ကိုယ့်လက်ထဲက ‘ပဲ’ သူများပါးစပ်မှာ ရှင်သန်ရဆဲ

“ဒီနှစ်မှာ ပဲတစ်တင်းကို ၁၅၀၀၀ ကျပ်နဲ့လည်း ရောင်းတယ် ၊ ၁၈၀၀၀ ကျပ်နဲ့လည်း ရောင်းတယ် ၊၂၅၀၀၀ ကျပ်နဲ့လည်း ရောင်းဖြစ်ခဲ့တယ်”ဟု တောင်သူ ဦးသစ်ကျော်က ထွန်ယက်လက်စ မတ်ပဲစိုက်ခင်းကို လက်ညှိုးညွှန်ပြရင်း ပြောသည်။

ကွင်းအနှံ့ ဆူညံနေသော လက်တွန်းထွန်စက်သံကို လွှမ်းအောင် သူ အသံကို ကျယ်ကျယ် ဟစ်အော်ပြောလိုက်ခြင်းလည်း ဖြစ်သည်။ ဆောင်းရာသီတန်မဲ့ နေက ညနေတိုင် ပူခြစ်နေသည်။ ဘီလူးကျွန်း ချောင်းဆုံမြို့နယ် ကော့မုပွန်ကျေးရွာ လယ်ကွင်း၌ ဖြစ်သည်။

မတ်ပဲ နောက်တစ်ရာသီ စိုက်ပျိုးရန် သူတို့ ထပ်မံ ပြင်ဆင်နေကြပြီ။ လတ်တလော လပိုင်းအတွင်း ရောင်းချခဲ့ရသည့် ဈေးနှုန်းများကို ဦးသစ်ကျော်က ပြောပြနေခြင်းပင်။

တစ်ကွင်းတည်းက ထွက်သည့် တစ်မျိုးတစ်စားတည်းသော မတ်ပဲကို တစ်ရာသီတည်း ရောင်းချတာချင်း တူပေမယ့် ဈေးနှုန်းတွေက မတူချေ။ နေ့စဉ်နှင့်အမျှ ပြောင်းလဲနေ၏။ ပဲဈေးမှာ ဂဏှာမငြိမ်ပေ။

“၂၀၁၈ ပဲပေါ်ချိန်ပေါက်ဈေးက တစ်တင်းကို ၁၄၀၀၀ ကျပ်ကနေ အမြင့်ဆုံး ၁၆၀၀၀ ကျပ်ပေါက်ဈေးဖြစ်တယ် ၊ အောက်တိုဘာလအတွင်းမှာအမြင့်ဆုံးတစ်တင်းကို ၁၈၀၀၀ ကျပ်ဖြစ်လာရာကနေ နိုဝင်ဘာလအတွင်းမှာတစ်တင်းကို ၂၀၀၀၀ ကျပ်ကနေ ၃၂၀၀၀ ကျပ်ထိမြင့် တက်လာတယ်။ အခုဒီဇင်ဘာလအတွင်းမှာ တစ်တင်းကို၂၄၀၀၀ ကျပ်ထိကျဆင်းလာတယ်”ဟု ကညှော် ကျေးရွာနေ တောင်သူ ဦးဝင်းမြင့်က ပြောသည်။

မကြာသေးမီ လပိုင်းက တက်ရိပ်ပြပြီး အမြင့်ဆုံးဈေး ပေါက်ခဲ့သည့် မတ်ပဲမှာ ယခု သီတင်းပတ်များတွင်မူ ကျပြီးရင်း ကျလာကြောင်း တောင်သူအများစုက ညည်းညူသည်။

သို့သော် ဆောင်းသီးနှံ လုပ်ငန်းခွင်က တစ်ကျော့ပြန် စနေလေပြီ။ တလှုပ်လှုပ်ပဲဈေးက သူတို့ကို အားပျက်စေ၏။ လက်မှိုင်ချသူလည်း ချကြသည်။ ယုံစားလို့ မရဟု ဝေဖန်သူလည်း ရှိသည်။

ပြီးခဲ့တဲ့နှစ်က ထ ခဲ့သည့် ပဲဈေးကွက်ဂယက်ကြောင့် မစိုက်ပျိုးဖြစ်ဘဲ နောက်ဆုတ်သွားသူတို့ကိုပင် လှောင်ပြုံးနိုင်သည်အထိ ဈေးကောင်းရခဲ့သူတွေလည်း ရှိသည်။

