Advertisements

ခုတစ်လော ကြက်ဆူတောရွာသားများကြား မြန်မာဗားရှမ်းအားဖြင့် အခွန်၊ သိုးဆောင်းဗားရှင်းဖြင့် Tax ဟူသော စကားတစ်ရပ်နှင့်ပတ်သက်၍ အသံအမျိုးမျိုး ဝေဖန်ချက်အမျိုးမျိုး အမြင်အမျိုးမျိုးဖြင့် ငြင်းကြခုံကြ အဆိုတင်ကြဖြင့် ပွက်လောရိုက်နေကြပေတော့၏။

လွှတ်ကြီး၏ တပည့် အခါလွန်လူရဲကတော့ ယခင်သူကြီးလက်ထက်က အခွန်ကိုလုပ်ငန်းကဏ္ဍတိုင်း၌ ကောက်ယူမှုမရှိခဲ့သောကြောင့် ယခုသူကြီးအသစ်ကလည်း ယခင်သူကြီးကဲ့သို့ပင် နဂိုရ်ကောက်ခံနေကျကဏ္ဍများတွင်သာ အခွန်ကောက်သင့်သည်ဆို၏။ ယခုကဲ့သို့အခွန်များတိုး၍ကောက်ခံခြင်းသည် သူကြီး၏ ကျေးရွာအုပ်ချုပ်မှုအရည်အသွေးနှင့် စီမံခန့်ခွဲမှုညံ့ဖျင်းခြင်းကို ဖော်ပြရာရောက်ပေသည်ဟုဆိုချေ၏။ အခါလွန်လူရဲ၏ အဆိုအမိန့်ကို ထောက်ခံသူများက “ဘဲထီးဂွတ်၊ ဘဲမဂွတ်၊ ဘဲနပုန်းဂွတ်“ ဟူ၍ ချီးကျူးထောပနာပြုကြချေလေ၏။

အခါလွန်လူရဲအဆိုကို လူမှုရေးဆလိုင်းဂျစ်သိုးက ဤသို့ပြန်လည်ရှင်းလင်းပြသ ချေပလေ၏။ ရွာတစ်ရွာကိုမဆိုထားဘိ အိမ်တစ်အိမ်၏ ဝင်ငွေထွက်ငွေဘတ်ဂျက်ကို တစ်ရက်စာ၊ တစ်ပတ်စာ၊ တစ်လစာလောက်ငှအောင် စီစစ်နေရာချ သုံးစွဲရသည်မှာ လွန်စွာခက်ခဲကြောင်း ယခင်သူကြီးက ငတက်ပြားအဆင့်မက အလီဘာဘာအဆင့်သို့ရောက်နေကြောင်း သူကြီးခန့်ထားသည့်လူယုံများ သူကြီး၏ အုပ်ချုပ်မှုယန္တယားကိုလည်း ပတ်ပေးနေသူများမှာလည်း အမြီးကျက်အမြီးစား ခေါင်းကျက်ခေါင်းစားအဆင့်မကပဲ မကျက်တကျက်ကို အချဉ်ရည်နှင့် တို့စားသူများဖြစ်ခြင်းကြောင့် သူကြီးချမှတ်ထားသော အခွန်ဆိုင်ရာမူဝါဒအတိုင်းအဟုတ်ပဲ လည်သလို လုပ်စားနေခြင်းကြောင့် ရွာ၏ဖွံ့ဖြိုးမှုမှာ ချို့ချို့တဲ့တဲ့ဖြင့် ဆယ်လူကော့တက်ထိုးထားရသည့် လူမမာလို ဖုတ်လှိုက်ဖုတ်လှိုက်ဖြစ်နေကြောင်း၊ ယခုသူကြီးကအလွန်ရိုးသား၍ လူကြီးလူကောင်းပီသကြောင်း ရွာသားများအား အခွန်ငွေကို ဂုဏ်ယူဝင့်ကြွားစွာဆောင်စေခြင်းဖြင့် ကျေးရွာသားများအား ရွာကြီးသားပီသအောင် ပျိုးထောင်နေခြင်းဖြစ်ပြီး ရွာ၏ ဖွံ့ဖြိုးရေးကို တစ်ဖက်တစ်လမ်းက ကူညီပေးရာရောက်သဖြင့်အခွန်ဆောင်သင့်ပါကြောင်း ပြောဆိုလေ၏။ ထိုအခါ ဆလိုင်းဂျစ်သိုးကို ထောက်ခံသူများက “ကောင်းလှင့်တေး ကောင်းလှင့်တေး“ ဟု ကြွေးကြော်ထောက်ခံကြလေ၏။

