Advertisements

ခုတစ်လော ကြက်ဆူတောရွာသားများကြား ရေပန်းအစားဆုံးစကားကို ပြောပါဆိုလျင် အဂတိဆို သောစကားနှင့် အဂတိတိုက်ဖျက်ရေးဟူသောစကားကိုသာ လက်ညှိုးထိုးပြရပေလိမ့်မည်။ ကြက်ဆူတော ရွာတစ်ရိုး ရာထူးဆိုသောစကားထက်၊
ဌာနန္တရဆိုသောအခြေအနေက စိုးမိုးနေသည်မှာလည်းကာလ အ တန်ကြာပြီ ဖြစ်သည်။

ရွာလည်က ဒေါ်ဘုမ၏သားမက် မက်ဒေါ်နယ်ဗညားထွေးက ကြက်ဆူတောရွာအဝင်အထွက်ကို စစ်ဆေးရသော ရွာ့ဂိတ်မှုးဖြစ်သောကြောင့် ရွာအဝင်အထွက်အဆင်ပြေစေရန် သူ့အားဗလိနတ်စာတင် မြောက်ပသရလေသည်။ သူကတော့ ပြောင်းလဲလာသောရွာ့အခြေအနေအရ လာဘ်ပေး၊ ရန်မလိုဟူသော မူကိုလက်ကိုင်ထားသည်မို့ ကိုယ့်ကိစ္စကလေးအဆင်ပြေစေရန်နှင့် ကိုယ့်ကိစ္စကလေးအလျင်အမြန် ပြီးမြောက်စေရန် မသိမသာ ဗလိနတ်စာ တင်မြောက်ကြခြင်းဖြစ်ပေသည်။

ဗလိနတ်ကျွေးခြင်းကိစ္စကြန့်ကြာ သွားလျင် ကိုယ့်ကိစ္စများလည်းကြန့်ကြာသွားမည်စိုးရိမ်သောကြောင့်ဟုဆိုကြသည်။
မည်သို့သောအ ကြောင်းကြောင့်ဟုမဆိုနိုင်၊ မက်ဒေါ်နယ်ဗညားထွေးကတော့ အိုကေစိုပြေသည်သာမက၊ ယောက်ခမ နာ မည်နှင့်ဝယ်ထားသောခြံမြေများ၊ မိန်းမနာမည်နှင့်ဆောက်ထားသောအိမ်များ၊ ယောက်ဖနာမည်နှင့်ဝယ်
ထားသောကားများမှာ သူ့လခထက်အဆများစွာကျော်လွန်နေသည်ကိုကား သာမန်လူပင်ခန့်မှန်း နိူင်သည် ဟူ၏။

ရွာ့မြောက်ခြမ်းက နိုင်ဝင်းလှကတော့ ကျေးရွာ၏လုံခြုံရေးကို တာဝန်ယူနေရသောသူဖြစ်လေ သည်။ ပြဿနာတစ်ခုဖြစ်လျင် သူ့ဆီကိုထိုပြဿနာကအရင်ရောက်မည်။ သူကသူကြီးကိုတင်လိုက်လျင် အ ပြစ်လိုက် ခံစားသွားရမည်သာဖြစ်သည်။ ထို့ကြောင့် ကျေးရွာအတွင်းပြဿနာတစ်ခုခုဖြစ်လျင် သူ့ဆီကိုအပူ ကပ်ကြသည်။ သူကြီးဆီမတင်ပါနှင့်ဦး နိုင်ဝင်းလှကြီးသာ ကြည့်ရှုစီစဉ်ဆုံးဖြစ်ပေးပါဟုဆိုကြသည်။ ထိုအ ခါ နိုင်ဝင်းလှက သူသုံးနေကျလက်စွဲတော်ဂါထာတစ်ပုဒ်ကိုအဆက်မပြတ်ရွတ်လေတော့သည်။

