ခုတစ်လော ကြက်ဆူတောရွာသားများကြား၊ ဘိုအခေါ်အားဖြင့်(headman) မြန်မာအခေါ်အားဖြင့် ရွာလူကြီး၊ ကျေးလက်အခေါ်အားဖြင့် သူကြီးရွေးချယ်ပွဲနှင့်ပတ်သက်၍ ၊အမျိုးမျိုးထင်မြင်ချက်ပေး၊ ဆွေးနွေးငြင်းခုံ၊ ကောက်ချက်ဆွဲ၊ စည်းရုံး စသည်ဖြင့် တစ်ခေတ်တစ်ခါကမြန်မာ့အသံတွင်ကျော်ကြားခဲ့သော ပျော်မဆုံး၊ မော်မဆုံး ဘော်လုံးကစားသကဲ့သို့ စည်စည်ကားကား သိုက်သိုက်ဝန်းဝန်းရှိလှပေတော့သည်။

ယနေ့ ကြက်ဆူတောရွာ၏ စပါယ်ရှယ်စားသောက်ဆိုင်ဟု ဆိုနိုင်သည့် Google စားသောက်ဆိုင် တွင် ကြက်ဆူတော ပဏ္ဍိတအပေါင်း လက်ဖက်ရည်တစ်ယောက်တစ်ခွက်၊ လေးယောက်တစ်တွဲ စီးက ရက်တစ်ပွဲစီ ရေနွေးတစ်ဘူးစီဖြင့် စုံစီနဖာ ဘာညာကွစိပြောဆိုနေကြစဉ်တွင် ပေါ်ပြူလာဖြစ်နေသည့် အုပ်ချုပ်ရေးမှူးကိစ္စသို့ စကားဦးတည်သွားသည်။

ကြက်ဆူတောရွာ၏ အငယ်ဆုံးဖြစ်သော စာပေပညာရှင်၊ သစ္စာ လေးပါး မောင်လွမ်းမိုးလေးက အုပ်မှုးဆိုတာ
ရွာ့ကိုယ်စားအလုပ်လုပ်ပေးမည့်သူကို ရွာသူရွာသား အများစုက သဘောတူရွေးချယ်တင်မြှောက်ခြင်းဖြစ်ရာ၊ ရွာနှင့်သဟဇာတဖြစ်မည့်သူများကိုသာ ရွေးချယ်သင့်ကြောင်းအဆိုတင်လေ၏။

မောင်လွမ်းမိုးလေး၏ အယူအဆကို ကြက်ဆူတောရွာမှ အသက်အကြီးဆုံးစာပေပညာရှင်ဖြစ်သော အမြီးအမောက်မတည့် မီဒီယာမင်းဗညားထွေးက ဤသို့ ထောက်ခံဖြည့်စွက်တင်ပြလေ၏။ မောင်လွမ်းမိုး လေးတင်ပြသွားသည့်အချက်ကို မူအားဖြင့်လက်ခံပါကြောင်း၊ သို့သော် တကယ့်လက်တွေ့တွင် အုပ်မှူး လုပ်သူသည် အုပ်ချုပ်ရေးမှူးပါးဝလာသည့်အခါ ကြာကူလီ ကြောင်သူခိုးဖြစ်နေလျှင် မခက်လောဟု ကောက်ချက်ချ နိဂုံးချုပ်လိုက်လေ၏။

တစ်ဖန်လွှတ်ကြီး၏တပည့် လူရဲ ကလည်း အုပ်ချုပ်ရေးမှူးဆိုသည်မှာ ပါတီ အရောင်အသွေးပါစရာမလိုဘဲ ရွာ၏အကျိုးကိုဘက်မလိုက်ဆောင်ရွက်မည့်သူများကိုသာ ရွေးချယ်သင့်ပါကြောင်းနိဒါန်းပျိုးလေ၏။ ထိုကဲ့သို့သော လူစားမျိုးများသည်သာ ရွာအကျိုးအတွက်အားကြိုးမာန်တက်ထမ်းရွက်နိုင်မည့်သူဖြစ် သည် ဟုဆိုချေ၏။

