Advertisements

ခုတစ်လော ကြက်ဆူတောရွာသားများအကြား ဖေ့စဘုတ်ခေါ် လူမှုကွန်ယက်နှင့်ပတ်သက်၍ အမျိုးမျိုးသောအဆိုအမိန့်များကိုအဆိုတင်ကြလေကုန်၏။

လွှတ်ကြီး၏တပည့်ကျော် အခါလွန်’’ လူရဲ’’ ကတော့ ဖေ့စဘုတ်ဆိုသည်မှာ နိုင်ငံရေးနှင့်ပတ်သက်သော သဘောတရားများ နိုင်ငံရေးနှင့်ပတ်သက်သည့် လုပ်ဆောင်ဖွယ်ကိစ္စအ၀၀တို့အား ထင်မြင်ချက်များ
လက်ချာများရေးတင်ထားသည်ကိုတွေ့ရှိရသည်ဖြစ်သောကြောင့် ဖေ့စဘုတ်ဆိုသည်မှာ နိုင်ငံရေးနှင့်ပတ် သက်သည့် သဘောတရားများပို့ချရာစာသင်ခန်းဖြစ်သည်ဟုဆိုလေ၏။

တစ်ဖန် ကြက်ဆူတောရွာတစ်ရိုး မော်တော်ဆိုင်ကယ်တစ်စီး ကင်မရာတစ်လုံးလွယ်ပြီး ဖေ့စဘုတ် ဆိုတာကြီးတွင်ကိုယ်ပိုင်ဝက်ဆိုဒ်ဆိုလား ကြက်ဆိုဒ်ဆိုလားတည်ထောင်ထားသည့် မီဒီယာမင်းဗညားထွေး ၏အဆိုအမိန့်ကလည်းတစ်မျိုးတစ်ဘာသာဖြစ်လေသည်။

မင်းဗညားထွေးက ဖေ့စဘုတ်ဟူသည် သတင်းဦး သတင်းထူးများကို အချိန်နှင့်တစ်ပြေးညီ တင်ပြ ရာဖြစ်သောကြောင့် ဖေ့စဘုတ်သည် သတင်းများ၏ဘုရင်ဟူ၍ ဆိုပေ၏။ သူ၏သတင်းများကို အချိန်နှင့်
တစ်ပြေးညီတင်ပြပုံကောင်းခြင်းကြောင့် မကြာခဏ သတင်းအလွဲများတင်မိသည်ဖြစ်၍ မှုခင်းသတင်းများ ဆိုလျင် ကာယကံရှင်ကို တောင်းပန်သက်ဆိုင်သူများကိုကန်တော့ ဖြစ်စဉ်ဖော်ပြချက်အပေါ် အမှားပြင်ဆင်
ချက်တစ်နေ့သုံးခါခန့်တင်နေရသည်ဟူဘိ၏။ ဂွတ်တယ်ထင်ဒူးသာဒူး မင်းဗညားထွေးဟုကောင်းချီးပေးစ ရာဖြစ်ချေတော့သည်တကား။

တစ်ဖန် ရွာလယ်ပိုင်းက ကြီးတော်ကြီး ဒေါ်ဘုမ၏သမီး ချက်စူမကဤသို့ဆိုပြန်လေသည်။ သူမ သည် ဖေ့စဘုတ်ဆိုတာကြီးတွင် ချစ်သူမ ဟူသောအမည်ဖြင့် ဖေ့စဘုတ်အကောင့်တစ်ခုဖွင့်ထားပြီး သူမ၏ ဖေ့စဘုတ်စာမျက်နှာ
profile ဓာတ်ပုံတွင် ဘီလူးချောချောသည့် သူမပုံအစား အခြားချောမောလှပသည့် မိန်းကလေးများပုံကိုတင်ခြင်းအားဖြင့် သူမကို ရိသဲ့သဲ့ပြုသူများ ချစ်ရေးဆိုသူများပေါ်ပေါက်လာသည်ဟူ၏။ သူမအခြေအနေသည် ရွာထဲတွင်မည်သူမျှ ချစ်ရေးဆိုရန်ဝေးစွ စိတ်ကူးပင်မထည့်ကြသော်လည်း ယခုအခါ ဖေ့စဘုတ်ဆိုတာကြီးကျေးဇူးကြောင့် လူမမြင်ဘူးကြသော်လည်း လက်ထပ်ပါရစေဟုကမ်းလှမ်းထားသော ဖေ့စဘုတ်ချစ်သူ တစ်ကျိပ်ခန့်မျှရှိနေပြီဖြစ်ကြောင်းနှင့် မကြာမီထိုဆယ်ယောက်သော သတို့သားလောင်းထဲ မှတစ်ယောက်အား စိတ်ကြိုက်ခေါင်းခေါက်
ခင်ပွန်းအဖြစ်ရွေးချယ်တော့မည်ဖြစ်ကြောင်းပြောယုံသာမက ဖေ့စဘုတ်ဟူသည် ချစ်သူရွေးချယ်ရာ အချစ်တလင်းကြီးဖြစ်သည်ဆိုပြန်ချေသေးသည်တကား။

