ကိုယ့်အိပ်မက်ကို ကိုယ်တိုင်ထုဆစ်ပါ သမ္မတကြီး

နိုင်ငံတော်သမ္မတ၏ ပိုင်ဆိုင်မှုကို တန်ဖိုးနှင့်တကွစာရင်းပြုစုပြီး ပြည်ထောင်စုလွှတ်တော် နာယကထံ ပေးပို့ထားကြောင်း သမ္မတရုံးက မေ ၈ ရက်တွင်ပြည်သူသို့ ထုတ်ပြန်အသိပေးသည်။ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၏ ပိုင်ဆိုင်မှုများသည်လည်း သမ္မတထံရောက်ရှိနေ ပြီးဖြစ်ကြောင်းပါဝင်သည်။

ယင်းသည် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၆၈ နှင့် ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေ ပုဒ်မ ၁၀၁ အရဆောင်ရွက်ခြင်းပင်။ သို့သော် အများပြည်သူသိခွင့်မရပါချေ။ အဆိုပါ ဥပဒေပုဒ်မများတွင် ပိုင်ဆိုင်မှု များတင်ပြရာ၌ ပြည်သူသိထုတ်ပြန်ရန်ဟု တိုက်ရိုက် မပြဋ္ဌာန်းထား ခြင်းကြောင့်ပေ။

လက်ရှိသမ္မတကြီး ဦးဝင်းမြင့်သည် ဒီမိုကရေစီခေတ်၌ အဆိုပါ အခြေအနေနှင့် မလုံလောက်သည်ကို လွန်ခဲ့သော ခြောက်နှစ်ခန့်က တည်းက သိရှိထားသူဖြစ်သည်။ တိတိကျကျဆိုရလျှင် ၂၀၁၂ ခုနှစ်၊ ဇူလိုင် ၂၅ ရက်၌ ပြည်သူ့လွှတ်တော်အမတ်အဖြစ် တာဝန်ထမ်း ဆောင်နေသူ ဦးဝင်းမြင့်သည် သက်ဆိုင်ရာလွှတ်တော်၌ ယင်းကိစ္စကို ပြုပြင်ပြောင်း လဲနိုင်ရန် အဆိုတစ်ရပ်ပင် တင်သွင်း၍ကြိုးပမ်းခဲ့ပါ၏။

ယင်းအဆိုမှာ “အစိုးရသစ် လက်ထက်တွင် ကောင်းမွန်သော အုပ်ချုပ်ရေး၊ သန့်ရှင်းသော အစိုးရ ဖြစ်ပေါ်လာရေးတို့အတွက် ပြည်ထောင်စု အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များအဖြစ် တာဝန်ပေးအပ်ခံရသူများသည် ၎င်းတို့၏ ရွှေ့ပြောင်းနိုင်သော ပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းနှင့် အကျိုးစီးပွား
များကို ထုတ်ဖော်ကြေညာပြီး မှတ်တမ်းတင်ထားရန်’’ ဟု အမည်ရသည်။

ထိုစဉ်က ပြည်ထောင်စုရှေ့နေချုပ်အဖြစ် တာဝန်ယူထားသည့် ဒေါက်တာထွန်းရှင်က ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၆၈ နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေ ပုဒ်မ ၁၀၁ တို့ကို ပြင်ဆင်ပြီးမှသာလျှင် အစိုးရအဖွဲ့၏ ပိုင်ဆိုင်မှုများကို အများပြည်သူထံသို့ ထုတ်ပြန်နိုင်မည် ဟု မှတ်ချက်ပြုခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကြီးစိုးသော လွှတ်တော်ကလည်း အတည်ပြုရန် ငြင်းပယ်ခဲ့သဖြင့် ဦးဝင်းမြင့် ၏ဆန္ဒမှာ အရာ မထင်ခဲ့ပေ။

ယင်းနောက် ၂၀၁၅ အထွေထွေရွေးကောက်ပွဲအပြီး မြန်မာ့ဒီမိုကရေစီအရေးတော်ပုံသမိုင်း၌ တပ်ဦးပါတီဖြစ်ခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အာဏာရပြီးနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်အဖြစ် နှစ်နှစ်ကျော် တာဝန် ထမ်းဆောင်ခွင့်ရချိန်တွင်လည်း ယင်းသည် အကောင်အထည်ပေါ်မလာခဲ့။

