ယနေ့ ကြက်ဆူတောရွာ၏ ကျော်ကြားလှသော google စားသောက်ဆိုင်တွင် ကြက်ဆူတော ပဏ္ဍိ တအပေါင်း စုံစုံညီညီတက်ရောက်အားပေး အာဝါဒါးပြုနေသောကြောင့် လူသံဆူညံနေလေသည်။ ဖြတ်သွား ဖြတ်လာ ဧည့်ပရိတ်များအား ဟိုဝိုင်းထိုင်ရမလို ဒီဝိုင်းထိုင်ရမလို မဖြစ်ရလေအောင် ဆိုင်ရှင်ကလေး ဆန်နီ အောင်ကိုနှင့်ညီတော်မောင် ဟင်နရီမျိုးကိုတို့က ပဏ္ဍိတအပေါင်းအား ငွေရှင်းကောင်တာရှေ့တွင် စားပွဲသုံး ခု ဆက်၍ နေရာပေးထားလေသည်။

ဤပဏ္ဍိတအပေါင်းတို့သည် နားညီးဆူညံနေတတ်သော်လည်း သူတို့ ထံမှ တစ်ခါတစ်ရံကြားရတတ်သည့် အဖိုးတန်စကားများ၏မျက်နှာကို ထောက်ထားပြီး သူတို့၏ငွေသိမ်း ကောင်တာရှေ့တွင် နေရာပေးထားခြင်းဖြစ်လေသည်။
ဟိုဟိုဒီဒီရောက်တတ်ရာရာ ဘာညာကွစိပြောနေရင်းမှ သစ္စာလေးပါး မောင်လွမ်းမိုးလေးက ယခုအ ခါ ဆေးသိပ္ပံပညာများ ယခင်ကထက်အဆများစွာ တိုးတက်လာပါကြောင်း ယခင်သူတို့ငယ်စဉ်က ကျောက် ကြီးရောဂါ၊ ဝက်သက်ဖျားရောဂါနှင့် ဝမ်းရောဂါများကို ကြောက်နေရသော်လည်း ယခုအခါ တိုးတက်လာ သောဆေးပညာနှင့် vaccine ခေါ်ကာကွယ်ဆေးများကြောင့် ယခင်ကကြောက်နေရသည့် ရောဂါ များကို ငို ၍ရှာတောင် မတွေ့နိုင်တော့ကြောင်းပြောဆိုလေ၏။

ထိုအခါ သစ္စာလေးပါးမောင်လွမ်းမိုးလေး၏ အဆိုကို နက္ခတ္တဝေဒ၊ သာမုဒြိကသျှတ္တရ၊ အာကာသ သျှတ္တ၊ အာပေါဝါယောသျှတ္တရပညာရှင် မိုးအောင်က “ဟုတ်တာပေါ့အဘရယ်ဟု” ဆိုလေသောကြောင့်
တစ်လောက ကာတွန်းတစ်ခု၏ အဆိုကိုကိုးကား၍ သစ္စာလေးပါးက မျက်ထောင့်နီဖြင့်ကြည့်ရင်း
“ မင်းက ငါ့ကို သူခိုးလို့ သင်္ကေတစနစ်နဲ့ စော်ကားလိုက်တာလား မိုးအောင်” ဟုဆိုလေသော ကြောင့် ဆရာမိုးအောင်ခမျာမှာ ကြွေတော့မည့်ထန်းသီးကို မိုက်မိုက်မဲမဲနင်းလိုက်မိသည့် ကျီးမိုက်တစ် ကောင်လို ဒရောသောပါးတောင်းပန်သကဲ့သို့ ကျန်သည့်ကြက်ဆူတောပဏ္ဍိတအပေါင်းကလည်း ဝိုင်းဝန်း တောင်းပန်လေမှ သစ္စာလေးပါးမောင်လွမ်းမိုးလေးခမျာ ဟဒယနှလုံး ပြုံးပျော်၍သွားလေ၏။