လူရဲ၏အဆိုကို ဂေါ်မစွံ မင်းမြတ်ဇော်က ဤသို့ဖြည့်စွက်ချေပတော့သည်။ အုပ်ချုပ်ရေးမှူးမဖြစ်ခင်က ရပ်မိရပ်ဖများထံ လင်သေမုဆိုးမအိမ်အောက်မှ အစာရေစာမဝသည့် ကြွက်စုတ်အား ဆင်နင်းထားသည့် မျက်နှာမျိုးနှင့် သူသာလျှင်အုပ်ချုပ်ရေးမှူးဖြစ်လာပါက ရွာ့အကျိုးတွက်မည်ကဲ့သို့ဆောင်ရွက်လိုက်ပါ့မည်ဟု ပြောဆိုထားသော်ငြားလည်း အုပ်ချုပ်ရေးမှူးဖြစ်ပြီး ရက်ပိုင်းအတွင်းမှာပင် ခွင်များကိုတွေ့လာသောကြောင့် ငမ်းငမ်းတက်စားသောက်ဝါးမြို၍ သူအုပ်ချုပ်ရေးမှူးဖြစ်လာစေရန်ပံ့ပိုးပေးခဲ့သည့် ရပ်မိရပ်ဖများ၏ တားမြစ် ချက်များကိုပင် အမှုမထားသည့် ငတ်ကြီးကျ သူကောင့်သားများကို မရွေးချယ်မိစေရန်လိုအပ်ပါပေသည်ဟု တင်ပြလေသည်။

တစ်ဖန် ကြက်ဆူတော၏ နိမိတ်ဖတ်ပညာရှင် ကြမ္မာဖတ်ပဏ္ဍိမိုးအောင်က ဤသို့တင်ပြပြန်လေ၏။ ရွာအုပ်ချုပ်ရေးမှူးဆိုသည်မှာ ပညာအသင့်အတင့်တတ်၍ ရွာ့အကျိုးကို ဦးလည်မသုံထမ်းဆောင်ရင်း မသိ သာ ခွင်ရိုက်တတ်သူများကိုသာ ရွေးချယ်သင့်ကြောင်းတင်ပြပြန်လေ၏။ သူ့အဆိုကို တေးသော်ရီက ဤသို့ ထပ်ပေါင်းပြန်ချေ၏။

ပညာအသင့်အတင့်တတ်၍ ရွာ့အကျိုးကို ဦးလည်မသုံ ထမ်းဆောင်သည်ဟုဆိုပေသော်ငြားလည်း တွေ့သမျှခွင်တိုင်း မဆိုင်းမတွ ငတ်ကြီးကျလျှင် နှုတ်သီးဖြတ်ရိုက်ခံရပါက သူ့အားရွေးချယ်ထားသူများသာ ထပ်မံအလုပ်ရှုပ်စေမည်ဖြစ်ကြောင်း ထို့ကြောင့် ပညာနည်းပါး သကောင့်သားများ ဘာစားစားအရိုးကြည့် မရှောင်ကြသော သကောင့်သားများအားမရွေးချယ်သင့်ဟူ၍ ဆိုဘိချေလေသည်။

တစ်ဖန်အမှိုက်ရွှေဖြစ် ဗညားညီညီလွင်က အုပ်ချုပ်ရေးမှူးဟူသည်မှာ ရပ်ရွာအကျိုးအတွက်ရဲရဲရင့်ရင့် သတ္တိရှိရှိ ရွာသားများရှေ့မှမားမားမတ်ရပ်တည်ရဲသူသည်သာ ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်ထိုက်ပါသည် ဟု ဆိုလေသည်။
ဗညားကွမ်းစား၏အဆိုကို ရိုက်စားမင်းသက်ခိုင်က ဤသို့ထပ်မံဖြည့်စွက်ပြန်လေ၏။ ရပ်ရွာအကျိုး အတွက်ဟုဆိုသော်ငြားလည်း လူမိုက်လိုလို လူရမ်းကားလိုလို ကလေကလွင့် များကိုစည်းရုံးပေါင်းသင်း၍ ထိုလူမိုက်များအားကိုးနှင့် ဂိုဏ်းစတားလိုလို လူမိုက်ခေါင်းဆောင်လိုလို ငါးပူတင်းကန့်လန့်ကာလိုလို အရပ် ကို ပြန်လည်ဗိုလ်ကျမည့်၊ အသိဉာဏ်နည်းငမိုက်ခဲများကို မရွေးချယ်သင့်ပါဟုဆို၏။