တက်ရိပ်ပြနေသည့် ဈေးအပေါ် မျှော်လင့်ချက်ထားပြီး မရောင်းသေးဘဲ သိုလှောင်ထားရာက ပဲလက်
ကျန်တွေနှင့် ပိုက်ဘောမိနေသူတွေလည်း မရှား။

ချောင်းဆုံမြို့နယ်တွင် ကော့မုပွန် ၊ ဒေါင်းရပ်အရှေ့ ၊ ဒေါင်းရပ်အနောက် ၊ ကညှော် ၊ ဘိုးနက်ကျေးရွာလယ်ကွင်းတွေမှာ မတ်ပဲကိုအများဆုံးစိုက်ပြီး မရမ်း ၊ ဟင်္သာကျွန်း ၊ ဒရယ် ကုလားတို့ကျေးရွာလယ်ကွင်းတွေမှာအနည်းငယ်စိုက်ပျိုးကြသည်။မြို့နယ်တွင် ပဲစိုက်ဧက ၄၀၀၀ ကျော်ရှိကြောင်း မြေစာရင်းဦးစီးဌာန ဒုဦးစီးမှူး ဦးမောင်ဝင်းကပြောသည်။ ကညှော်ကျေးရွာတစ်ရွာတည်းမှာပင် ပဲစိုက်တောင်သူ ၄၀၀ ကျော်ရှိကြောင်း ရွာခံတောင်သူ ဦးဝင်းမြင့်က ပြောသည်။

ပဲမျိုးစုံကို ဆောင်းသီးနှံအနေဖြင့် စပါးရိတ်သိမ်းပြီးချိန်အပေါ်မူတည်ပြီး အစိုဓာတ်လည်းမကုန်မီ နိုဝင်ဘာလ ကုန်နဲ့ ဒီဇင်ဘာလအတွင်းမှာစိုက်ပျိုးလုပ်ကိုင်ကြသည်။ မတ် ၊ ဧပြီ လတွေမှာ ပဲထွက်ရှိသည်။

“တစ်ဧကကိုထွန်ယက်စရိတ် ကျပ် ၃၅၀၀၀ ၊ မျိုးစေ့စရိတ် ၂၀၀၀၀ ကျော်၊ မြေသြဇာစရိတ် ၃၀၀၀၀ ကျော် ၊ ရိတ်သိမ်းစရိတ် ၄၀၀၀၀ ကျော်၊ တစ်ဧကကိုပျှမ်းမျှစရိတ် ၁၃၀၀၀၀ ကျပ်ဝန်းကျင်ကုန်ကျပါတယ်။

တစ်ဧကကိုအထွက်နှုန်းက ပျမ်းမျှ ၁၀ တင်းကျော်ထွက်ပါတယ်”ဟု လယ်သမားဦးစိုးတင့်က ပြောသည်။
အိန္ဒိယအစိုးရ၏ ပဲတင်သွင်းမှု မူဝါဒပြောင်းလဲကန့်သတ်ကြောင်း ပြီးခဲ့တဲ့ နှစ် ၂၀၁၇ ခု သြဂုတ်လတတိယပတ်က ရုတ်တရက် ထုတ်ပြန်ကြေညာလိုက်ပြီးနောက် နှစ်ရက်အကြာတွင် မွန်ပြည်နယ်အပါအဝင်မြန်မာ့ပဲဈေးကွက်အတွင်း ကမောက်ကမဖြစ်ကာ မတ်ပဲနှင့်ပဲတီစိမ်း ရောင်းဝယ်မှုကို ယာယီရပ်ဆိုင်းခဲ့ရသေးသည်။

အိန္ဒိယအနေဖြင့် အဲဒီမတိုင်မီ ရက်ပိုင်းကမှ ပဲစင်းငုံဈေးကွက်ကိုလည်း ပိုင်းခြားကန့်သတ်ခဲ့ပြီးဖြစ်ရာ ထိုတစ်ကြိမ်မှာ ဒုတိယမြောက်နှင့် ဆုံးရှုံးနိုင်ခြေအရှိဆုံး မူဝါဒအပြောင်းအလဲဟု ပဲကုန်သည်အသိုင်းအဝိုင်းက သုံးသပ်ခဲ့ကြသည်။

