Advertisements

ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ သွားဆေးခန်းမှာ ထုံဆေးတွေထိုးတဲ့အခါ ဒါမှမဟုတ် အခြားကုသမှုတစ်ခုခု ခံယူတဲ့အခါ သန္ဓေသားကို ထိခိုက်မိမှာစိုးတာကြောင့် သွားဆေးခန်းကို သွားဖို့ ကြောက်တတ်ကြပါတယ်။ တကယ်တော့ သွားဖက်ဆိုင်ရာကုသမှုတွေမှာ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် စိတ်ချရတဲ့ ကုသနည်းစနစ်တွေ ရှိနေပြီး ဖြစ်တာကြောင့် ကုသမှုခံယူဖို့ဆိုတာ ကြောက်စရာ ကိစ္စမဟုတ်ပါဘူး။ တကယ်တမ်း ကြောက်သင့်တာကတော့ ကုသမှု မခံယူဘဲ ထားတဲ့အခါ ဖြစ်လာမယ့် ဆိုးကျိုးတွေကိုပါပဲ။

ကိုယ်ဝန်ဆောင် မိခင်တွေဟာ ပုံမှန်လူတွေထက် သွားရောဂါ ဖြစ်ပွားနိုင်ချေ ပိုများပါတယ်။ ဥပမာ ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်လေ့ရှိတဲ့ မနက်ခင်းပျို့အန်ခြင်းတွေကြောင့် အစာချေအက်ဆစ်တွေဟာ ခံတွင်းထဲကိုရောက်လာပါတယ်။ အဲ့ဒီ အက်ဆစ်တွေက သွားမျက်နှာပြင်တွေရဲ့ ကြံခိုင်အားကို လျော့နည်းသွားစေတဲ့ အတွက် သွားပိုးစားရောဂါကို လွယ်လွယ်ကူကူ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သွားမျက်နှာပြင်မှာ အမဲစက်ကလေးတွေဖြစ်လာပြီဆိုတာနဲ့ သွားဆေးခန်းကို သွားပြီး လိုအပ်တဲ့ ကုသမှု ခံယူသင့်ပါတယ်။ ကိုယ်ဝန်ဆောင်လနုသေးတဲ့အချိန် နဲ့ မွေးဖွားခါနီး အချိန်တွေမှာ ကုသမှုခံယူတဲ့အခါ သတိထားစရာအချက်တွေ အများအပြားရှိတဲ့အတွက် စောစောစီးစီး ကြိုတင်ကာကွယ်ထားခြင်းကသာ စိတ်ချရပါလိမ့်မယ်။

သွားပိုးစားရောဂါထက် ပိုပြီး ကြောက်စရာကောင်းတာကတော့ သွားဖုံးရောဂါပါပဲ။ ကိုယ်ဝန်ဆောင်ချိန်မှာ ထွက်လာတဲ့ hCG၊ အီစထရိုဂျင်၊ ပရိုဂျက်စ်ထရီရုန်း စတဲ့ ကိူယ်ဝန်ဆောင် ဟော်မုန်းတွေဟာ သွားဖုံးတွင်းသွေးကြောတွေကို ပိုမိုကျယ်လာစေပြီး ပြင်ပဘတ်တီးရီးယားတွေအပေါ် ခံနိုင်ရည်အားလျော့ကျလာစေပါတယ်။ ဒါ့အပြင် ရောင်ရမ်းစေတဲ့ပစ္စည်းတွေကို ထုတ်လုပ်ဖို့ လှုံ့ဆော်တဲ့အတွက် သွားဖုံးသားတွေ နီရဲရောင်ရမ်းလာတာ၊ ပုံမှန်မဟုတ်ဘဲ သွားဖုံးသားတွေကြီးလာတာ၊ သွားဖုံးရိုးအပါအဝင် သွားမြှစ်ပတ်လည်အမြှေးပါးတွေရောင်ရမ်းလာတာ မျိုးတွေကို ကြုံတွေ့လာစေပါတယ်။

ကိုယ်ဝန်ဆောင်ဟော်မုန်းကြောင့် သွားဖုံးသားတွေကြီးထွားလာတဲ့အခါ နာကျင်မှုမရှိတာကြောင့် ကင်ဆာနဲ့ အထင်မှားတာမျိုးဖြစ်ပြီး စိုးရိမ်ပူပန်မှုတွေ ကြုံလာရနိုင်ပါတယ်။ အရွယ်အစားသေးငယ်တဲ့ အသားပိုပုံစံ ကြီးထွားမှုတွေက ပြသနာမရှိပေမယ့် အဆမတန်ကြီးလာတဲ့ သွားဖုံးတွေကတော့ အစာစားတဲ့နေရာမှာ၊ စကားပြောတဲ့နေရာမှာ၊ နောက် အလှအပပိုင်းဆိုင်ရာ ပြသနာတွေရှိလာနိုင်တဲ့အတွက် လိုအပ်တဲ့ကုသမှုတွေကို ခံယူသင့်ပါတယ်။