“ မရလို့ပါဗျာ၊ ရရင်လုပ်ပေးပါတယ်၊ မရလို့ပါဗျာ၊ ရရင်လုပ်ပေးပါတယ်” ထိုဂါထာအစွမ်းကြောင့်ဖြစ်မည်။ နိုင်ဝင်းလှကား သူကြီးကပဲ လခအပေးများလွန်းသည်လား ယောက်ခမဆီကပဲအမွေတွေရလေသည်လားတော့မပြောနိုင်
သူလည်းအိုကေသောအဆင့်သာမက နောက်ထပ်ကီပင်ပဲထားနေသလိုလို ဇနီးကိုပဲ ရာထူးတိုးပေးတော့မလိုလို သတင်းတွေထွက်နေ၏။

ထို့အတူ ကြက်ဆူတောရွာ၏ ကျန်ကျောင်းဘွဲ့ခံ ဗညားညီညီလွင်ကတော့ ပြဿနာပေါင်းစုံကို သူ ကြီးကိုယ်စားဖြေရှင်းပေးနေရသူဖြစ်လေသည်။ သူသည်လည်းခေသူမဟုတ်ချေ။ အဂတိမှုကို မယားပါသား ကဲ့သို့ ရွံ့မုန်းသူပီပီ ပြဿနာဖြစ်နေသူများသူ့ထံလာလျင်မကြိုက်တတ်ချေ။ ထို့ကြောင့်ပြဿနာရှိသူများက သူ့ထံမလာပဲ သူ့ဇနီးထံသို့သာသွားကြလေကုန်၏။ ထို့ကြောင့် ကြက်ဆူတောပြဿဖြေရှင်းရေးနှင့်ပတ် သက်၍ ရိုက်စားဘွဲ့ခံ မင်းသက်ခိုင်က “The law is in his mouth.” ဟုပြောသကဲ့သို့၊ အန်းတိတ်တို့၏ မာ စတာအာလောသန်းထိုက်ဘွဲ့ခံ ရှေးဟောင်းပညာရှင် ကိုသန်းထိုက်ကတော့ “When money speaks, the truth is silent.” ဟုဆိုလေ၏။ မည်သို့ပင်ဆိုစေကာမူ ကျန်ကျောင်းဗညားကား မယားကိုပင်ရွှေချ တော့မည်ဆိုချေ၏။

တစ်ဖန်ကြက်ဆူတောရွာ၏ ကျန်းမာရေးအတွက်အဓိကအားထားရာဖြစ်သော ဆရာမဆုနွယ်က တော့ အဂတိမှုကင်းသည်ဟုဆိုရမည်ဖြစ်လေသည်။ သူ့ဆေးခန်းတို့လာသူတိုင်းအား မည်သည့်လာဘ်လာ ဘနှင့် တံစိုးလက်ဆောင်ကိုမျှ တောင်းယူခြင်းမရှိချေ။

လူနာများကသာ မိမိတို့ရောဂါအမြန်သက်သာစေရေး မိမိတို့အား ဆရာမဆုနွယ်ဂရုစိုက်စေရေးအတွက်၊ စာအိတ်ကလေးများလာပေးခြင်း၊ ရွှေထည်ပစ္စည်းများ ထည့်သည့်ဘူးကလေးများလာပေးခြင်းကို အစဉ်တစ်စိုက်ပြုလုပ်ကြလေသည်။ စေတနာအလျောက်သဒ္ဓါ ပေါက်ပြီး လာရောက်ပေးအပ်သောပစ္စည်းများဖြစ်ခြင်းကြောင့် ငြင်းဆိုရန်မကောင်းတတ်သည်ဖြစ်၍ ဆရာ မဆုနွယ်က ဒါနမြောက်အောင် ဆိတ်ဆိတ်နေခြင်းဖြင့် ပါရမီဖြည့်ပေးနေသည်ဖြစ်ပြီး၊ သူကိုယ်တိုင်ကလည်း
အကြွေသီးဟုခံယူထားသောကြောင့် မည်သို့မျှလည်းတားမြစ်ခဲ့ခြင်းမပြုဖြစ်ခဲ့ပေ။ ထိုသူများသည် နောက်
ပိုင်းကျန်းမာရေးကောင်းသွားသည့်အခါ လမ်းတွင်တွေ့သည့်တိုင် ဆရာမဆုနွယ်အားတစ်ခုတ်တစ်ရ နှုတ် ဆက်သွားသူဟူ၍ တစ်ယောက်မျှပင်မရှိချေတကား။