ပဲဂယက်ကြောင့် ကနဦးတွင် ကုန်သည်လုပ်ငန်းရှင်တို့သာ ထိခိုက်စေခဲ့သည်။ နောက်ဆက်တွဲ ဆိုးကျိုးမှာ တောင်သူလယ်သမားများဘက်သို့ သက်ရောက်ခဲ့သည်။

ယင်းနောက် ဘဏ်လုပ်ငန်းနှင့် ငွေကြေးဈေးကွက်ကိုပါ အတိုင်းအတာတစ်ရပ်အထိ ရိုက်ခတ်နိုင်ကြောင်း သုံးသပ်ခန့်မှန်းချက်များလည်း ထွက်ပေါ်ခဲ့သေးသည်။

ပဲမျိုးစုံသည် မြန်မာ့လယ်ယာထွက်ကုန်ကဏ္ဍတွင် တန်ဖိုးအများဆုံးဖြစ်ပြီး ၂၀၁၇ မတိုင်မီ ဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားဝင်ငွေအမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံဖြင့် စံချိန်တင်ထားခဲ့ပြီးဖြစ်သော်လည်း မနှစ်ကမူ အခြေမလှခဲ့ပေ။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ညွှန်ကြားချက်ဖြင့် တစ်နိုင်ငံလုံးတွင် ပဲစားပွဲတော်များ ကျင်းပသွားမည်ဖြစ်ကြောင်း နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင် ယမန်နှစ်၂၀၁၇ စက်တင်ဘာ ၂၂ ရက်က ကျင်းပသည့် ပြည်တွင်းပဲစားသုံးမှုတိုးတက်လာစေရေး ညှိနှိုင်းအစည်းအဝေးအပြီးတွင် ပြည်ထောင်စုဝန်ကြီးဒေါက်တာသန်းမြင့်က ပြောဆိုခဲ့သည်။

အိန္ဒိယက ပဲတင်သွင်းမှုကန့်သတ်ခြင်းကြောင်း ပိုလျှံလာသော ပဲများကို ပြည်တွင်းစားသုံးမှု တိုးတက်စေရန် ရည်ရွယ်ခဲ့ခြင်းပင်။

ထိုစဉ်က ပိုလျှံပဲများကို ကာကွယ်ရေး၊ ပြည်ထဲရေး၊ လူ/ကယ်/ပြန် ဝန်ကြီးဌာန သုံးရပ်ပူးပေါင်းပြီး ဝယ်ယူနိုင်ရေး ညှိနှိုင်းဆွေးနွေးသွားရန်နှင့် ပြည်တွင်းစားသုံးမှု မြင့်တက်စေရန် နိုင်ငံတော်အတိုင်ပင်ခံက ညွှန်ကြားခဲ့သည်ဟု ဆို၏။

ထိုနှစ်ကုန်ပိုင်းမှာပင် နိုင်ငံအတွင်း အစိုးရတာဝန်ရှိသူတွေက ဦးဆောင်ပြီး ပဲစားပွဲများ ကျင်းပခဲ့ကြသည်ကို ကန့်ကွက်ကြောင်း မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးအသင်းက ဒီဇင်ဘာလ ၂၆ ရက်နေ့ ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ဝေဖန်ပြောဆိုမှု ၊ဆွေးနွေးသုံးသပ်မှု ကိုယ်စီရှိခဲ့သည်။

မည်သို့ပင်ဖြစ်စေ၊ ပဲဂယက်မှာ ယမန်နှစ်က ထိုသို့ ရှိခဲ့သည်။

ယခုနှစ်တွင်လည်း မခိုင်မာသော ဈေးကွက်အနေအထားတွင် ပဲစိုက်တောင်သူတို့ ရုန်းကန်နေဆဲပင်။

