေးကြီးသလဲ

၁. Self-respect ရှိခြင်းဟာ ကိုယ့်ရဲ့ယုံကြည်ချက်ခိုင်မာခြင်းနဲ့ ကိုယ်ကျင့်တရားကောင်းမွန်ခြင်းတွေကို ဖော်ပြနေပါတယ်။ ဘယ်လိုအကြောင်းကြောင့် ဖြစ်ပါစေ ကိုယ်တိုင်သတ်မှတ်ထားတဲ့ တန်ဖိုးကို မပျက်ယွင်းအောင် စောင့်ထိန်းဖို့ လိုအပ်သလို သူတပါးရဲ့ ယုံကြည်ချက်နဲ့ ဆုံးဖြတ်ချက်တွေကို တန်ဖိုးထားပြီး လေးစားလိုက်နာပေးဖို့လည်း လိုအပ်ပါတယ်။ ဒီနေရာမှာ တစ်ခုသတိထားရမှာက လူတွေဟာ တစ်ယောက်နဲ့တစ်ယောက် အတွေးအခေါ်၊ အယူအဆတွေ မတူညီကြတာမို့ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ချမှတ်ထားတဲ့ စည်းကမ်းချက်တွေ၊ တန်ဖိုးထားခြင်းတွေဟာ မတူညီကြပါဘူး။ ဒါကြောင့် ကိုယ့်အတွက် အရေးမကြီးဘူးလို့ ယူဆတိုင်း လက်လွတ်စပယ် ပြုမူပြောဆိုတာ၊ အကူအညီတောင်းတာ၊ ခိုင်းစေတာတွေကို ရှောင်ကြဉ်ဖို့ လိုအပ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားသလို ကိုယ့်ပတ်ဝန်းကျင်က လူတွေအပေါ်တန်ဖိုးထားတတ်ခြင်းဟာလည်း ကိုယ်ကျင့်တရားကောင်းမွန်ပြီး လောကဝတ်နားလည်တဲ့ လူယဉ်ကျေးတစ်ယောက်ရဲ့ ကျင့်ဝတ်တစ်ခုပါပဲ။ ဒါ့ကြောင့် self-respect ဆိုတဲ့အပိုင်းမှာ ကိုယ့်ရဲ့တန်ဖိုးကိုယ် ခိုင်ခိုင်မာမာစောင့်ထိန်းပြီး သူတပါးရဲ့ ယုံကြည်ချက်နဲ့ တန်ဖိုးထားမှုတွေအပေါ် လေးစားတတ်ဖို့လဲ ပါဝင်ပါတယ်။

၂. Self-Respect ကြောင့် ကိုယ်တိုင်နဲ့ ပတ်ဝန်းကျင်ကလူတွေကြားမှာ ပိုမိုကောင်းမွန်တဲ့ အနေအထားတစ်ခု ဖန်တီးနိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် လေးစားရင် ကိုယ်ဟာ တန်ဖိုးရှိတဲ့ လူပုဂိုလ်တစ်ယောက်လို့ ခံစားရမယ့်အပြင် အချစ်ခံရဖို့၊ လေးစားခံရဖို့ ထိုက်တန်တဲ့ လူတစ်ယောက်အဖြစ် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရပါလိမ့်မယ်။ နောက်တစ်ခုကတော့ ကိုယ့်ပတ်ဝန်းကျင်က လူတွေကပါ စိတ်ရင်းနဲ့ အသိအမှတ်ပြုပြီး လေးစားစွာ ပြုမူဆက်ဆံလာကြမှာ အမှန်ပါပဲ။

၃. ကိုယ့်ကိုယ်ကိုယ် လေးစားတန်ဖိုးထားသူတွေဟာ သူတပါးနဲ့ ယှဉ်ပြိုင်ဖို့ မလိုအပ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ်ချစ်တဲ့အခါ၊ ကိုယ့်တန်ဖိုးကိုယ်နားလည်တဲ့အခါ စိတ်အနှောင့်အယှက်ဖြစ်စရာတွေ နည်းပါးပြီး ပျော်ရွှင်နေရပါလိမ့်မယ်။ ဒါ့အပြင် ကိုယ့်ရဲ့ အရည်အချင်း၊ ကျွမ်းကျင်မှုတွေနဲ့ ကိုယ်ပိုင်စွမ်းရည်တွေအကြောင်း သေချာသိနားလည်နေသူအနေနဲ့ သူတပါးအပေါ် မနာလိုဖြစ်နေမှာ မဟုတ်ဘဲ အောင်မြင်ပျော်ရွှင်မှုတွေ ရရှိနေမှာ အသေချာပဲ ဖြစ်ပါတယ်။

ဒါ့ကြောင့် ကိုယ့်ရဲ့ တန်ဖိုးကိုယ်တိုင် သတ်မှတ်ပြီး ကိုယ်တန်ဖိုးထားတဲ့အရာတွေကို ဘာအကြောင်းကြောင့်နဲ့မှ မပျက်ယွင်းအောင် စောင့်ထိန်းဖို့ လိုအပ်သလို သူတပါးရဲ့ တန်ဖိုးနဲ့ အတွေးအမြင်တွေအပေါ် နားလည်လက်ခံပြီး ကိုယ့်ရဲ့ ဂုဏ်သိက္ခာကို မြှင့်တင်ဖို့လည်း အဓိကလိုအပ်ပါတယ်။ Self-Respect ပြည့်ဝနေရင် တန်ဖိုးရှိတဲ့ လူယဉ်ကျေးတစ်ယောက် ဖြစ်နေမှာ အမှန်ပါပဲ။

Written by Audrey Chann

 

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.