Advertisements

လာမည့် ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲ၌ ပြည်ထောင်စုအဆင့်နှင့် ပြည်နယ်၊ တိုင်းလွှတ်တော်များတွင် နေရာအများစုကို တစ်ပြည်နယ်တစ်ပါတီ အနိုင်ရရေး တိုင်းရင်းသားနိုင်ငံရေးပါတီများအချင်းချင်း ပူးပေါင်းခြင်းဖြင့် စတင် စိုင်းပြင်းနေကြပြီဖြစ်သည်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် တိုင်းရင်းသားပါတီများသည် သက်ဆိုင်ရာ ပြည်နယ်မဲဆန္ဒနယ်များ၌ အင်တိုက်အားတိုက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသော်လည်း ရှမ်းနှင့် ရခိုင်ပြည်နယ်တို့မှလွဲ၍ ကျန်တိုင်းရင်းသားပြည်နယ် အများစုတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကသာ နေရာအများစုကို သိမ်းပိုက်သွားခဲ့သည်။

ထိုအချက်က တစ်ကွဲတစ်ပြားစီဖြစ်နေသော တိုင်းရင်းသားပါတီများကို တစ်စုတစ်စည်းတည်း ဖြစ်ပေါ်လာစေရန် တပ်လှန့်သံကဲ့သို့ ဖြစ်စေခဲ့သည်။

ဘယ်ပါတီတွေ ပေါင်းလိုက်လဲ

ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်နှင့် ရှမ်းတိုင်းရင်းသားပါတီများသည် ပြီးခဲ့သည့် ရွေးကောက်ပွဲများ၌ အနည်းဆုံး နှစ်ပါတီခေါင်းစဉ်အောက်မှ ကိုယ်စားပြု အရွေးချယ်ခံခဲ့ကြသည်။ ရလဒ်အနေဖြင့် မဲကွဲသွားသည်။

စစ်အစိုးရလက်ထက်က ကျင်းပခဲ့သည့် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်နှင့်ယှဉ်လျှင် ၂၀၁၅ ရွေးကောက်ပွဲရလဒ်သည် တိုင်းရင်းသားပါတီများ ပါဝင်မှုနှုန်း ကျဆင်းခဲ့သည်။

၂၀၁၀ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲကျင်းပသည့် မဲဆန္ဒနယ် ၁၁၅၄ နယ်အနက် တိုင်းရင်းသားပါတီများက ၁၈၀ နိုင်ခဲ့ပြီး (၁၅ ဒသမ ၆ ရာခိုင်နှုန်း) ၂၀၁၅တွင် ရွေးကောက်ပွဲကျင်းပသည့် မဲဆန္ဒနယ် ၁၁၃၄ အနက် တိုင်းရင်းသားပါတီများက ၁၄၀ (၁၂ ဒသမ ၃ ရာခိုင်နှုန်း) သာ ရရှိခဲ့သည်။

ထို့ကြောင့် လာမည့်ရွေးကောက်ပွဲအတွက် ဗျူဟာပြောင်းရန် ပြင်ဆင်ကြခြင်းဖြစ်သည်။

“NLD ကလည်း ညွန့်ပေါင်းအစိုးရ မလုပ်နိုင်ဘူးဆိုတဲ့ အပိုင်းတွေရှိတယ်။ ကျွန်တော်တို့ လက်တွဲလုပ်ဆောင်မယ်ဆိုတဲ့ဟာမျိုး ဘယ်လိုလုပ်မလဲဆိုတာ NLD က နားမလည်ဘူး။ ဒါ့ကြောင့် မဲနိုင်ဖို့ပဲ အရေးကြီးပါတယ်” ဟု ကချင်ပြည်သူ့ပါတီ (KSPP) ဒုဥက္ကဋ္ဌ ဦးကွမ်ဂေါင်အောင်ခမ်းက ဆိုသည်။

KSPP သည် စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ (ကချင်ပြည်နယ်)၊ ကချင်ပြည်နယ်ဒီမိုကရေစီပါတီနှင့် ကချင်ဒီမိုကရက်တစ်ပါတီတို့ သုံးပါတီ ပူးပေါင်းထားသည့် ကချင်တိုင်းရင်းသားကိုယ်စားပြု ပါတီသစ်ဖြစ်သည်။ ၂၀၁၅ တုန်းက NLD အောင်ပွဲခံခဲ့သည့် ကချင်ပြည်နယ်တွင် ကချင်ဒေသခံ နှစ်ပါတီပေါင်းမှ လေးနေရာသာ အနိုင်ရရှိခဲ့သည်။