အိုးရွဲ့လေး အား စလောင်းပဲ့နှင့် ဝေးပါစေကြောင်းဆုတောင်းပေးချင်စရာပင်ကောင်းသေးတော့သည်တမုံ့တကား။
တစ်ဖန် စာဆိုတော် ဗေဒကဝိန် လက္ခဏာ ဆန်းကျမ်း သရောဒယကျမ်း ဘာကျမ်းညာကျမ်း ကွမ်းသီးကြမ်း ဝါးကြမ်းများ ကျမ်းအမျိုးမျိုးကိုတတ်ကျွမ်းဂုဏ်ဆောင်ဆြာမိုးအောင်ကလည်း ဗေဒင်ဟောရာတွင် ဉာဏ်ပူဇော်ခအား မျက်နှာချင်းဆိုင်၍ တောင်းရခြင်းထက် ဖေ့စဘုတ်ပေါ်တွင် ချက်ဘောက်သို့ဟောစာ တမ်းပို့ပြီး ဉာဏ်ပူဇော်ခအတွက် ဖုန်းနံပါတ်ပေးပြီး ဖုန်းဘေတောင်းယူရခြင်းကပို၍ကောင်းသောကြောင့် ဖေ့စဘုတ် ဟူသည် ဗေဒတလင်း ခွင်ထုတ်ခြင်းငှာအဆင်ပြေသည့် နေရာတစ်ခုဖြစ်သည်ဆိုချေ၏။ ကောင်းသပဂုရု ကြည့်ရှု၍သာ စောင်မပေတော့ဟူ၍ ဆိုချင်ဖွယ်အတိဖြစ်ချေတော့၏တကား။

တစ်ဖန်လူမှုရေးတို့၏ဖခင် ယင်နားမခံ ဆလိုင်းဂျစ်သိုးကလည်း ဤနှယ်ဆိုပြန်ချေသေး၏။ ဖေ့စ ဘုတ် ဟူသည် လူမှုရေးလုပ်ငန်းများအတွက် ပိုမိုထိရောက်မြန်ဆန်စေရန်အကူအညီပေးသည့်စာမျက်နှာ တစ်ခု ဖြစ်သကဲ့သို့
လူမှုရေးလုပ်ငန်းများလုပ်ကိုင်ဆောင်ရွက်မှုကို အသိအမှတ်မပြုသော လူမှုရေးလုပ်ငန်း ကိုဆန့် ကျင်တိုက်ခိုက်နေကြသော လူမှုရေးကိုဗန်းပြပြီး ကိုယ်ကျိုးရှာနေသူများအား နှိပ်ကွပ်ရာစစ် တလင်း ဟုဆိုပြန် ချေသေး၏။
အမောင်ဂျစ်သိုး ကလေးဆိုးကြီး ၆၆(ဃ)နှင့် မညားမိပါစေကြောင်း ဆုတောင်းနေရ ပြန်ချေ သေး၏တကား။

တစ်ဖန်တေးရေး တေးဆို မော်ဒန်ကဗျာဆရာ ကိုသော်ရီ၏ ဆိုမိန့်ပုံကလည်း တစ်မျိုးတစ်ဘာသာ ပင်ဖြစ်ချေတော့၏။ တေးမော်ဒန်သော်ရီက ဤသို့ဆို၏။