နောက်ဆုံး တစ်ခုကတော့ အရေးအကြီးဆုံး အချက်ပါပဲ။ ကိုယ်ဝန်ဆောင်ဟော်မုန်းကြောင့် ဖြစ်တဲ့ သွားဖုံးရောဂါဟာ မိခင်ရော ကလေးပါ ဒုက္ခရောက်စေပါတယ်။ သွားဖုံးယောင်ယမ်းတယ်ဆိုတာ ပြင်ပက ဘတ်တီးရီးယားတွေ ခိုအောင်းနေထိုင်နေတာကြောင့် ဖြစ်ပါတယ်။ အဲ့ဒီ ဘတ်တီးရီးယားပိုးမွှားတွေဟာ သွားဖုံးကတဆင့် သန္ဓေသားဆီကို သွေးကြောတွေက တဆင့် ဖြတ်သန်း ဝင်ရောက်နိုင်ပြီး သန္ဓေသားဖွံ့ဖြိုးမှု နှောင့်နှေးတာ၊ ကိုယ်ဝန်ဆိပ်တက်တာ၊ လမစေ့ဘဲ မွေးဖွားတာ နောက် မွေးလာတဲ့ ကလေးတွေမှာ ပေါင်ချိန်မပြည့်တာ၊ ဦးဏှောက်ဉာဏ်ရည် ဖွံ့ဖြိုးမှု နှေးကွေးတာတွေ ကြုံလာရနိုင်ပါတယ်။ အဆိုးဆုံးအခြေအနေကတော့ ကလေးအသေမွေးဖွားတဲ့အထိဖြစ်နိုင်ပါတယ်။

ကိုယ်ဝန်ဆောင်အမျိုးသမီးတွေရဲ့ ၄၀% ဟာ သွားဖုံးရောဂါကို.ခံစားရနိုင်ပါတယ်။ သွားဖုံးရောဂါ ရှိတဲ့ မိခင်ဟာ ပုံမှန်ကျန်းမာတဲ့ မိခင်တွေထက် ကလေးလမစေ့ဘဲမွေးဖွားနှုန်း၊ ပေါင်ချိန်မပြည့် ကလေးမွေးဖွားနှုန်း ၇ ဆ ပိုများတယ်လို့ လေ့လာချက်တွေက ဆိုပါတယ်။

ဒါကြောင့် မိခင်ရဲ့ ခံတွင်းကျန်းမာရေးဟာ မမွေးလာသေးတဲ့ ကလေးအပေါ်မှာ များစွာသက်ရောက်မှုရှိနေတာကြောင့် ကိုယ်ဝန်ဆောင်မိခင် တွေအနေနဲ့ သွားဘက်ဆိုင်ရာကုသမှုတွေကို စောစီးစွာ ခံယူဖို့ ကြောက်မနေသင့်ပါဘူး။ သွားဖုံးတွေရောင်ရမ်းလာတဲ့အခါ၊ သွားတိုက်ရင် သွေးထွက်တာကို ကြုံရတဲ့အခါ၊ လျှာနဲ့ ထိုးကြည့်လိုက်လို့ သွားပတ်ပတ်လည်မှာ ခပ်မာမာအရာလေးတွေကို တွေ့တဲ့အခါ သွားဆေးခန်းကို ချက်ချင်းသွားပြီး ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပါ။လိုအပ်တဲ့ ကုသမှုကို ယူပါ။ ဒါမှသာ ကျန်းမာတဲ့မိခင်က ကျန်းမာတဲ့ ကလေးတွေကို.မွေးဖွားနိုင်မှာဖြစ်ပါတယ်။

တကယ်လို့ သွားဆေးခန်းကို သွားရမှာ အင်မတန်ကြောက်ပါတယ်ဆိုရင်တော့ မဖြစ်အောင်သာ ကြိုတင်ကာကွယ်ပါ။ ကိုယ်ဝန်ဆောင်
မိခင်တိုင်း သွားရောဂါဖြစ်နိုင်တာမဟုတ်ပါဘူး။ ခံတွင်းသန့်ရှင်းရေးအားနည်းတဲ့ ကိုယ်ဝန်ဆောင်တွေသာလျှင် ရောဂါဖြစ်ပွားနိုင်ချေများတာပါ။

အမြဲ သထိထားရမယ့် အချက်ကတော့ သွားနဲ့ ခံတွင်းဆိုင်ရာ ပြသနာ အတော်များများဟာ စနစ်မှန်တဲ့ သွားတိုက်နည်းစနစ်တွေနဲ့ ခံတွင်းသန့်ရှင်းရေးကို ပုံမှန်ပြုလုပ်ရုံနဲ့ ကာကွယ်တားဆီးနိုင်တယ်ဆိုတာကိုပါပဲ။
မိမိကိုယ်ကိုရော မိမိရင်သွေးကိုပါ ဂရုထားစောင့်ရှောက်ပြီး ကျန်းမာပျော်ရွှင်သော မိခင်ဘဝကို ရယူနိုင်ကြပါစေ။

Written by ဒေါက်တာနွေဦးငယ်

Advertisements
<

Leave a Reply