ကချင်ပါတီများအပြင် ချင်းပြည်နယ်တွင် ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ၊ ချင်းတိုးတက်ရေးပါတီနှင့် ချင်းဒီမိုကရေစီအဖွဲ့ချုပ် သုံးပါတီကလည်း‘ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်’ ဟူသည့် အမည်သစ်ဖြင့် ပူးပေါင်းလိုက်သည်။

၂၀၁၆ ခုနှစ်မှ စတင်ကာ ဒေသတွင်းပါတီများ ပေါင်းစည်းရေးကို တစိုက်မတ်မတ် ဆောင်ရွက်ခဲ့သည့် ချင်းပါတီများအနေဖြင့် ၂၀၁၇ ခုနှစ် ဇူလိုင်လထဲတွင် ထိုရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်ခဲ့သည်။

“လူထုက ပေါင်းမှပဲ မဲပေးမယ်ဆိုတော့ ၂၀၁၈ ကြားဖြတ်မှာ ပေါင်းလိုက်တော့ ပြန်နိုင်တယ်လေ။ အဓိကကတော့ လူထုဆန္ဒအရ ကျွန်တော်တို့ ပေါင်းရတာပါ” ဟု ပေါင်းလိုက်သည့် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အတွင်းရေးမှူး ဆလိုင်းရှိန်ထွန်းက ပြောသည်။

ပူးပေါင်းလိုက်ပြီးနောက် ၎င်းတို့ပါတီသည် ၂၀၁၈ ကြားဖြတ်၌ ချင်းပြည်နယ်လွှတ်တော် မတူပီမဲဆန္ဒနယ်တွင် အနိုင်ရရှိခဲ့သည်။

၂၀၁၈ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်နေရာ ၁၃ နေရာအနက် NLD က ကိုးနေရာ သိမ်းပိုက်ခဲ့သည်။ မူလက ၆ နေရာ ရှုံးနိမ့်ခဲ့ပြီး ထို ၆ နေရာတွင် ၅ နေရာမှာ တိုင်းရင်းသားနယ်မြေများရှိ နေရာများဖြစ်သည်။ ရှုံးခဲ့သည့် မဲဆန္ဒနယ် နှစ်နေရာနှင့်ပတ်သက်ပြီး ကန့်ကွက်ခဲ့ရာ ရွေးကောက်ပွဲကော်မရှင်က NLD ကို ပြန်အနိုင်ပေးလိုက်သည်။

မွန်နိုင်ငံရေးပါတီများသည် ၂၀၁၅ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ် လေးနေရာသာ အနိုင်ရရှိခဲ့သည်။

၂၀၁၇ ခုနှစ်အတွင်းမှာပင် မွန်နိုင်ငံရေးပါတီနှစ်ခုဖြစ်သည့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနှင့် မွန်အမျိုးသားပါတီတို့ကလည်း တစ်ပါတီတည်းကိုယ်စားပြုရန်ဟုဆိုကာ “မွန်ညီညွတ်ရေးပါတီ” ဟု မှတ်ပုံတင်ထားသည်။

ကရင်ပြည်နယ်တွင် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ကရင်ဒီမိုကရက်တစ်ပါတီ၊ စည်းလုံးညီညွတ်သော ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ သုံးခုပေါင်း၍ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီဟူ၍ ပေါင်းစည်းခဲ့ကြသလို ကယားပြည်နယ်တွင်လည်း လူမျိုးပေါင်းစုံဒီမိုကရေစီပါတီ (ကယားပြည်နယ်) နှင့် ကယားလူမျိုးစုဒီမိုကရေစီပါတီနှစ်ခုကလည်း ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီအနေဖြင့် ပေါင်းစည်းထားသည်။

ယခင်က ရွေးကောက်ပွဲကော်မရှင်ထံတွင် မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီ ၉၅ ခုရှိပြီး တိုင်းရင်းသားပါတီ ၅၉ ပါတီ ရှိခဲ့သည်။ တိုင်းရင်းသားပါတီများ ပေါင်းစည်းမှုလုပ်ပြီးချိန်တွင်မူ တိုင်းရင်းသားပါတီ ၅၀ သာ ကျန်ရှိတော့သည်။

ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဓာတ်ပုံ - CNLD Facebook Page)

ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဓာတ်ပုံ – CNLD Facebook Page)

ပါတီသစ်များနဲ့ ဗျူဟာ

ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အတွင်းရေးမှူး ဆလိုင်းရှိန်ထွန်းက ၎င်းတို့အနေဖြင့် လူထုစည်ရုံးရေးနှင့်ပတ်သက်၍ “အဓိကကတော့ ကျွန်တော်တို့က အမျိုးသားရေးနဲ့ပဲ ပြောပြီး ဝင်ရမှာ။ တိုင်းရင်းသားဒေသမှာ အမျိုးသားရေးနဲ့ပဲ ပြောရမှာ” ဟု ပြောသည်။

“အမျိုးသားရေး” ဟု ဆိုရာတွင် ချင်းလူမျိုးတို့၏ တန်ဖိုးထားထိန်းသိမ်းရမည့် အစဉ်အလာ ဓလေ့ထုံးတမ်းများ မပျောက်ပျက်ရေးဟု ဆိုလိုခြင်းဖြစ်သည်ဟု ဆလိုင်းရှိန်ထွန်းက ပြောသည်။

“ပြောရရင်တော့ သမိုင်းကြောင်းပဲပေါ့။ ဗြိတိသျှတွေ မတိုင်ခင်ကတည်းက ကိုယ့်ဟာနဲ့ကိုယ် ရပ်တည်လာတယ်။ ပင်လုံစာချုပ် လက်မှတ်မထိုးခင်ကလည်း ဘယ်သူမှ အားမကိုးဘဲနဲ့ ကိုယ့်ဟာကိုယ် ရပ်တည်လာကြတယ်။ အဓိကကတော့ အဲဒီဟာကို ပြန်ပုံဖော်တဲ့ သဘောပါ” ဟု ၎င်းက ပြောသည်။

ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီအနေဖြင့်လည်း တန်းတူညီမျှဖွံ့ဖြိုးရေးမူဝါဒကို ဆုပ်ကိုင်ပြီး “တိုင်းရင်းသားချစ်စိတ်ဖြင့် ရွေးကောက်ပွဲအောင်နိုင်ရေး ဆော်ဩသွားမည်” ဟု ပါတီဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက ပြောသည်။

“မူဝါဒကတော့ ဘယ်အဖွဲ့အစည်း ဘယ်ပါတီရဲ့ သြဇာလွှမ်းမိုးမှုကိုမှ မခံဘူး” ဟု ၎င်းက ဆိုသည်။

ကချင်နိုင်ငံရေးပါတီသစ်အနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲကို အနိုင်ရရန် ရည်မှန်းထားသော်လည်း ကြိုတင်မဲဖြင့် ရှုံးမည်ကို စိုးရိမ်မှုရှိကြောင်း ဦးကွမ်ဂေါင်အောင်ခမ်းက ပြောသည်။

“ကချင်မှာ စစ်တပ်က များတယ်၊ စစ်တပ်က မဲတွေကတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးကိုပဲ ပေးဖို့ရှိပါလိမ့်မယ်။ ပြီးခဲ့တဲ့ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတုန်းက ကြိုတင်မဲနဲ့ပဲ ရှုံးတာ။ ကျန်တဲ့မဲတွေက ရှုံးမှ မရှုံးတာကို၊ ကချင်ပြည်နယ်မှာက စစ်တပ်က အများကြီးရှိတယ်။ ဒါကို စိုးရိမ်တယ်” ဟု ၎င်းက ပြောသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် တပ်တွင်းကြိုတင်မဲကိစ္စများကို ရွေးကောက်ပွဲကော်မရှင်က ဖြေရှင်းပေးရန်လိုမည်ထင်ကြောင်း၊ ကြိုတင်မဲကို မထိန်းနိုင်ပါက ၂၀၂၀ ရွေးကောက်ပွဲမှာ တရားမျှတသည့် ရွေးကောက်ပွဲဟု ပြော၍ရမည်မဟုတ်ကြောင်း ၎င်းက ဖြည့်စွက်ပြောသည်။