ထိုစဉ်တွင် လွှတ်ကြီး၏တပည့်ကျော် ဝါဝင်တိုင်းဝေး ဝါထွက်တိုင်းငေး “ မောင်လူရဲ”က ဤသို့ဆို ပြန်လေ၏။ ရှေးယခင်က ငန်းဝါရောဂါခေါ် အသားဝါရောဂါကြောင့် လူအများပျက်ဆီးကြရသော်လည်း ယ ခု အခါ ဆေးသိပ္ပံပညာတိုးတက်လာမှုကြောင့် ထိုရောဂါများကိုပြတိုက်တွင်သွားရှာတောင်မတွေ့နိုင် တော့ ကြောင်းတင်ပြလေ၏။ မောင်လူရဲ၏အဆိုကို စကားထစ်နေသော ဓာတ်ဆရာလူပျိုကြီး ဂေါ်တိုင်းမစွံ မင်းမြတ်ဇော်က “ ဟရောင် ဝါဝင်တိုင်းမစွံ ဝါထွက်တိုင်းဝေးလူရဲ ရောဂါဆိုတာ ပြတိုက်မှာထားကောင်းတဲ့အရာမ ဟုတ်ဘူးကွ” ဟုဆိုလေသောကြောင့်၊ဘူဘူချင်းအတူတူ ဘူကို တစ်ဆယ်ဖြင့်အစားခံလိုက်ရသူလို နာလိုခံ ခက်ဖြစ်သွားလေ၏။ သူ တို့ နှစ်ဦးကိစ္စကိုလည်း ကြက်ဆူတော ပဏ္ဍိတများက ဝိုင်းဝန်းဖြေရှင်းပေးလိုက်မှ ပြေလည်ငြိမ်းချမ်းသွား လေ တော့သည်။

ထိုအချိန်တွင်တေးသော်ရီကလည်း သူ့အမြင်ကိုတင်ပြဆွေးနွေးပြန်လေ၏။ လွန်ခဲ့သောကာလများ က ကိုယ်ရေပြားရောဂါသည်များအား ကုသမရတော့သောရောဂါစွဲကပ်၍ လူတောတိုးခွင့်မရတော့သူများအ ဖြစ် သတ်မှတ်ကာ ရွာပြင်ထုတ်ပြီးထီးတည်းနေစေကာ လူ့အသိုင်းအဝိုင်းမှ ဖယ်ကျဉ်ထားခဲ့ကြငြားလည်း ယခုအခါ တိုးတက်လာသောဆေးပညာများနှင့် ဆေးစွမ်းကောင်းများကြောင့် ကိုယ်ရေပြားရေဂါသည်များမှာ လည်း လူကောင်းများနှင့်မခြား လူ့အသိုင်းအဝိုင်းကို ဝင်ဆန့်ကာ ဆေးဝါးမှန်မှန်မှီဝဲခြင်းအားဖြင့်နောက်ဆုံး တွင် ရောဂါလုံးဝကောင်းသွားကြပြီဖြစ်ကြောင်းနှင့် ထိုကောင်းကျိုးများသည် ဆေးသိပ္ပံပညာတိုးတက်လာ ခြင်းကြောင့် ခံစားခွင့်ရသည့် ဆုလာဘ်များသာဖြစ်ပါကြောင်းဆိုသည်တွင်၊ မီဒီယာမင်းဗညားထွေးက “ ဆရာကတော့ တစ်ကယ့်ကို ကိုယ်တိုင်ခံစားဘူးသူလို ဂဃနဏ တင်ပြတတ်ပါပေရဲ့ အနုပညာ သမားပီသပါပေရဲ့” ဟုဆိုလေသည်တွင် နငယ်အား တစ်ချောင်းငင်နှင့် နှစ်ချောင်းငင်အသံကို လွဲမှားစွာ ကြားမိခြင်းကြောင့် တေးသော်ရီက သူ၏လက်စွဲတော် ဟော်လိုဂစ်တာဖြင့် ထရိုက်မည်ပြုသောကြောင့် ပဏ္ဍိတများ အလုပ်များသွားလေချေတော့၏။

ထိုအချိန်တွင်ကြက်ဆူတောရွာ၏ အားထားရာတစ်ဆူ သမားအကျော်တစ်ဦးဖြစ်သော ဗိန္ဓောတုတ် ကြီးကလည်း သီတ ဥဏှ ပထဝီလွန်၊ တေဇော ဝါယောအကျဉ်းကျ၊ အာကာသအချုပ်မိ၊ အာပေါအာဗန္ဓဖွဲ့ ပြီး ဖျားသည့် ငှက်ဖျားရောဂါသည် သူ သမားငယ်ဘဝက သူ့ကိုအလွန်နှိပ်စက်ခဲ့သောရောဂါဖြစ်ကြောင်း ထို ရောဂါရှင်များအား သူကုသသည့်အခါ ဆရာငယ်ဘ၀ “ ဟလိဒ္ဒ” ဟုဆိုကာ (၆)ပါးငန်းဆေးကိုတိုက်ကျွေး သော်လည်း ရောဂါပိုတိုးလာသဖြင့် ဆရာ့လက်သုံး မတဲကုန်းဆေးကိုပြောင်းတိုက်ခါမှ လူနာများမှာ ကွယ် လွန်သွားသည်သာ များသဖြင့် ငှက်ဖျားရောဂါလူနာများလာ၍ အပင့်အခေါ်ရောက်လာလျှင် သူကိုယ်တိုင် ပင် နေမကောင်းချင်ယောင်ဆောင်ခဲ့ရ၊ တစ်ခြားအရေးကြီးလူနာများအားသွားရောက်ကုသရမလို ဟန် ဆောင်ခဲ့ရသော်ငြားလည်း ယခုအခါ တိုးတက်လာသောဆေးသိပ္ပံပညာဖြင့်ဖော်စပ်ထားသည့်ငှက်ဖျားဆေး ပေါင်းများကြောင့် ထိုရောဂါများကိုကြောက်စရာမရှိတော့ကြောင်း ငှက်ဖျားရောဂါဝေဒနာရှင်များက သူ့ထံ လာခဲ့လျှင်လည်း လိပ်ပြာသန့်သန့်ဖြင့် ကြက်ဆူတောဆေးခန်းသို့ ညွှန်ပြနေပြီဖြစ်ကြောင်းပြောဆိုသည်ကို လူမှုရေး ဆလိုင်းဂျစ်သိုးက ဒေါက်တာမတ်စေ့တို့ကတော့ ပြောပြန်ပဟ ဟုဆိုလေသောကြောင့် ဗိန္ဓော တုတ်ကြီးက သူ၏လက်စွဲတော် ဆေးအိတ်ဖြင့်ကောက်ပေါက်ခြင်းကိုလည်း ပဏ္ဍိတများက ပြေငြိမ်းစေခဲ့ရ သေးချေ၏။