Advertisements
data-language="en"

ထိုအခါ ဗိန္ဓောတုတ်ကြီးကလည်း တစ်မျိုးတစ်ဘာသာ တင်ပြပြန်လေ၏။ အခွန်တော်ဆိုသည်မှာ ရှေးမြန်မာရှင်ဘုရင်များလက်ထက်ကပင်ရှိခဲ့ကြောင်း၊ အခွန်နှင့်ပတ်သက်၍ ထူးထူးခြားခြားဖြစ်ရပ်များဟူ၍ သတ်မှတ်သင့်သည့်အချက်နှစ်ချက် ကုန်းဘောင်ခေတ်တွင်ဖြစ်ပွားခဲ့ဘူးကြောင်း ကုန်းဘောင်မင်းဆက်ကို တည်ထောင်ခဲ့သော အလောင်းမင်းတရားကြီးလက်ထက် ဘုရင်မဖြစ်မီ ယူခဲ့သောမယားအား သူ့ထံသို့အခစားမဝင်သည့်အတွက် ရွာအားကြီးလေးသော အခွန်အမျိုးမျိုးကို ကောက်ခံစေခဲ့ရာ ရွာသားများက အလောင်းမင်းတရားထံ သူ၏ငယ်မယားအား သွားရောက် လျောက်ထားစေခဲ့သည့်အခါမှ ဘုရင်ကစိတ်ပြေပြီး အခွန်တော်မတရားကောက်ခံခြင်းကို ရပ်စဲပစ်လိုက်ကြောင်းနှင့် ဘိုးတော်မင်းတရားလက်ထက်တွင်လည်း လေခွန်ကောက်မည်ဆိုသောကြောင့် မင်းတိုင်ပင်အမတ် ဦးပေါ်ဦးက လေလည် (အီးပေါက်) လျှင် အခွန်ဆောင်ရမည်စိုးရိမ်သောကြောင့် နောက်တစ်နေ့တွင် ဘုရင့်ညီလာခံသို့ တက်ရောက်မည်မဟုတ်တော့ကြောင့်ပြောဆိုလေမှ လေခွန်ကိစ္စပြေလည်ရပ်ဆိုင်းသွားသဖြင့် ယခုသူကြီးအားလည်း မသင့်သည့်အချက်များထောက်ပြဝေဖန်ပြီး အခွန်ကြီးလေးစွာ ဗီန္ဓောတုတ်ကြီးအားထောက်ခံသူများက ဒါဟာအမှန်ပေါ့ကွယ် ဒါဟာအမှန်ပေါ့ကွယ် တေးသွားအတိုင်း အကဖြင့်သရုပ်ဖော်ကြလေ၏။