ဆွဲကပ်၍မရသေးသောပါတီများ

လာမည့် ရွေးကောက်ပွဲအတွက် ပေါင်းစည်းသွားကြသည့် တိုင်းရင်းသားပါတီများ ရှိသော်လည်း မတူညီသော နိုင်ငံရေးရည်မှန်းချက်များ၊ မျှော်မှန်းချက်များကြောင့် ကွဲပြားနေကြသည့် တိုင်းရင်းသားပါတီများလည်း ရှိနေသေးသည်။

ပါတီများပူးပေါင်းပြီးနောက် ဖြစ်ပေါ်လာမည့် ပါတီသစ်ကို ဦးဆောင်မည့်သူအရေး၊ ကွဲပြားနေသည့် ပါတီမူဝါဒများ၊ ပါတီသစ်တွင် ပါတီဟောင်းများကို အချိုးတူ မည်သို့ ပေါင်းစပ်မည်လဲဆိုသည့် ကိစ္စများသည် ပါတီများပေါင်းစည်းရေး ညှိနှိုင်းသည့် ကာလတစ်လျှောက် အခက်အခဲဖြစ်ခဲ့သည်ဟု ဦးကွမ်ဂေါင်အောင်ခမ်းက ပြောသည်။

“မူတွေလည်း မတူကြဘူး။ စိတ်ထားတွေလည်း မတူကြဘူး။ အဲဒီတော့ သဘောထားကြီးကြီးနဲ့ ညှိနှိုင်းခဲ့ရတာပေါ့။ ခေါင်းဆောင်မဟုတ်လည်း နောက်လိုက်လုပ်နိုင်တယ်ဆိုတဲ့ စိတ်ထားတွေနဲ့ ညှိခဲ့ကြတာ” ဟု ၎င်းက ပြောသည်။

ရှမ်းပြည်နယ်တွင် အဓိကအင်အားကြီး နှစ်ပါတီဖြစ်သော ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD) နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) တို့ကလည်း ပေါင်းစည်းနိုင်ရန် အလားအလာ မရှိသေးပေ။ ၂၀၁၅ ရွေးကောက်ပွဲရလဒ်များအရ ရှမ်းပြည်နယ်သည် NLD နှင့် ရှမ်းနိုင်ငံရေးပါတီများ အဓိကယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်ပြီး ရလဒ်အနေဖြင့် တပ်မတော်ကျောထောက်နောက်ခံရှိသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အနိုင်ရသွားခဲ့သည်။

အခြားတစ်ဖက်တွင်လည်း တိုင်းရင်းသားများ၏ အကျိုးစီးပွားကို ဖော်ဆောင်ရန် ပေါင်းစပ်ခဲ့ပြီးခါမှ ပါတီတွင်းပြဿနာများကြောင့် ပြန်ပြိုကွဲသွားသည့် သာဓကများလည်း ရှိသည်။ ၂၀၁၄ ခုနှစ်က ဦးအေးသာအောင် ဦးဆောင်သည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) နှင့် ဒေါက်တာအေးမောင် ဦးဆောင်သော ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ (RNDP) တို့ ရခိုင်အမျိုးသားပါတီ (ANP)အဖြစ် ပူးပေါင်းခဲ့ကြသော်လည်း သုံးနှစ်ခွဲအကြာတွင် ပြန်ကွဲသွားကြပြန်သည်။

ဒေါက်တာအေးမောင်၏သားအပါအဝင် ပါတီဝင်အချို့ ANP မှ ခွဲထွက်ကာ ရခိုင့်ဦးဆောင်ပါတီ (Arankan Front Party) ကို ၂၀၁၉ ခုနှစ်အတွင်း ထူထောင်ခဲ့သည်။

သို့သော် ANP အမည်ဖြင့် ရခိုင်တစ်ပါတီတည်း ယှဉ်ပြိုင်ခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲ၌ ရခိုင်ပြည်နယ်လွှတ်တော်ကို ရခိုင်တို့ ထိန်းချုပ်နိုင်မည့် ရလဒ်ကို စွမ်းဆောင်နိုင်ခဲ့သည်။ ပြည်နယ်လွှတ်တော်တွင် ရွေးကောက်ခံကိုယ်စားလှယ် ၃၅ နေရာအနက် ၂၂ နေရာ ရရှိခဲ့သည်။