ဖေ့စဘုတ်ဟူသည် သီချင်းများ မော်ဒန်ကဗျာများ ကို ရေးချင်တာရေး၍ တင်ချင်တာတင် ခပ်တည်တည်ပင် စကရင်ရှော့ရိုက်၍ ကိုယ်ပိုင်ပစ္စည်းလို ခပ်တည်တည် လုပ်စားနေသူများလည်းတစ်ပုံတစ်ပင်ဖြစ်သောကြောင့် ဖေ့စဘုတ်ဟူသည် စည်းမဲ့ကမ်းမဲ့ မိမဆုံးမ ဖမဆုံးမ သားသမီးများ ကျက်စားရာပေါက်လွတ်ပဲစားအရပ်ဖြစ်သည်ဆိုချေ၏။ ထို့ကြောင့် သူလည်းရေးချင်တာရေးပြီးတင် ချင်တာတင်သည်ဖြစ်သောကြောင့် ဖေ့စဘုတ်ကြီး၏
ငတက်ပြားများဘေးမှ ကင်းဝေးပါစေ ကြောင်း ဆုတောင်းပေးလိုက်ရပြန်ချေသေး၏။

တစ်ဖန် စာဆိုတော် သစ္စာလေးပါး မောင်လွမ်းမိုးလေးကလည်း ဖေ့စဘုတ်နှင့်ပတ်သက်၍ သူ့အ မြင်ကို ဤသို့တင်ပြန်လေ၏။ ဖေ့စဘုတ်ဆိုသည်မှာ တရားဓမ္မများ၊ ဆရာတော်များ လူပညာရှိများ၏ ဓမ္မနှင့် ပတ်သက်သော
အဆိုအမိန့်များဖြန့်ဖြူးရာဖြစ်သောကြောင့် ဖေ့စဘုတ်ဟူသည် ဓမ္မလွင်ပြင်ဖြစ်သည်ဟု ဆို ဘိသကဲ့သို့ ဖေ့စဘုတ်ကို ပုံမှန်သုံး၍ ထိုတရားစာမျက်နှာများကို ပုံမှန်လေ့လာပါလျှင် မကြာမတင်ကာလ သစ္စာသိမြင်မဂ္ဂကိုထင်စေအံ့ဟု သူယုံကြည်ကြောင်း အတိအလင်းဆိုနေချေသေးတော့၏။ အော် သစ္စာလေးပါး ဆရာသမားလေး ဖေ့စဘုတ်ကြီးမှ မဂ်လမ်းမြင်ပါစေကြောင်း ဆုမွန်ကောင်းများတောင်းပေးလိုက်ရ သည် တစ်မုံတကား။

တစ်ဖန်ဗိန္ဓောတုတ်ကြီး၏ အဆိုအမိန့်ကလည်း အားတက်ဖွယ်ဖြစ်ချေ၏။ ဖေ့စဘုတ်ဟူသည် ဗိ န္ဓောဆေးပညာရှင်များကျက်စားရာနယ်ပယ်ဖြစ်သည်ဆို၏။ ထို့ကြောင့် ခက်ခဲနက်နဲသော ရောဂါဟူသမျှနှင့် ကုသ၍မရတော့သော ရောဂါဟူသမျှအပေါင်းအား ဗိန္ဓောစာမျက်နှာပေါ်တင်၍ အကူအညီကိုမေးမြန်းကြည့် 
ပါလျင် မကြာမတင်ကာလ၌ ဆေးနည်းပေါင်း ဒါဇင်နှင့်ချီ၍ ရလာနိုင်လောက်အောင် ပညာရှင်ပေါများ ကြောင်းတွေ့ရမည်ဆို၏။ ထို့ကြောင့် ဖေ့စဘုတ်ဟူသည် မြတ်စွာဘုရားလက်ထက်က အစွမ်းထက်သမား အကျော် ဇီဝကကိုယ်စားထားခဲ့သည့်စာမျက်နှာဟုဆိုချေ၏။ ထိုစာမျက်နှာကျေးဇူးကြောင့် တစ်ခါသား ဗိန္ဓော တုတ်ကြီးတစ်ယောက်အားဆေးဖော်သောက်သည်ဟူ၏။