ရှေးဟောင်းပညာရှင် အာလော သန်းထိုက်ကလည်း အုပ်ချုပ်ရေးမှူးသည် ခြောက်ပြစ်ကင်း၊ သဲလဲ စင် ပုဂ္ဂိုလ်မျိုးကို မရနိုင်။ ထို့ကြောင့် အသင့်အတင့် သောက်စားတတ်သော်လည်း၊ ရွာအကျိုးကို စေတနာ ထား၍ သယ်ပိုးပါမည် ဝန်ခံကတိပြုထားသူများကို ရွေးချယ်ရသော်မကောင်းပေလောဟုတင်ပြလေ၏။

အာလောသန်းထိုက်အယူအဆကို ဗိန္ဓောတုတ်ကြီးက အနည်းငယ်ထပ်မံဆွေးနွေးလေ၏။ အသင့်အတင့်ဟုဆိုပင်ဆိုငြားလည်း အမှန်တကယ်ရွာအုပ်ချုပ်ရေးမှူးဖြစ်လာသည့်အခါ နေ့စဉ်အသင့်အတင့် အချိန်တိုင်းအသင့်အတင့် သောက်နေပါလျှင် ရွာအမှုကိစ္စများကို မသယ်ပိုးနိုင်သည်သာမကဘဲ၊ သူ့ကိုနမူနာယူ ၍ ရွာသားလူငယ်များပါမကျန် အရက်ကိုခုံခုံမင်မင်သောက်စားနေကြပါလျှင်၊ သေတင်းကုပ်နှင့် ရဲစခန်း ဆေးခန်းတို့ လူစည်ကားလာမည်ဖြစ်သောကြောင့် သေသောက်ကျုးသောဗီဇရှိသူများအား အုပ်ချုပ်ရေးမှူးမရွေး ထိုက်ဟု တင်ပြလိုက်လေ၏။

ထိုစဉ်တွင် ကြက်ဆူတောရွာ တိုးချဲ့ပိုင်းမှ ကဖေးဆိုင်ပိုင်ရှင် ဂီတပညာရှင်ကလေးကိုဂျင်မီက၊ အုပ်ချုပ်ရေးမှူးဟူသည်၊ အနုပညာခံစားတတ်သော နှလုံးသားရှိသောသူများကိုရွေးချယ်ရသော်မကောင်းလော ဟု ဆိုချေ၏။ အဘယ့်ကြောင့်ဆိုသော် အနုပညာကိုခံစားတတ်သောသူများသည်၊ နှလုံးသားနူးညံ့သိမ်မွေ့ ပြီး စာနာနားလည်တတ်သော သူများဖြစ်ခြင်းကြောင့် ထိုသူများကိုအုပ်ချုပ်ရေးမှူးအဖြစ်ရွေးချယ်ပါလျှင် ခံစားနားလည်တတ်သောနှလုံးသားနှင့် စာနာတတ်သောဆင်ခြင်တုံတရားကြောင့် ဆိုးဆိုးရွားရွားတော့ မဖြစ် တန်ရာဟုတင်ပြလေ၏။

သူ့အဆိုကို ကြက်ဆူတောရွာအရှေ့ပိုင်းမှ ပန်းချီပညာရှင်၊ ဂီတာတီးခတ်သူ ကျောင်းဆရာလေး ကို ဗိုက်ပူက ဤသို့ဆိုလေ၏။ လူဟူသည်မှာ လူပင်ဖြစ်သောကြောင့် အနုပညာကိုခံစားနားလည်သည်ကတစ် ပိုင်း နဂိုဗီဇဝါသနာကတစ်ပိုင်းဖြစ်လေသည်။

ထို့ကြောင့် ကဖေးဂျင်မီပြောသကဲ့သို့ ဆိုးဆိုးရွားရွားမဖြစ်ဘဲ အုပ်ချုပ်ရေးမှူးဖြစ်လာသည့်အခါမှ၊ ဆိုးဆိုးရွားရွားအဆင့်ကျော်လွန်ပြီး ပက်ပက်စက်စက်ဝါးတတ်မြိုတတ် သူ ဖြစ်လာခဲ့ချေသော်မခက်လောဟုတင်ပြလေသည်။

