မွန်ပြည်နယ်မှ ဝိဇ္ဇာဘာသာတွဲဖြင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် တစ်နိုင်ငံလုံး၌ တတိယရရှိခဲ့သူ မမေမြတ်ကိုနှင့်တွေ့ဆုံခြင်း

ဝိဇ္ဇာဘာသာတွဲဖြင့် တက္ကသိုလ်ဝင်တန်းဖြေဆိုသူ ရှားပါးလာချိန်တွင် အဆိုပါဘာသာရပ်ဖြင့် ဘီးလင်းမြို့နယ်၊ အ.ထ.က တောင်စွန်းကျေးရွာမှ စာမေးပွဲဖြေဆိုခဲ့ပြီး မြန်မာတစ်နိုင်ငံလုံးတွင် တတိယမြောက် အမှတ်အများဆုံး ရရှိခဲ့သူ မမေမြတ်ကို နှင့် ဟင်္သာမီဒီယာက တွေ့ဆုံမေးမြန်းထားသည်ကို ဖော်ပြလိုက်ပါသည်။

waitzar

ဟင်္သာမီဒီယာ။ ။ ညီမ ဂုဏ်ထူးရရှိခဲ့တဲ့ ဘာသာတွေနဲ့ အမှတ်ပေါင်းကို ပြောပြပေးပါလား။
မမေမြတ်ကို ။ ။ အ.ထ.က(တောင်စွန်း) ကနေ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အောင်မြင်ခဲ့ပါတယ်။ သင်္ချာ၊ ပထဝီ၊ သမိုင်း၊ ဘောဂဘာသာရပ်တွေမှာ ဂုဏ်ထူးထွက်ခဲ့ပါတယ်၊ အမှတ်ပေါင်းကတော့ ၄၈၅ မှတ်ရရှိခဲ့ပါ တယ်။

ဟင်္သာမီဒီယာ ။ ။ ညီမလေးအနေနဲ့ ဝိဇ္ဇာဘာသာရပ်မှာ မြန်မာတစ်နိုင်ငံလုံးမှာ တတိယရရှိခဲ့တဲ့အပေါ် ဘယ်လိုခံစားရလဲ။
မမေမြတ်ကို ။ ။ အရမ်းပျော်ပါတယ်၊ ရည်မှန်းထားတဲ့ အတိုင်းဖြစ်လာတဲ့အတွက် ပျော်ရွှင်ရပါတယ်။

ဟင်္သာမီဒီယာ ။ ။ အခုလိုမျိုး အောင်မြင်ဖို့အတွက် စာကို ဘယ်လိုကြိုးစားခဲ့ရလဲ။
မမေမြတ်ကို ။ ။ စာကို အချိန်မှန်မှန်ကြိုးစား ကျက်မှတ်ခဲ့ပါတယ်။ ဘယ်နေ့မှာ ဘယ်စာကိုဖတ်မယ်ဆိုပြီး ဇယားတော့မချခဲ့ဘူး။ ကျောင်းမှာလည်း ဆရာမတွေသင်ပေးတဲ့ စာတွေကို သေသေချာချာ အာရုံစိုက်ပြီး သင်ယူခဲ့ပါတယ်။ မရှင်းတဲ့ စာတွေရှိရင် ဆရာတွေနဲ့ တိုင်ပင်ဆွေးနွေးခဲ့တယ်။ စာမေးပွဲမဖြေခင် နှစ်လလောက် အလိုမှာ တစ်ဘာသာကို နှစ်ရက်စီ အချိန်ပေးပြီးလုပ်ခဲ့ပါတယ်။

ဟင်္သာမီဒီယာ။ ။ ဝိဇ္ဇာတွဲကို ဘာကြောင့်ယူဖြစ်ခဲ့တာလဲ။
မမေမြတ်ကို ။ ။ ညီမ ရှစ်တန်းနှစ်ကတည်းက ညီမတို့ကျောင်းက ဝိဇ္ဇာတွဲမှာ ဒုတိယရခဲ့တဲ့ အတွက် အားကျ ခဲ့တယ်။ ကိုယ်တိုင်ကလည်း ဆရာမဖြစ်ချင်ခဲ့တဲ့အတွက် ဝိဇ္ဇာတွဲကိုပဲ ယူဖြစ်ခဲ့တာပါ။

ဟင်္သာမီဒီယာ။ ။ မိဘတွေကရော ဝိဇ္ဇာတွဲယူခဲ့တဲ့ အပေါ်ဘယ်လို အကြံညဏ်တွေကို ပေးခဲ့ကြလဲ။
မမေမြတ်ကို ။ ။ ညီမက ကျောင်းဆရာမတစ်ယောက် ဖြစ်ချင်တယ်၊ ပြီးတော့ ရန်ကုန်ပညာရေး တက္ကသိုလ် ကို တက်ချင်တဲ့အတွက် မိဘတွေနဲ့ တိုင်ပင်ပြီးတော့ ဖေဖေတို့က ဘယ်လမ်းကို သွားရင် အကောင်းဆုံးဖြစ်မလဲ ဆိုတာကို လမ်းကြောင်းချပေးခဲ့တယ်။ ဖြစ်ချင်တာကို ပေးလုပ်ခဲ့တယ်။

ဟင်္သာမီဒီယာ ။ ။ ဝိဇ္ဇာတွဲကို ယူခဲ့တဲ့အတွက် အခက်အခဲ တစ်စုံတစ်ရာများရှိခဲ့သေးလား။
မမေမြတ်ကို ။ ။ စာကို ပုံမှန်လုပ်ခဲ့တဲ့အတွက် ညီမအနေနဲ့ အခက်အခဲတော့မရှိခဲ့ပါဘူး။

ဟင်္သာမီဒီယာ ။ ။ တချို့ကျောင်းသားတွေက ဝိဇ္ဇာတွဲကို ယူချင်ကြတယ်၊ ဒါပေမဲ့ တော်ရုံ မယူဖြစ်ကြတဲ့ အပေါ်မှာ ညီမလေးအနေနဲ့ ဘာပြောချင်လဲ။
မမေမြတ်ကို ။ ။ ညီမအနေနဲ့ကတော့ ဝါသနာပါရင် ဝိဇ္ဇာတွဲကို ယူစေချင်ပါတယ်။ လွယ်ကူပါတယ် ယူပါလို့ပြောချင်ပါတယ်။

ဟင်္သာမီဒီယာ။ ။ လာမယ့်နှစ်မှာတက္ကသိုလ်ဝင်တန်းဖြေဆိုမယ့် ညီတွေ၊ညီမတွေကို ဘာတွေပြောချင်သေးလဲ။
မမေမြတ်ကို ။ ။ စာကို ကြိုးကြိုးစားစားနဲ့ လေ့လာသင်ယူပြီးတော့ ကိုယ်ဖြစ်ချင်တဲ့ ရည်မှန်းချက် ပန်းတိုင် ကို ရောက်အောင် ကြိုးစားလျှောက်လှမ်းကြပါလို့ပဲ ပြောချင်ပါတယ်။

Leave a Reply