မှတ်တမ်းများကိုကြည့်လျှင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် တာဝန်ယူနေချိန် ၂၀၁၆ အောက်တိုဘာ ၇ ရက်၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် “အခုအခြေအနေကြည့်လေ။ ကာလဒေသကို ကြည့်၊ အများပြည်သူကို ထုတ်ပြန်လိုက်ရင် အဲဒီကိုယ်စားလှယ်တွေအတွက် ရာဇဝတ်မှုကို ဖိတ်ခေါ်သလို ဖြစ်မှာပေ့ါ”ဟု ဦးဝင်းမြင့်ပြောခဲ့ သေး၏။

ထို့ကြောင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဖြစ်စဉ် အကြောင်းပြခဲ့သောတရားဥပဒေစိုးမိုးမှုဆိုင်ရာအခြေအနေ၊ ပြည်သူ့လွှတ်တော်အမတ်အဖြစ်ရှိစဉ် ငြင်းပယ်ခံရသော ဥပဒေဆိုင်ရာ အကျပ်အတည်းတို့ကို နိုင်ငံ့ဥသျှောင်အဖြစ် တာဝန်ထမ်းဆောင်ခွင့်ရစဉ် သမ္မတကြီး ဦးဝင်းမြင့်တစ်ယောက် ကိုင်တွယ်ဖြေရှင်းလိမ့်မည်ဟု ဟင်္သာက မျှော်လင့်
ထားခြင်း ဖြစ်သည်။

အရင်းခံအကြောင်းပြချက်မှာ ပြင်ဆင်ရန်ခက်ခဲသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ ၆၈၌ ပိုင်ဆိုင်မှုများကို အများပြည်သူသို့ အသိမပေးရ၊ မထုတ်ပြန်ရဟု တိုက်ရိုက်ညွှန်းဆိုမထားခြင်းကြောင့်ပင်။
သို့ဖြစ်ရာ လွန်ခဲ့သော ခြောက်နှစ်ခန့်က ဆန္ဒမျိုး သမ္မတကြီးဦးဝင်းမြင့်ထံရှိနေပါသေးလျှင် ပြည်ထောင်စု အစိုးရ အဖွဲ့ဥပဒေပုဒ်မ ၁၀၁ ၌ အများပြည်သူသို့ ထုတ်ပြန်ကြေညာရမည်ကဲ့သို့သောစာသားတစ်မျိုးမျိုး ပြင်ဆင်ဖြည့်စွက် ရုံဖြင့်ရနိုင်ပြီး ယင်းသည် အခြေခံဥပဒေပါပြဋ္ဌာန်းချက်နှင့်လည်းမဆန့်ကျင်ရာဟု ဟင်္သာက ယုံကြည်နေသည်။

အချုပ်အားဖြင့် ထောက်ပြလိုသည်မှာ ဒီမိုကရေစီဖော်ဆောင်ရာ ခရီးကြမ်းတစ်လျှောက်၌ အားကိုးအားထားပြုခဲ့ရ၊ ယုံကြည်ကိုးစားခဲ့ရ သည့် လူကြီးမင်းတို့ အာဏာရချိန်တွင်မှ ကောင်းမွန်သော အုပ်ချုပ်ရေး၊ သန့်ရှင်းသော အစိုးရ ဖြစ်စေရေးအတွက် မဖြစ်မနေလိုအပ်သည့် အဆိုပါအခင်းအကျင်းမျိုးကို မဖော်ဆောင်နိုင်လျှင် ရှေ့၌မျှော်လင့်ရန် “ခက်ပြီ”ဟူ၍ပင်။

ထို့ကြောင့် တစ်ချိန်က ကိုယ်တိုင်မက်ခဲ့သော အိပ်မက်ကို သမ္မတကြီး ဦးဝင်းမြင့် ကိုယ်တိုင်ထုဆစ်ပုံဖော်သည်ကို မြင်တွေ့ခွင့်ရလိုပါကြောင်း။

Written by အယ်ဒီတာ

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်