ထိုအခါ ကဖီးဆိုင်ပိုင်ရှင် ကီးဘုတ်ပလေယာ ဂစ်ထရစ်ဗော်ကဲနှစ်စသည့် ဂုဏ်ပုဒ်များစွာကို ပိုင်သတော်မူပေသော ဆံရှည်ကိုဂျင်မီလေးက ဤသို့ဆိုပြန်လေ၏။ ယခင်သူကြီးလက်ထက်က သူကြီးခိုင်းထားသည့် အခွန်ကောက်ခံစည်းကြပ်သူများသည် ရွာအတွက်ရရှိမည့်အခွန်များကို စာရင်းလိမ်၍ ပြသကြကြောင်း အခွန်ရမည့် နည်းလမ်းများကိုလည်း ရွာတစ်ရိုးအပ်ကျခြင်းကအစ သိအောင်လိုက်လံစုံစမ်းပြီး အခွန်ကိစ္စအတွက်ခေါ်ယူညှိနှိုင်းကြကြောင်း ပြေလည်သွားလျှင် ရွာအတွက် သွင်းရမည့် အခွန်များထက်ပိုသော ငွေများကို သူတို့ယူသကဲ့သို့ ညှိနှိုင်းခများကိုလည်း အခွန်ထမ်းရမည့်သူများဖက်မှ ရယူကာ နှစ်သီးတင်ရိုက်စားလုပ်နေခြင်းဖြင့် သူကြီး ပေးသည့်ကြီးကြပ်ထက် ပိုမိုရရှိကာစိုပြေနေကြကြောင်း ထိုသူများ၏ ကြီးကြပ်ခမှာ တစ်လစာအသုံးစရိတ်ကာမိ ရုံမျှသာရရှိကြောင်း ယခုကျေးရွာအတွက် အမှန်တကယ်အထောက်အပံ့ပေးမည့် အခွန်ငွေအားသွင်းသင့်ကြပါကြောင်း ပြောဆိုလေသည်တွင် ဆံရှည်လေးအားထောက်ခံသူများက ပြောပြိုက် ပြောပြိုက်“ ဟု အခွန်နှင့် ကြေလေသည်။

ထိုအခါ တေးသော်ရီက ယခုသူကြီးူလက်ထက်အခွန်ကောက်သည်မှာ များလွန်းကြောင်း ယခင်က သူဂစ်တာတစ်လုံးဝယ်ယူသည့်အခါ ဆိုင်က အခွန်မကောက်ကြောင်း ယမန်နေ့က ဂစ်တာတစ်လုံးသွားဝယ်ရာ ယခင်ထက်ဈေးနှုန်းပို၍ ပေးရသကဲ့သို့ ငွေရပြေစာတွင် အခွန်တံဆိပ်ခေါင်းကပ်ပြီး အခွန်ကောက်လိုက်ကြောင်း အခြားနယ်ပယ်အသီးသီးတွင်လည်း တံဆိပ်ခေါင်းကပ် အခွန်ကောက်ခံသည့် စနစ်များနေရာတိုင်းတွေ့နေရကြောင်း ထိုကြောင့် ယခုသူကြီးအသစ်နှင့်အဖွဲ့သည် အုပ်ချုပ်မှုနှင့် စီမံခန့်ခွဲမှုအရည်အသွေးနည်းနေသေးကြောင်း ထိုအချက်များကို နည်းလမ်းရှာ၍ ပြုပြင်သင့်ပြီဖြစ်ကြောင်း ပြောဆိုနေရင်း သူ၏ အခွန်ဆောင်ဝယ်ယူလာခဲ့သည့် ဂစ်တာလေးအားတီးခတ်ကာ ကွယ်လွန်ရှာပြီဖြစ်သောကို ကိုငှက်၏ သီချင်းအားဖျက်၍ “နည်းနည်းလေးတော့များနေပြီ များနေတိုင်းလည်းမကောင်းပါကွယ် မကျေနပ်ရင် အချိုးပြင်လိုက်“ ဟု သီဆိုကြွေးကြော်သည်တွင် သူ၏ လူများက “ယား…..ယား…..ယား“ ဟူ၍ ထောက်ခံသည်တွင် ဒေါ်ပုမ၏သား ဖိုးထောင်က ယားယင်လည်းကုတ်လိုက်ပေါ့ကွယ် ဟုဆိုသောကြောင့် တွန်းထိုးလှုပ်ရှားမှုများဖြင့် ရုတ်ရုတ်သဲသဲဖြစ်သွားရသေး၏။

