မွန်ပြည်နယ်၊ မြို့ပေါ်ရပ်ကွက်အတွင်းရှိ ကိုယ်ထူကိုယ်ထ လမ်းများကို ဘိလပ်မြေအိတ် ထောက်ပံ့ ပေးအပ်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် စိုက်ပျိုးရေး မွေးမြူရေးနှင့် ပို့ဆောင် ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက ပြောကြားသည်။

“ပြည်နယ်အစိုးရက ဘိလပ်မြေအိတ် တန် ၉၀၀ ကျော် ဝယ်ထားတယ်၊ အဓိကက ကိုယ့်အားကိုယ်ကိုး ဆောင်ရွက်နေတဲ့ လမ်းတွေ တံတားတွေကို သုံးနိုင်ဖို့အတွက် ဖြစ်တယ်”ဟု ၎င်းက ဆိုသည်။

ကိုယ်ထူကိုယ်ထ စနစ်ဖြင့် ဆောင်ရွက်ရန် လမ်း၊ တံတား ဖြစ်မြောက်ရေးအဖွဲ့ ဖွဲ့စည်းထားသူများသည် မြို့နယ် NLD ပါတီရုံးမှ တစ်ဆင့် ပြည်နယ်အစိုးရထံ တင်ပြတောင်းခံနိုင်ကြောင်း ၎င်းက ပြောဆိုသည်။

တင်ပြတောင်းခံသူများအနေဖြင့် မြို့နယ် စည်ပင်သာယာရေးအဖွဲ့များထံတွင် ကုန်ကျမည့် လမ်း၏အလျား၊ အကျယ်၊ ထုထည် ပမာဏများကို အသေးစိတ်အတွက် ဘိလပ်မြေ တွက်ချက်နည်းကို အကူအညီ တောင်းခံနိုင်ကြောင်း ၎င်းက ပြောကြားသည်။

“ကျွန်တော်တို့ မြို့နယ်ပါတီရုံးကို တင်ပြလာလို့ရှိရင် အမှန်တကယ် လုပ်ဆောင်မှု ရှိမရှိကို စိစစ်ပြီး ထောက်ခံပေးသွားမယ်”ဟု သံဖြူဇရပ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဉာဏ်ဟိန်းက ပြောဆိုသည်။

ဘိလပ်မြေအိတ် ထုတ်ယူရန် တင်ပြတောင်းခံသူများ၏ လုပ်ငန်း လုပ်ဆောင်မှုများကိုလည်း စောင့်ကြည့် စစ်ဆေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

အဆိုပါ ဘိလပ်မြေအိတ် တန် ၉၀၀ ကျော်ကို ပြည်နယ်အစိုးရ ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဝယ်ထားသည့် ဘိလပ်မြေများဖြစ်ပြီး၊ မြို့ပေါ် ရပ်ကွက်များကို ဦးစားပေး သွားမည်ဖြစ်ကြောင်း ဦးထွန်းဌေးက ပြောသည်။

ယင်းအပြင် ဘိလပ်မြေအိတ်များကို ထောက်ပံံ့ပေးအပ်မည့် အစီအစဉ်များကို မြို့နယ်စည်ပင်သာယာရေး အဖွဲ့များကလည်း ဝင်ရောက်ကူညီဆောင်ရွက် ပေးမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

Written by – ဇော်ထိုက်

Leave a Reply