“ဈေးကွက်ကအတည်ပြောလို့မရဘူး၊ အိန္ဒိယနဲ့အရောင်းအဝယ်ရှိတယ်ဆိုပေမဲ့ ဘယ်လောက်ဝယ်ယူမယ်ဆိုတာစာချုပ်ထားတာအတည်မရှိဘူး။ ပြည်တွင်းမှာပဲလက်ကျန်နည်းနေပြီဆိုပေမဲ့ အိန္ဒိယရဲ့ဝယ်လိုအားပေါ်မူတည်ပြီးဈေးအတက်အကျဖြစ်နေတယ်။မတ်ပဲကို အိန္ဒိယကဘဲဝယ်တယ် ၊ နီပေါ ၊ မလေးရှား ၊ ဗီယက်နမ်နိုင်ငံတွေကအနည်းအကျင်းပဲဝယ်တယ် အိန္ဒိယကမဝယ်ရင် ဘယ်လောက်ဝယ်မယ်ဆိုတာကိုစာချုပ်ထားတာမရှိတဲ့အတွက် ဘာမှလုပ်လို့မရဘူး” ဟု မွန်ပြည်နယ်ပဲနှင့်နှမ်းကုန်သည်များအသင်းဥက္ကဋ္ဌ ဦးအောင်မျိုးဦးက ပြောသည်။

“မနှစ်ကတည်းကအိန္ဒိယကအဝယ်ပိတ်ထားတယ်ဆိုပေမဲ့ လယ်သမားအများစုအနေနဲ့ မိရိုးဖလာစိုက်ပျိုးလုပ် ကိုင်နေကျလည်းဖြစ်တယ်။စပါးစိုက်ပျိုးချိန်မှာစပါးစိုက်မယ် ပဲစိုက်ပျိုးချိန်မှာပဲစိုက်မယ်”ဟု ကညှော်ကွင်းမှ လယ်သမား ဦးဇော်ဦးက မှတ်ချက်ပြုသည်။ နောက်

“ဈေးကောင်းတာ မကောင်းတာထက် စိုက်ပျိုးလုပ်ကိုင်နေရတာကလယ်သမားတာဝန်ဖြစ်တယ်။ ထွက်လာတဲ့အသီးအနှံတွေ ကိုဈေးကွက်ချဲ့ထွင်ရှာဖွေပေးရမှာက အစိုးရနဲ့လည်းသက်ဆိုင်တယ်၊တာဝန်ရှိတယ်လို့လည်းမြင်တယ်”ဟု သူက ဆက်ပြောသည်။

“မတ်ပဲက အခြားပဲတွေ ၊ အသီးအနှံတွေစိုက်ပျိုးတာထက်စာရင် စိုက်ပျိုးလုပ်ကိုင်ရလွယ်ကူတယ် ၊ ရိတ်သိမ်းတဲ့အချိန်မှာ လုပ်သားကုန်ကျစရိတ်သက်သာတယ် ၊ရေရှည်သိုလှောင်သိမ်းဆည်းထားနိုင်တယ် ၊ တခြားပဲတွေထက်ရာသီဥတု ဒဏ်ပိုးမွှားဖျက်ဆီးမှုဒဏ်တွေကိုခံနိုင်တယ်။ပဲတီရွှေဝါတွေ၊ ပဲလွန်းဖြူတွေစိုက်ပျိုးရင် ပိုးမွှားဖျက်ဆီးမှုဒဏ်ခံရ တာများတယ်။ပိုးသတ်ဆေးပက်ဖျန်းခတွေပိုမိုကုန်ကျတယ်။ရိတ်သိမ်းချိန်မှာလည်းနှစ် ကြိမ်သုံးကြိမ်ဆွတ်ခူးရတဲ့ အတွက်လုပ်သားစရိတ်ပိုမိုကုန်ကျတယ် ။ဒါကြောင့်မတ်ပဲကိုရွေးပြီးစိုက်ရတာဖြစ်တယ်”ဟု ကညှော်ကွင်းမှ လယ်သမား ဦးဇော်ဦးက အကျယ်တဝင့် ရှင်းပြသည်။

အိန္ဒိယအစိုးရသည် ယင်းတို့နိုင်ငံအတွင်းရှိ များပြားလှသောလူထုစားသုံးမှုဈေးကွက်၊ ရာသီဥတုအခြေအနေ၊ သွင်းကုန်ပို့ကုန်ပမာဏစသည်တို့ကို မျက်ခြည်မပြတ် လေ့လာဆန်းစစ်နေသလို ခန့်မှန်းချက်များပြုလုပ်ပြီး ကြိုတင်ပြင်ဆင်မှု၊ ပြောင်းလဲသတ်မှတ်မှုများကို အချိန်နှင့် တပြေးညီစီမံဆောင်ရွက်နိုင်စွမ်းရှိကြောင်း နိုင်ငံတကာ စီးပွားရေးပညာရှင်များက ရေးသားဖော်ပြကြသည်။