၂၀၁၇ နှင့် ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲနှစ်ခု၌ NLD သည် တိုင်းရင်းသားဒေသများတွင် မျက်နှာပန်းမလှခဲ့ပေ။ အာဏာရပြီးနောက်ပိုင်း NLDသည် ယခင်က ရှိခဲ့ဖူးသည့် ဒီမိုကရက်တစ်အင်အားစုများ၊ တိုင်းရင်းသား နိုင်ငံရေးအင်အားစုများနှင့် ဆက်ဆံရေးမှာ သိသိသာသာ ယုတ်လျော့သွားသည်ဟု တိုင်းရင်းသားများက ဆိုသည်။

“UNA (စည်းလုံးညီညွတ်သော တိုင်းရင်းသားမဟာမိတ်အဖွဲ့) က အရင်တုန်းက NLD နဲ့ ပိုနီးစပ်တာပေါ့။ နှစ်ပေါင်း ၃၀လုံးလုံး တွဲလာတယ်။ ပိုနီးစပ်တယ်။ တကယ်တမ်းပြောရရင် ပါတီကြီးတွေမှာ တိုင်းရင်းသားတွေနဲ့ပတ်သက်တဲ့ မူဝါဒ ဘာတစ်ခုမှ မရှိဘူးလေ။ USDP လည်း မရှိဘူး။ NLD လည်း မရှိဘူး” ဟု ဆလိုင်းရှိန်ထွန်းက ပြောသည်။

NLDနှင့် တိုင်းရင်းသားများအကြားတွင် အခြားသော ပွတ်တိုက်မှုများလည်း ရှိသေးသည်။

မွန်တိုင်းရင်းသားများက ကန့်ကွက်ဆန္ဒပြနေသည့်ကြားမှ မွန်ပြည်နယ် ချောင်းဆုံတံတားကို ဗိုလ်ချုပ်အောင်ဆန်းတံတားဟု အမည်ပေးခြင်းအပါဝင် ကယားပြည်နယ်၊ ကချင်ပြည်နယ်တို့တွင် တစ်ဖက်သတ် ဗိုလ်ချုပ်ရုပ်တု စိုက်ထူခြင်းတို့သည် အာဏာရပါတီ၏ ထင်ရာစိုင်းလုပ်ကိုင်မှုများအဖြစ် ရှုမြင်ခဲ့ကြသည်။

“သူတို့ တိုင်းရင်းသားပါတီတွေနဲ့ မဟာမိတ်လုပ်ဖို့ ထည့်မစဉ်းစားတာတော့ ကျွန်တော်တို့အတွက်တော့ စိတ်မကောင်းစရာဖြစ်တယ်။ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မယ်ဆိုတဲ့ဟာတွေလည်း ကျွန်တော်တို့အတွက် အများကြီး ဟာသဖြစ်တယ်လို့ ယူဆရတယ်” ဟု ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး ခူးသဲရယ်က ပြောသည်။

ဦးကွမ်ဂေါင်အောင်ခမ်းကမူ ဗဟိုအစိုးရအဆင့်တွင် ညွန့်ပေါင်းဖြစ်ဖို့ရာ မျှော်လင့်နေသည်။

“ဖက်ဒရယ်နိုင်ငံကို သွားဖို့ ဆန္ဒရှိတယ်ဆိုရင် ညွန့်ပေါင်းအစိုးရလုပ်ပြီးမှ အတူတကွလုပ်တာ ပိုမကောင်းဘူးလားဆိုတဲ့ အတွေးအခေါ်တွေ ရှိပါတယ်။ အကုန်လုံးပါဝင်ပြီးမှ လုပ်ရင်တော့ ကောင်းပါလိမ့်မယ်။ ဗဟိုမှာ ညွန့်ပေါင်းအစိုးရဖွဲ့ပြီဆိုရင် ပြည်နယ်မှာ အလိုလိုနေရင်း ဒေသပါတီတွေက အုပ်ချုပ်ခွင့်ရလာမှာပါ” ဟု ၎င်းက ဆိုသည်။

ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ (ဓာတ်ပုံ - KNDP Facebook Page)

ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ (ဓာတ်ပုံ – KNDP Facebook Page)