ထိုအားတိုးဆေးအစွမ်းကြောင့် ဝမ်းအ ခါ နှစ် ဆယ် မျှလျောပြီးသောအခါ ခင်ပွန်းသည် နတ်ရွာလားမည်ကိုစိုးရိမ်သော မဒမ်တုတ်ကြီးက ကြက်ဆူ တောဆေးရုံ သို့ အချိန်မီပို့ဆောင်ပေးလေသောကြောင့် ဆေးရုံတွင် တစ်ပတ်ခန့် ဖလက်ပြသီတင်း သုံး လိုက်ရသည်ဆိုချေ၏။ ကြည့်၍သာသုံးလေတော့အမောင် ကူးတို့ခ ဆောင်နေရမယ်ဟု ထောပနာပြုချင်စ ရာဖြစ်ပေတော့၏ တကား။

တက္ကစီပိုင့်လော့ မစ္စတာရှောင်ခွင်ဖန်ခေါ် ကိုချစ်စရာအမြင်ကလည်းတစ်ဘာသာဖြစ်ပေတော့၏။ အလုံးမှန်သမျှ
တစ်အားစိတ်ဝင်စားသော မစ္စတာရှောင်ခွင်ဖန်က ဖေ့စဘုတ်ပေါ်မှ ဆရာများတင်သည့် နှစ် လုံး၊ သုံးလုံးမှန်သမျှကိုကြည့်ပြီး မနက်ပိုင်းနှင့်ညနေပိုင်းတွင် ချဲထိုး၏။ ညပိုင်းတွင် ဘောလုံးဆရာများ၏ အ ဆိုအမိန့်များကို ကိုးကား၍
ဘောလုံးပွဲလောင်း၏။ ထို့ကြောင့် ဖေ့စဘုတ်ဟူသည် အလုံးကြိုက်သူများအတွက် အေးရိပ်ဆာယာဟုဆိုချေ၏။

ထိုအဆိုအမိန့် မှန်ကန်မှုများကြောင့် သူကယ်ရီဆွဲနေသည့် မော်တော် ဆိုင်ကယ်လေးခမျာ အပေါင်ခံစားသည့် တရုတ်ဗိုက်ပူ၏ စံအိမ်တွင်မကြာခဏ အနားယူနေ ရ၏။ မောင်ရင် ဆက်ပြီးအားကိုး မောင်ရင့်မိန်းမပါ ဗိုက်ပူအိမ်မှာ သွားအိပ်နေရမယ်ဟု အငေါ်တူးချင်စရာကောင်းပေစွ။

တစ်နေ့သား၌ ကြက်ဆူတောရွာရှေ့ဖျားတွင် ရှိပေထသော နာမည်ကြီးအဆင့်မြင့် Google မည်ထ သောစားသောက်ဆိုင်တွင် ကြက်ဆူတောပဏ္ဍိတအပေါင်း အထက်ပါအတိုင်း ဖေ့စဘုတ်ဆိုတာကြီးနှင့် ပတ်သက်၍ အမျိုးမျိုး အဓိပ္ပါယ်ဖွင့်ဆိုနေသည်ကို လက်ဖက်ရည် ပေါ့ဆိမ့်တစ်ခွက်အား ဇိမ်ကျကျ တစိမ့်စိမ့် သောက်ပြီး
စီးကရက်တစ်လိပ်အား ဆားပုလင်းနှင်းမောင်စတိုင်ဖြင့် ပါးစောင်ခဲရှိုက်ဖွာရင်း ကြက်ဆူတော ရွာမှ ပညာရှာဖွေနေသော ဆရာချွန်က ဂရုတစိုက်သေချာစွာ နားစိုက်ထောင်ရင်း သူနားလည်သဘော ပေါက်သလို
ထအော်လိုက်ပေတော့၏။

“ ဖေ့စဘုတ်ဟူသည် အမှိုက်ပုံ” 

“ ဖေ့စဘုတ်ဟူသည် လမ်းဆုံဇရပ်”
“ ဖေ့စဘုတ်ဟူသည် အများသုံးအိမ်သာနံရံ”
“ ဖေ့စဘုတ်ဟူသည် ဆီသည်မလက်သုတ်ဝတ်”
“—————————————“
“————————————-‘’
ပညာရှာဆရာချွန်အော်သံကြောင့် ဖေ့စဘုတ်ပဏ္ဍိတအပေါင်း ကြက်သေသေ ပါးစပ်ဟောင်း
လောင်း အယောင်ယောင်အမှားမှားဖြစ်ကုန်ကြချေတော့၏။

Written by ဆရာချွန်

Advertisements
<

Leave a Reply