မိမိတို့နိုင်ငံအစိုးရတွင် စိုက်ပျိုးရေးဆိုင်ရာ မိုးလေဝသပညာရှင်များရှိရန် လိုအပ်ကြောင်း ဒေါက်တာထွန်းလွင်က ယခင်ရှေးဦးကပင် ထောက်ပြအကြံပေးထားခဲ့ဖူးသည်။

“၂၀၁၆ ခုနှစ်ပဲပေါ်ချိန်မှာ တစ်တင်းကို ၄၀၀၀၀ ကျပ်ဝန်းကျင်ထိဖြစ်ခဲ့တယ် ။၂၀၁၇ ခုနှစ်ပဲပေါ်ချိန်မှာ တစ်တင်းကို ၃၀၀၀၀ ကျော်ထိဖြစ်ခဲ့တယ် ။၂၀၁၈ ကပဲပေါ်ချိန်မှာအမြင့်ဆုံးတစ်တင်းကို ၁၆၀၀၀ ကျပ်ဖြစ် ခဲ့တယ် ။အနည်းဆုံး တစ်တင်းကို ၂၀၀၀၀ ကျော်ဈေးနှုန်းတွေဖြစ်သင့်တယ်”ဟု ဘိုးနက်ကွင်းက လယ်သမားဦးစိုးတင့်က ဝေဖန်သုံးသပ်ပြသည်။

ကုန်ကြမ်းသာ တင်ပို့နိုင်သေးသော မိမိနိုင်ငံအတွက် ဖောက်သည်တစ်နိုင်ငံတည်းအပေါ် အလုံးစုံမှီခိုနေရခြင်းမှာလည်း ဈေးကွက်ကံကြမ္မာကို ဝကွက်အပ်ထားရသကဲ့သို့ဖြစ်နေသည်ကို အတိတ်၌ အကြိမ်ကြိမ်သင်ခန်းစာရှိခဲ့ပြီဖြစ်သည်။

အားရဖွယ်မရှိသော လက်ရှိ ပဲဈေးကွက်အနေအထားအပေါ် မွန်ပြည်နယ်ပဲနှင့်နှမ်းကုန်သည်များအသင်းဥက္ကဋ္ဌ ဦးအောင်မျိုးဦးကတော့
“ ဒီနှစ်မှာလည်းလက်ရှိအချိန်အထိအိန္ဒိယကဘယ်လောက်ဝယ်ယူမယ်ဆိုတာစာချုပ်ထားတာလည်းမရှိဘူး။ ဘယ်လောက် ဝယ်မယ် မဝယ်ဘူးဆိုတာသူတို့အပေါ်မှာမူတည်နေတယ်၊သူတို့ပါးစပ်ထဲမှာပဲရှိတယ်”ဟု ဆိုသည်။

ယင်းနောက်တစ်ဆက်တည်းမှာပင် ယခုလိုလည်း တိုက်တွန်းခဲ့လေ၏။

“အစိုးရအနေနဲ့ပြည်ပကိုအားကိုးနေရတဲ့ကုန်ကြမ်းတင်ပို့တဲ့အနေအထားကနေပြည်တွင်းဈေးကွက်မှာအသုံးဝင်မဲ့ကုန်ချောထုတ်လုပ်ရောင်းချနိုင်တဲ့အနေအထားတွေရှိအောင်၊ လုပ်ကိုင်နိုင်အောင်ကူညီဆောင်ရွက်စေခြင်တယ် ၊ ပဲပုတ်လို ၊ ဆီထုတ်နိုင်တယ် ၊ စားသောက်ကုန်တွေလုပ်နိုင်တယ် ၊ တိရစ္ဆာန်အစားအစာတွေထုတ်နိုင် တယ်သီးနှံမျိုးကိုဦးစားပေးစိုက်ပျိုးစေခြင်တယ်။အိန္ဒိယဈေးကွက်ကိုအားကိုးနေခဲ့ရလို့တောင်သူတွေရောကုန်သည်တွေပါခံကြရပြီးပြီ”ဟူ၍။ ။

လွတ်လပ်မောင် – ယက္ခမြေ

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.