ထိုစဉ်တွင် လူမှုရေးဆလိုင်းဂျစ်သိုးကလည်း သူ့အမြင်ကိုထိုကဲ့သို့တင်ပြပြန်လေသည်။ ရွာအုပ်ချုပ် ရေးမှူးဆိုသည်မှာ လူမှုရေးကိုစိတ်ပါပြီး အမှန်တရားမြတ်နိုးသူများကို ရွေးချယ်ရသော်မကောင်းပေလောဟု ဆိုလေ၏။ သူ၏အဆိုကို တရုတ်ပျက်ဝင်းထွဋ်က ဤသို့ထောက်ပြလေ၏။

လူမှုရေးကိုစိတ်ဝင်စားသည်ဟုဆိုသော်ငြားလည်း၊ အုပ်ချုပ်ရေးမှူးဖြစ်လာသည့်အခါ မရှိမဲ့ရှိမဲ့အာ ဏာလေးကိုအားကိုး၍ ရွာသားများဘာလုပ်လုပ် လုံခြုံရေးအကြောင်းပြချက်၊ ကျန်းမာရေးအကြောင်းပြချက်၊ ယဉ်ကျေးမှုအကြောင်းပြချက်၊ စသည့်အကြောင်းပြချက်အမျိုးမျိုးဖြင့် အာဏာပြ၊ အခွင့်ရေးချိုးဖောက်နေကြ သည့် ဘာလာလာ ကန့်ကွက်၊ စတော့ ရပ် ဆိုသည့် ရူးကြောင်ကြောင် အဆံချောင်၊ ဦးနှောက်မဲ့သူများကို အုပ်ချုပ်ရေးမှူးအဖြစ်ရွေးချယ်မိချေသော်၊ အလုပ်မဖြစ်သည်သာမကဘဲ ရွာသားများအနေနှင့် ကိုယ် စိတ်၊ နှ လုံး သုံးပါးစလုံးမချမ်းမသာဖြစ်စေမည်မှာ အသေအချာဖြစ်ပါကြောင်းဆိုလေသည်။

ထိုအချိန်တွင်ထောင့်တစ်ထောင့်တွင် လက်ဖက်ရည်တစ်ခွက် စီးကရက်တစ်လိပ်နှင့် စကားဝိုင်းမှ အ ဆိုပြုချက်များကို နားထောင်နေသောသူတစ်ယောက်ထံမှ အသံထွက်လာ၏၊
“ ဟေ့ ဟင်နရီမျိုးကိုတို့ ဆန်နီအောင်ကိုတို့ ငါ့ကို ခေါက်ဆွဲကြော်တစ်ဘူးနဲ့ ကြာဆံကြော်တစ်ဘူးပါ ဆယ်လုပ်ပေးစမ်းပါ”
“ ဟုတ်ကဲ့ဆရာ၊ ဝက်နဲ့လားကြက်နဲ့လား”
“ ရရာပေါ့ကွာ၊ခွေးနဲ့မဟုတ်ပြီးတာပဲ”
“ ဆရာဘာလုပ်မလို့လဲဆရာ နှစ်ထုပ်တောင်”
“ ရွာထဲလှည့်ပြီး အုပ်ချုပ်ရေးမှူးအလုပ်နဲ့သင့်တော်မယ့်သူလိုက်ရှာဖို့ကွာ၊ သူတို့ဆွေးနွေးသွားသလို ဆို တို့ရွာထဲမှာအုပ်ချုပ်ရေးမှူးလုပ်ဖို့အရည်အချင်းနဲ့ ထိုက်တန်သူ မရှိသလောက်ရှားနေပြီဟ၊ မရှိသေးရင် လည်း အနီးစပ်ဆုံးအရည်အချင်းကိုက်ညီတဲ့သူကို၊ ပြန်ပြီးလေ့ကျင့်ပေးရဦးမယ်လေကွာ” မှာထားသည့် ခေါက်ဆွဲကြော်နှင့် ကြာဆံကြော်များရသည့်အခါ ထိုသူသည် ပိုက်ဆံရှင်း၍ အကြော် ဘူးများကို ဆွဲကိုင်ရင်းထွက်ခွာသွားပေသည်။

ထိုသူသည်ကား ကြက်ဆူတောရွာ၏ ဘုကလန့် အနိုင်ဆုံး ဆရာချွန်ဖြစ်ကြောင်းကိုမူကား အထူးပြောဖွယ်လိုမည်မထင်ချေတကား။

Written by ဆရာချွန်

Leave a Reply