အော်ဂင်ပလေယာ ကဖီးဆိုင်ပိုင်ရှင် ကိုဂျင်မီကလည်း ယခင်က အသည်းရောင်အသားဝါ ဘီပိုးရှိပြီ် ဆိုသည်နှင့် သေတော့မတတ်ကြောက်ရွံ့သွားကြသော်ငြားလည်း ယခုအခါ ဘီ ပိုးရောဂါကာကွယ်ကုသ ဆေးများကြောင့် ကြောက်ရွံ့သွားစရာမလိုတော့ပဲ သာမန်ရောဂါအဆင့်သို့ရောက်ရှိသွားပြီဖြစ်ကြောင်းပြော ကြားသည်တွင် မုန့်ကုလားမဲနှင့် အညာသားကျောကုန်းမုန့်ကြား အသားအရည်ပိုင်ရှင် တရုတ်ကလေးမျိုး မင်းလှိုင်က ဆရာသမားတော်ကီတယ်ကြွပါလားဟုဆိုလေသည်တွင် စာပေမြတ်နိုးသူရှမ်းမလေးက လူပါ ကြွတော့မှာဟုဆိုလေသောကြောင့် ကိုဂျင်မီက လက်ဆွဲမည်ပြုသဖြင့် မိန်းကလေးနှင့်ယောက်ျား ပြသနာ များမည်ကို တွေးမိသောကြောင့် လည်းကောင်း သက်သေအဆစ်ပါမည်ကိုစိုးရိမ်သောကြောင့် ကြက်ဆူ တောပညာရှိ များ ပျာယာခတ်သွားရသေးချေ၏။

ထိုအခိုက် ပန်းပုပညာရှင်အမည်ခံ အမှိုက်ကိုု ရွှေဖြစ်စေသူ ကွမ်းတစ်ဖွတ်ဖွတ်ဝါးတတ်သည့် ဗညား ညီညီလွင်ကလည်း ယခင်က ကင်ဆာရောဂါဆိုလျှင်သေမိန့်ကျပြီးသားလူနာဟုယူဆခဲ့ကြကြောင်း ယခုအ ခါတွင်တိုးတက်လာသော ဆေးသိပ္ပံပညာကြောင့် စောစီးစွာသိလျှင်ကုသပျောက်ကင်းနိုင်ပြီး အချိန်မလွန် သေးပါက သက်တမ်းစေ့နေထိုင်နိုင်လောက်အောင် ကုသပေးနိုင်သည့် ဆေးဝါးများပေါ်နေပြီဖြစ်ကြောင်း တော်ကီအခြွေတွင် ရိုက်စားဘွဲ့ရ ဂရပ်ဖစ်ပညာရှင် မင်းသက်ခိုင်က ကြည့်ကျက်လည်းပွားပါကွယ်ဟု ဆို လေသောကြောင့် ဗညားကွမ်းစားက မျက်ထောင့်နီဖြင့်ကြည့်သဖြင့် ပဏ္ဍိတများ အလုပ်များတော့မည်အ ထင်နှင့် ဖြန်ဖြေရန်အသင့်ပြင်ကြသော်လည်း ဘာမှမဖြစ်သောကြောင့် ဆက်လက်၍ လဘက်ရည်သောက် စကားပြောပြန်ဖြစ်၍သွားချေတော့၏။