ထိုအခါ စာဆိုကျော် ဗေဒင်ဝိဇ္ဇာဆြာမိုးအောင်ကလည်း ဤသို့ဆိုပြန်ချေသေး၏။ ယခင်သူကြီးက သူကိုယ်တိုင်ပင် ဒိုင်ယာဘောလစ်ဖြစ်ခြင်းကြောင့် တပည့်လုပ်သူများကိုလည်း ထိရောက်စွာ မကြီးကြပ်ရဲ ထို့ကြောင့်တပည့်လုပ်သူများအားလည်း လည်သလိုသာလုပ်စားကြပေတော့ဟု ခွင့်ပြုရာရောက်သဖြင့် တပည့်များက ငတက်ပြားနှင့် လဖက်စားခြင်းအစီအစဉ်များကို အကောင်အထည်ဖော်နေခြင်းအားဖြင့် အုတ်အရောရော ကျောက်အရောရော အဖြစ်နှင့် ကျေးရွာမှ ရရှိမည့်အခွန်တော်ငွေများ အလဟဿဆုံးရှုံးခဲ့ရသည်များကို ယခုသူကြီးကျမှ ပြန်လည်အဖတ်ဆည်ရခြင်းဖြစ်၍ အခွန်ငွေကို ပေးသင့်ပါကြောင်း တော်ကီချွေသည်တွင် သူ့လူများက ဂုရုကြီးပြောတာမှန်တယ်ဟူ၍ ထောက်ခံကြလေ၏။

ထိုအခါ စိတ်တိုစိတ်ဆတ်၍ လွန်စာအသားဖွေးသော ကျောက်မီးသွေးနှင့် ကတ္တရာပုံးအသားပိုင်ရှင် မီဒီယာမင်းဗညားထွေးကလည်း အနီကဲ့သို့ အဆိုတင်ပြန်လေ၏။ တစ်လောလေးကပင် သူ၏မဒမ်သားဦးလေးအား အထူးကုဆေးခန်းတွင် မွေးဖွားခဲ့ရာ ဆေးဖိုးဝါးခ ဝန်ဆောင်စရိတ်များအပြင် အခွန်ငွေပါပေးဆောင်ခဲ့ရသည်ဖြစ်သောကြောင့် သူ့အတွက် အလွန်နစ်နာကြောင်း သူ့မဒမ်အား မွေးခန်းတွင် စိတ်တိုင်းကျ ကြည့်ရှုကြသဖြင့် သူ့ဖက်ကသာ မျက်စေ့ခွန်ကြည့်ရှုခွန်ကောက်ခံသင့်သော်လည်း သူကပေးရသဖြင့် သူအလွန်တစ်ရာ စိတ်ညစ်ငြူးမိရပါကြောင်း ပြောကြားသဖြင့် မင်းဗညားထွေး၏တပည့် တရုတ်ကလေးမျိုးမင်းလှိုင်က “fighting bro“ ဟု ဟစ်အောင်မိလေသောကြောင့် ရွာသားတစ်ယောက်၏ “ဗိုက်တင်းဆိုတာတော့မသိဘူး ဖိုက်တင်းဘောပဲသိတယ်“ ဟု အငေါ်တူးခြင်းကို ခံလိုက်ရလေ၏။

ထိုစဉ်အခိုက် ပရိတ်သတ်များ၏ ရုတ်ရုတ်သဲသဲအသံများကြောင့် လူအားလုံးက လမ်းမပေါ်ဆီသို့ ကြည့်လိုက်မိလေသောအခါ ခန္ဓာကိုယ်တွင် သစ်ရွက်တန်ဆာဆင်ထားပြီး ခုံဖိနပ်စီးကာ ကြာဖက်ဦးထုပ်ဆောင်း၍ “ အခွန်များကို မတရားမကောက်ခံသင့်ပါ။ အခွန်ဆောင်ခြင်းဖြင့် ကျေးရွာကောင်းကျိုးသယ်ပိုးပါ။ ရွာကြီးသား ပီပကြပါ“ ဟူသော ဗီနိုင်းအားကိုင်ဆောင်ထားသော လူထူးဆန်းတစ်ယောက်က “အပြစ်ပြောနေကြမယ့်အစား မင်းတို့အားလုံး ညီညီညာညာ ပူးပေါင်းဆောင်ရွက်ကြရင် ငါတို့ကြက်ဆူတောရွာ အင်မတန်တိုးတက်လာမှာပေါ့ကွ“ ဟု ပြေဆိုနေလေတော့၏။

ထိုသူကား အခြားသူမဟုတ်ချေ။ ကြက်ဆူတောရွာ၏ ရွတ်တိရွတ်ထိုးလူ့ကလန့် လူ့ခွစာ လူ့ရွတ်တုံး ဆရာချွန်ပင်ဖြစ်ချေတော့သည်တကား။

Written by – ဆရာချွန်

Leave a Reply