မဲဆန္ဒရှင်များ၏ ၂၀၂၀ မျှော်မှန်းချက်

NLD နှင့် လမ်းခွဲပြီး လာမည့်ရွေးကောက်ပွဲတွင် တိုင်းရင်းသားပါတီများက သူတို့နယ်မြေ၌ သူတို့အနိုင်ရရန် ကြိုးပမ်းနေချိန်တွင် ကယားပြည်နယ် ဖရူဆိုမြို့နယ်နေ တောင်ယာစိုက်သည့် ခူဘူရယ်က ကယားနှစ်ပါတီ ပူးပေါင်းလိုက်သည့်အတွက် တိုင်းရင်းသားပါတီကိုသာ မဲထည်ဖို့များသည်ဟု ပြောသည်။

“အရင်က နှစ်ပါတီကနေ အခု ပေါင်းထားတယ်လေ။ ကိုယ့်ရဲ့ တိုင်းရင်းသားပါတီကပဲ ကိုယ့်ရဲ့ခံစားချက်ကို နားလည်တာ။ လိုအပ်ချက်ကို ပိုသိတော့ ဒေသအတွက် ပိုပြီးဦးဆောင်နိုင်မယ်လို့ ယုံကြည်တယ်” ဟု ၎င်းက ပြောသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် ကယားဒေသခံတို့၏မဲကို NLD ရခဲ့ခြင်းနှင့်ပတ်သက်ပြီး “၂၀၁၅ မှာက NLDကို ပြည်သူလူထုက အပြည့်အဝ ယုံကြည်ကြတယ်။ NLD ကပဲ သူတို့ဘဝကို ပြောင်းလဲပေးနိုင်မယ်လို့ ယုံကြည်တာကြောင့် လူထုက မဲပေးခဲ့တာလို့ မြင်တယ်” ဟု သုံးသပ်သည်။

၂၀၁၅ ကာလက အပြောင်းအလဲကို ဆောင်ကြဉ်းနိုင်မည့်ပါတီဟု NLD ကို မြင်ခဲ့သူများတွင် မွန်ပြည်နယ် ရေးမြို့နယ်သား မင်းစိုးသိမ်းလည်း ပါသည်။

ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူအဖြစ်လည်း ဆောင်ရွက်ခဲ့သည့် ၎င်းသည် ၂၀၁၅ တွင် NLDအပေါ် အပြည့်အဝ ယုံကြည်ခဲ့သော်လည်း ၂၀၂၀ တွင်မူ ထိုယုံကြည်မှုမျိုးကို အာမမခံနိုင်တော့သူဖြစ်သည်။

“သူတို့ရဲ့ ရွေးကောက်ပွဲကြေညာစာတမ်းအရ ဘာမှလည်း အကောင်အထည်ပေါ်မလာခဲ့ဘူး။ ၂၀၂၀မှာတော့ ၂၀၁၅ တုန်းကလို နိုင်မယ်လို့ မမြင်ဘူး။ အရင်တုန်းက NLD ကို ယုံကြည်ခဲ့တဲ့သူတွေတောင်မှ တခြားပါတီတွေကို ယုံကြည်လာကြတယ်” ဟု ၎င်းက သုံးသပ်သည်။

NLD အစိုးရလက်ထက်တွင် တိုင်းရင်းသားများနှင့် ပြေလည်အောင် မဆောင်ရွက်ခဲ့ဘဲ ဗိုလ်ချုပ်ရုပ်တု စိုက်ထူခြင်းကဲ့သို့သော ကိစ္စများကို ဒေသခံများနှင့် ထိပ်တိုက်အဖြစ်ခံကာ ဆောင်ရွက်ခြင်းကို မနှစ်သက်သည့် ၎င်းအမြင်တွင် NLD ကိုယ်စားလှယ်အများစု၏ အရည်အချင်းသည်လည်း မေးခွန်းထုတ်စရာ  ဖြစ်နေသည်။

“သူတို့ရဲ့ရွေးကောက်ပွဲ ကြေညာစာတမ်းကလည်း ဘာမှအကောင်အထည် ပေါ်မလာဘူး။ ရွေးချယ်တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်တွေကလည်း တကယ်တမ်းမှာ အရည်အချင်းပြည့်ဝတယ်လို့ မမြင်ဘူး” ဟု ၎င်းက ပြောသည်။

Advertisements
<

Leave a Reply