ထိုအခိုက်တွင် ကြီးပေါ ကြာပျော် မလျော်အာလူးအမည်ရ တရုတ်ပျက်ငထွဋ်က ရှေးယခင်ကဆို လျင် AIDS ရောဂါဆိုပါက ကုသမရတော့လောက်အောင်ထင်မှတ်ထားခဲ့ကြသော်လည်း ယခုအခါ ထိုဝေဒ နာရှင်များမှာ တိုးတက်လာသောဆေးဝါးကုထုံးများကြောင့် ပျောက်ကင်းချမ်းသာသွားသူများရှိသကဲ့သို့ သက်တမ်းစေ့နေနိုင်သူများလည်းပေါ်ထွက်လာပြီဖြစ်ကြောင်းပြောသည်တွင်၊ မီဒီယာမင်းဗညားထွေး၊ ဖော် ဝေးလူရဲ၊ ဂေါ်မစွံမြတ်ဇော်နှင့် လူမှုရေးဂျစ်သိုးတို့က သန်ရာသန်ရာပြောတတ်ရှာပေတယ်ဟု အာလုပ်ပြုကြ လေကြောင့် အများနှင့်တစ်ယောက် အားမတန်မာန်လျော့ကာ ငထွဋ်နှုတ်ဆိတ်သွားလေ၏။

ထိုအချိန်တွင် နောက်ကျောအလယ်သို့ကျနေသောဆံပင်ကို ဆံပင်စည်းကြိုးနှင့် စည်းနှောင်ထား သော လက်နှစ်ဖက်တွင်ဖန်စီလက်ကောက်များတပ်ထားသည့် အရပ်မြင့်မြင့်ဗလကောင်းကောင်းမုတ်ဆိတ် ရှည်နှင့်လူတစ်ယောက်က မတ်တပ်ထရပ်ရင်း လက်ဖက်ရည်စားပွဲအား လက်ဝါးနှင့် ပုတ်လိုက်ရင်း ပြော သည်။

“ မင်းတို့ပြောတာတွေ မှားနေသေးတယ်၊ မင်းတို့ရဲ့ဆေးသိပ္ပံပညာဟာတိုးတက်လာတာဆိုပေမယ့် အရင်ကတည်းက ဖြစ်နေခဲ့တဲ့ ခုလည်းဖြစ်နေဆဲ နောင်လည်းဖြစ်နေဦးမှာဖြစ်တဲ့ ရောဂါတစ်ခုကိုတော့ ခုထိ ပျောက်ကင်းအောင် ကုသနိုင်တဲ့ဆေးဝါး မပေါ်သေးပါဘူးကွ”
ထိုအခါကြက်ဆူတော ပဏ္ဍိအပေါင်း အသံပေါ်ထွက်ရာဆီသို့ မျက်လုံးငေးစိုက်ကြည့်လိုက်ကြ သည်။ ထိုသူသည်ကား ကြက်ဆူတောရွာ၏ ရွတ်တွတ်တွတ် ပေတေတေ လူကပ်ဖဲ့ဘွဲ့ရ ဆရာချွန်ဖြစ်နေ သည်ကိုတွေ့လိုက်ရလေသောကြောင့် အားလုံးကတလေးတစားမေးမြန်းကြလေ၏။

“ အေးမင်းတို့ပြောတာ မှန်သင့်သလောက်မှန်တယ်၊ ဒါပေမယ့်မှားနေသေးတဲ့အတွက် ငါပြောရ တာပါ ခေတ်ပေါ်ဆေးပညာဟာ တိုးတက်လာတာမှန်သော်ငြားလည်း အလုံးစုံတော့မဟုတ်သေးဘူးကွ၊ ဘယ်တော့မှ ကုသလို့ရမှာမဟုတ်တဲ့ ရောဂါတစ်ခုတွက် ဆေးဝါးဘယ်တော့မှလည်း ဖော်နိုင်မှာမဟုတ်လို့” ကြက်ဆူတော ပဏ္ဍိအပေါင်းတို့က ဝိုင်းဝန်း၍မေးမြန်းကြလေသည်။

“ဘာရောဂါလည်း ဂုရုကြီး”
“ အာဏာရူးတဲ့ အာဏာရူးရောဂါကွ အာဏာရူးရောဂါ” ပြောပြောဆိုဆို ထိုသူသည် ဆေးလိပ်ကို ဟန်ပါပါ ရှိုက်ဖွာရင်း google ဆိုင်အတွင်းမှ တစ်လှမ်းချင်းလှမ်းထွက်သွားသကဲ့သို့ ဆိုင်အတွင်းမှကျန်ခဲ့ သည့်ကြက်ဆူတောပညာရှိအပေါင်းမှာလည်း ပါးစပ်ဟောင်းလောင်းဖြင့် ကျက်သေသေ ဘဲသေသေ ဆိတ် သေ ဝက်သေ သေ၍ ကျန်ခဲ့ပေတော့သတည်း။

 

Written by ဆရာချွန်

Leave a Reply