တစ်ဖန်ကြက်ဆူတောရွာ၏ အနာဂတ်ခေါင်းဆောင်ကောင်းလေးများမွေးထုတ်ပေးရာ ကြက်ဆူ တောရွာ၏ စာသင်ကျောင်းကလေးမှ စေတနာဆရာမလေး ရွှေမိုးပြာကတော့ နေ့စဉ် ကျောင်းဆရာမတစ် ယောက်နှင့်သိပ်မသက်ဆိုင်သော အလုပ်များကို ကျောင်းတွင်လုပ်ကိုင်နေရ သောကြောင့် သူမသင်ရမည့် သင်ခန်းစာများကို
သူမအိမ်တွင် ကျောင်းလွှတ်ချိန်များ၌ ကျောင်းသားများကို ခေါ်ယူကာသင်ကြား ပေးရ လေ၏။ ကျောင်းသားမိဘများကလည်း တော်သည်ဟုသာ ဆိုရမည်ဖြစ်ချေသည်။

ထိုသို့ဂရုတစ် စိုက် အိမ် တွင် ခေါ်ယူစာသင်ပေးထားသောကြောင့် ကျောင်းသား များအတွက်စာသင်ပေးသည့် အဖိုးအခများကို ချီး မြင့်ကြချေ၏။ ဒါကိုပင် မနာလိုသူများက ပညာ ရေးဝန်ထမ်းများက ကျုရှင်သင်သည်ဟုဝါဒဖြန့်ကြလေ
သည်။သို့သော် သူမ၏အိမ်တွင်ဖွင့်ထားသော စာသင်ချိန် စာသင်ခန်းသို့ လာရောက်ပညာရှာမှီးကြသူများ မှာလည်း မိုးကာလ မိုးဖြူလို တစ်ဖွဲဖွဲ မစဲဘဲရှိချေတော့၏။

ထို့အတူ ကြက်ဆူတောရွာ၏ ဌာနအသီးသီး နေရာအသီးသီးတို့တွင်အမည်သာပြောင်းလဲသော် လည်း ပမာဏသာကွာခြားသော်လည်း အဂတိကားမရှိ လာဘ်စားမှုများလည်းကင်းသော်လည်း ဗုဒ္ဓဘာ သာဝင် မြန်မာလူမျိုးများပီပီ ရိုသေသင့်သူကိုရိုသေသော ဂါရဝ၊နိဝါတတရားများကိုရှေ့ထားပြီး မိမိတို့လုပ် ငန်းနှင့်ပတ်သက်သမျှဌာနတိုင်းတွင် ဂါရဝပြုကြ ကုန်၏။ ထိုအချက်ကိုလည်း အကြွေသီးဟူ၍နာမည် ပေးကြသကဲ့သို့၊ အချို့ကလည်း ဆောင်ပုဒ်ပါစကားအား
ပုတ်ဖြတ်ပြင်ဆင်၍ “ လာဘ်ပေး၊ ရန်မလို”ဟုပြော ဆိုကြလေ၏။

