“မနွိုင့်စိုင်းကတော့ သီချင်းတွေ ဆက်ဆိုနေဦးမှာပါ”

ယခုအပတ်အတွက် အနုပညာကဏ္ဍမှာတော့ မွန်အမျိုးသား တေးသံရှင် မနွိုင့်စိုင်းရဲ့ လတ်တလော တေးဂီတလှုပ်ရှားမှုများကို သိရှိနိုင်ရန် ဟင်္သာမီဒီယာက ဆက်သွယ်မေးမြန်းထားသည်များကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
ma noise

ဟင်္သာ။ ။ မင်္ဂလာပါ အစ်ကို။ အခု တေးစီးရီးအသစ်ထွက်ဖို့ စီစဉ်ထားတာရှိတယ်ဆိုဟုတ်လား။
မနွိုင့်စိုင်း။ ။ တေးစီးရီးအသစ်တစ်ခွေထွက်ဖို့ရှိပါတယ်။ အခွေကိုတော့ (အဝ်ု)အမြဲလို့ နာမည်ပေးထားတယ်။ ပထမတေးစီးရီးထက် ပိုကောင်းအောင် အများကြီးကြိုးစားထားပါတယ်၊ ပွင့်လင်းရာသီရောက်တာနဲ့ကို ပရိသတ်တွေလက်ထဲ အရောက်ပို့ပေးနိုင်အောင် ကြိုးစားနေဆဲပါ။

ဟင်္သာ။ ။ အခုအခွေလုပ်နေတာ ဘယ်လောက်အထိပြီးပြီလဲ။
မနွိုင့်စိုင်း။ ။ နိုဝင်ဘာလနှင့် ဒီဇင်ဘာလကြားမှာ ဒီတေးစီးရီးကို ထုတ်ဖို့ စီစဉ်နေပါတယ်။ အခုက တော်တော်များများပြီးနေပါပြီ။

ဟင်္သာမီဒီယာ။ ။ စီးရီးအသစ်မှာ သီချင်းဘယ်နှစ်ပုဒ်ပါလဲ။ ဂီတအမျိုးအစားတွေကရောဘာတွေလဲ။
မနွိုင့်စိုင်း ။ ။ သီချင်းက ၁၂ ပုဒ်ပါမယ်။ ကိုစမိုင်းချမ်းနဲ့ အနဂ္ဃတို့ နှစ်ယောက်က ၁ ပုဒ် ဆိုထားပေးပါတယ်။ တေးဂီတအမျိုးအစားက အစုံပါမှာပေါ့။

ဟင်္သာမီဒီယာ။ ။သီချင်းတွေကိုရော ဘယ်သူတွေရေးပေးထားလဲ။
မနွိုင့်စိုင်း။ ။ တေးရေးဆရာတွေကတော့ အများကြီးပါတယ်။ ကျွန်တော်က တစ်ပုဒ်ရေးထားပါတယ်။

ဟင်္သာမီဒီယာ။ ။ သီချင်းတွေကရော အချစ်အကြောင်းတွေပဲလား။
မနွိုင့်စိုင်း ။ ။ ဒီတေးစီးရီးထဲမှာက အမျိုးသားရေးနဲ့ဆိုင်တဲ့ သီချင်းတွေပါတယ်။ ဘဝအကြောင်း သီချင်းတွေရော အချစ်သီချင်းတွေလည်း ပါတယ်ပေါ့လေ။ အမျိုးသားရေးသီချင်းက ၂ ပုဒ်ပါတယ်။ သီချင်းတွေအကုန်လုံးက ကိုယ်ပိုင်သံစဉ်တွေပါပဲ။ကော်ပီမပါပါဘူး။

ဟင်္သာ။ ။ အစ်ကို ဂီတလောကကို ဘယ်အချိန်ကစပြီး ဖြတ်သန်းခဲ့လဲ။
မနွိုင့်စိုင်း။ ။ ၂၀ဝ၂ခုနှစ်ကတည်းက ဝင်းကမှာရှိတဲ့ ဂီတမွန်အဖွဲ့မှာ သီချင်းဆိုနေတာ။ ထိုင်း-မြန်မာနယ်စပ်မှာပေါ့။ ၂၀၁၃ခုနှစ်ရောက်တော့မှ တေးစီးရီးတစ်ခွေ ထုတ်ဖြစ်တာပါ။