တစ်နေ့သ၌ ကြက်ဆူတောရွာ၏ အစည်ကားဆုံး နာမည်အကြီးဆုံး Google အမည်ရစားသောက် ဆိုင်တွင် ကြက်ဆူတောပညာရှိ ပဏ္ဍိတအပေါင်းဆုံကြသခိုက်၊ လဘက်ရည်တစ်ခွက်စီ ဆေးလိပ်တစ်ပွဲစီမှာ သောက်ကာ Logic နည်းဖြင့်
အမျိုးမျိုးသရုပ်ခွဲပြသကြလေ၏။ ရှေးဦးစွာ သစ္စာလေးပါးမောင်လွမ်းမိုးလေးက ကုဋေရှစ်ဆယ်သူဌေးသား၊ မွဲသွားရသည်မှာ ပညာအခြေခံနည်းသောသူဌေးသားပီပီ မင်းမှုထမ်းဖြစ်ချင် သောဆန္ဒကြောင့် မင်းမှုထမ်းဖြစ်လာစေရန်နည်းအမျိုးမျိုးဖြင့်ဂါ၍ ကြိုးစားရင်းမွဲသွားရပါသည်။ ပညာမ တတ်၍ မဟုတ်ပါကြောင်းပြောလေ၏။ ထိုအချက်ကို ကြက်ဆူတော ဗေဒကဝိန္ဒ ဆရာမိုးအောင်က မူလတန်းက သူသင်ကြားခဲ့ရသည့် မြန်မာစာမှ လာဘ်စားသော တံခါးမှုးအကြောင်းကိုကိုးကား၍ ထိုအဆိုမှန်ကန်ကြောင်းအာဖောင်းလေ၏။ ဘုရင့်မွေးနေ့တွက် ငါးလာဆက်သောတံငါသည်အား တံခါးမှူး က အချိန်လွန်နေပြီဖြစ်သောကြောင့် ရရှိ မည့် လာဘ်လာဘအား တစ်ဝက်ခွဲပေးမှ တံခါးဖွင့်ပေးမည်ဆိုလေ၏။

တံငါသည်ကလည်း ပေးပါမည်ဟု က တိပေးပြီး ဘုရင်ထံရောက်သည့်အခါ ကြိမ်ဒဏ်တောင်းခံလိုက်ခြင်းဖြစ်သည်။ ထိုအချက်ကိုထောက်ရှု၍ အ ဂတိ လိုက် စားမှုဟူသည် လွန်ခဲ့သည့် နှစ်ထောင်ကျော်ကပင်ရှိခဲ့သောအစဉ်အလာဖြစ်၍
အင်းဝခေတ် ရှေ့ နေ မောင်ကျဘမ်း၏ စကားကို ကိုးကားရပါလျင် “ခုမှမစား၊ရှေးကစားသည်၊ ပါးပါးထူထူ၊ လာဘ်ယူခြင်းကို မည်သို့အပြစ် ယူမည်နည်း” ဟု ဆိုရန်သာရှိပါတော့ကြောင်းပြောလေ၏။

လွှတ်ကြီး၏တပည့် ဖော်ကွာဝေး လူရဲက လူဟူသမျှ ပါးစပ်နှင့်လက်ပါနေသမျှ ပေးသမျှယူ၊ ကြွေး သမျှစား၊ မပေးလျှင်တောင်း၊ စသည်သံသရာလည်နေမည်ဖြစ်သောကြောင့် ဆေးသိပ္ပံပညာရှင်များအား ပါး စပ်နှင့် လက်မပါသည့် ဖန်ပြွန်သန္ဓေသားများကို တီထွင်မွေးဖွားစေမှသာ၊ အဂတိလိုက်စားမှုကင်းမည်ဖြစ် ကြောင်းပြောလေ၏။

ဆလိုင်းဂျစ်သိုးကအဂတိလိုက်စားမှုမှာ သူကြီးတာဝန်ပေးအပ်ထားသူများအား လုံလောက်သော ထောက်ပံကြေး မပေးခြင်းကြောင့်ဖြစ်ရပါသည်ဟူ၍တင်ပြ၏။ ဥပမာအားဖြင့် လစာရိက္ခာလုံလောက်အောင် ပေးထားမည်ဆိုပါက မည်သူမျှ
အဂတိလိုက်စားမှုကိုပြုမည်မဟုတ်ကြောင်းပြောလေသည်။

ဗိန္ဓောတုတ်ကြီးက လူတို့သည် ဘာသာရေးအသိအားနည်းသောကြောင့် ကိုယ်ချင်းစာတရား ခေါင်း ပါးကာ
အဂတိလိုက်စားမှုဖြစ်ပွားရခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် လူတို့အား ယဉ်ကျေးလိမ္မာသင်တန်းတက် စေခြင်းအားဖြင့်
ဘာသာရေးဆိုင်ရာအသိအမြင်များပွင့်လင်းလာပြီး ကိုယ်ချင်းစာတရားများ ထားနိုင်လာစေ ကာ အဂတိလိုက်စားမှုများလည်း ကင်းဝေးသွားစေမည်ဖြစ်ကြောင်း ဆွေးနွေးလေ၏။

ထိုအခါ ကဗျာဆရာကလေး မင်းဆက်မွန်က လူတို့အဂတိလိုက်စားသည်မှာ ဆင်ခြင်တုံတရား နည်းပါး ခြင်းကြောင်းဖြစ်ရကြောင်း၊ ထို့ကြောင့် ရွာလယ်ပိုင်းမှ အပျိုကြီးမိသူဇာ၏ စာကြည့်တိုက်တွင်စာ များများ ဖတ်ကြရန်လိုအပ်ပါကြောင်းပြောပြလေ၏။

တစ်ဖန်တေးသော်ရီကလည်း၊ အဂတိလိုက်စားမှုများသည် ပေးသောသူနှင့် ယူသောသူနှစ်ယောက် ရှိခြင်းကြောင့် အခြင်းဖြစ်အင်္ဂါပြည့်ုစုံကာ ကျုးလွန်ကြခြင်းဖြစ်သောကြောင့် အဂတိလိုက်စားမှုဖြစ်ပွားစေ သည့် ပေးသူနှင့် ယူသူနှစ်ဦးလုံးအားထိရောက်သာ ပြစ်ဒါဏ်ချမှတ်၍ ကြပ်မတ်လိုက်လျှင် အလိုလိုပျောက် ကွယ်သွားမည်ဖြစ်ကြောင်းထုတ်ဖော်လေ၏။

ထိုအခိုက်တွင် Google စားသောက်ဆိုင်ရှေ့မှ ဗီနိုင်းတစ်ခုအား လည်ပင်းတွင် ကြိုးနှင့်ဆွဲထား သော အာဠာဝက
သခင်ဖိုးလှကြီးစတိုင်နှင့်လူတစ်ယောက်အားတွေ့လိုက်သောကြောင့် သူတို့စကားဝိုင်း လေးခေတ္တ တိတ်ဆိတ်သွားသကဲ့သို့
ထိုသူ၏လည်ပင်းတွင်ချိတ်ဆွဲထားသည့် ဗီနိုင်းမှစာကိုဖတ်ကြည့်သည့် အခါ သက္ကရာဇ် ၂၀၀၀ ခုနှစ်ထိ တက္ကသိုလ်ဝင်တန်းတွင်ပြဌာန်းခဲ့သော အင်္ဂလိပ်စာကဗျာမှ စာပိုဒ်တစ်ပိုဒ် အား အင်္ဂလိပ်ဘာသာ၊ မြန်မာဘာသာ နှစ်ဘာသာဖြင့်
ရေးထိုးထားသည့်စာဖြစ်နေတော့သည်။

ထိုစာပိုဒ်မှာ “By thirty hills I hurry down Or slip between the ridges, By twenty thorps, a little town, And half a hundred bridges, (Alfred Lord Tennyson)
တောတောင် ရေမြေ၊ ဘယ်လိုပြောင်းပြောင်း စမ်းချောင်းကတော့ စီးဆင်းမြဲ (ဆရာချွန်)

Written by ဆရာချွန်

Advertisements
<

Leave a Reply