ဟင်္သာ။ ။ ဒါက ဘယ်နှစ်ခွေမြောက်တေးစီးရီးပါ။ အရင်က ထုတ်ခဲ့တဲ့ တေးစီးရီးအကြောင်း ပြောပြပေးပါလား။
မနွိုင့်စိုင်း။ ။ ဒါက ဒုတိယမြောက်တေးစီးရီးပါ။ အရင်ထုတ်ခဲ့တဲ့ တေးစီးရီးနာမည်က ညီညွတ်ကြစို့ပါ (ညီအိုတ်စိုအ်)၊။ ဒီတေးစီးရီးကို အဆိုတော် ကရက်ဝီထော (ကြက်ဝီထဝ်)နှင့် ပဉ္စဝီတို့က ကူညီအားဖြည့်ပေးခဲ့တဲ့ ကျွန်တော့်ရဲ့ ပထမဆုံး တေးစီးရီးပါ။

ဟင်္သာ။ ။ ပထမဆုံး တေးစီးရီးထုတ်တဲ့အချိန်က ဘယ်လိုအခက်အခဲမျိုးတွေနဲ့ တွေ့ခဲ့ရသေးလဲ။
မနွိုင့်စိုင်း။ ။ အခက်အခဲကတော့ အများကြီးကြုံခဲ့ရပါတယ်။ အလုပ်တစ်ခုလုပ်ပြီဆိုလို့ရှိရင် အခက်အခဲဆိုတာက လူတိုင်းတွေ့ကြုံရမှာပဲလို့ ကျွန်တော်တော့ ဒီလိုမြင်မိတယ်။

ဟင်္သာ။ ။ အစ်ကိုရဲ့ ဘယ်သီချင်းနဲ့များ မနွိုင့်စိုင်းဆိုတဲ့နာမည်နဲ့ ပရိသတ်တွေသိလာခဲ့တာလဲ။
မနွိုင့်စိုင်း။ ။ ကျွန်တော့်ကို ထိုင်း-မြန်မာ နယ်စပ်ဘက်မှာရှိနေတဲ့ ပရိသတ်တွေကပဲ ပိုသိပါတယ်။ မွန်ပြည်နယ်မှာရှိနေတဲ့ ပရိသတ်တွေက သိပ်မသိဘူးထင်တယ်။ ပထမဆုံးတေးစီးရီးက အထိုက်အလျောက်ပဲ ပရိသတ်လက်ထဲရောက်သွားတယ်လို့ ကျွန်တော်ခံစားရတယ်။

ဟင်္သာ။ ။ အနုပညာအလုပ်နှင့် ပက်သက်ပြီး ရှေ့ဆက်ဘာတွေလုပ်ဆောင်သွားဖို့ရှိလဲ။
မနွိုင့်စိုင်း။ ။ အနုပညာအလုပ်ကို ငယ်ငယ်ကတည်းက စိတ်ဝင်စားလာခဲ့တာပါ။ ကျွန်တော်အသက်ရှင် နေသ၍ အနုပညာအလုပ်ကို ဆက်လုပ်သွားပါမယ်။ မွန်အနုပညာသမားတွေ အခက်အခဲအများကြီးနဲ့ ရင်ဆိုင်နေရပေမယ့် မနွိုင့်စိုင်းကတော့ သီချင်းတွေ ဆက်ဆိုနေဦးမှာပါ။

ဟင်္သာ။ ။ ပရိသတ်တွေကို ဘာများပြောချင်ပါသေးလဲ။
မနွိုင့်စိုင်း။ ။ မနွိုင့်စိုင်း မွန်ပရိသတ်တွေကို တောင်းဆိုချင်တာက မွန်တေးစီးရီးတွေကို များများအားပေးပါ။ Copyကူးထားတဲ့ တေးစီးရီးတွေကို မဝယ်ပဲ ငွေကြေးနည်းနည်းပဲကွာတာကို မကြည့်ပဲ မူရင်းအခွေကိုပဲ အားပေးပါလို့။ ဒီနေ့ ဒီအချိန်ကစပြီးတော့ စိတ်ဓာတ်တွေကို မြှင့်တင်ကြပြီး မွန်တေးစီးရီးမူရင်းအခွေကို အားပေးကြပါလို့ ကျွန်တော်တိုက်တွန်းချင်ပါတယ်။

ဟင်္သာ။ ။ အခုလိုဖြေကြားပေးလို့ ကျေးဇူးအများကြီးတင်ပါတယ်။
မနွိုင့်စိုင်း။ ။ ဟုတ်ကဲ့။ ကျွန်တော်ကလည်း ကျေးဇူးတင်ပါတယ်။

Leave a Reply