Advertisements

ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် ၁နှစ်မှ ၃ နှစ်အရွယ်ကလေးများကို H1N1 ကာကွယ်ဆေးထိုးပေးမည်

မော်လမြိုင်၊ အောက်တိုဘာ

မွန်ပြည်နယ်တွင် ရာသီတုပ်ကွေး( H1N1) အဖြစ်များသောဒေသများ၌ ကိုယ်ဝန်ဆောင်မိခင်များ၊ အသက် ၁နှစ်မှ ၃နှစ်ကလေးငယ်များနှင့် ကျန်းမာရေးဝန်ထမ်းများအတွက် ကာကွယ်ဆေးကို ဦးစားပေး ထိုးပေးသွား မည်ဖြစ်ကြောင်း ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အထူးရောဂါနှိမ်နှင်းရေး တာဝန်ခံ ဒေါ်ဝင်းပပဌေးက ပြောကြားသည်။

“ဆေးတွေကတော့ မရောက်သေးဘူး။ မွန်ပြည်နယ်မှာ အကုန်လုံးကို ထိုးပေးလို့တော့မရဘူး။ အဖြစ်များတဲ့နေရာတွေကို အဓိကထားဆေးထိုးပေးဖို့ ညွှန်ကြား ထားပါတယ်”ဟု ၎င်းက ပြောသည်။

မွန်ပြည်နယ်အတွက် H1N1 ကာကွယ်ဆေး အရေအတွက် ၂၀၀၀ ပေးသွားမည်ဖြစ်ပြီး ကူးစက်မှုအဖြစ်များနိုင်သော ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်များနှင့် ကျန်းမာရေးဝန်ထမ်းများကို ဦးစားပေးရမည်ဖြစ်ကြောင်း ကာကွယ်ဆေးကို တစ်နှစ်တစ်ကြိမ်ထိုးခြင်းဖြင့် ဆေး၏အကျိုးသက်ရောက်မှုမှာလည်း တစ်နှစ်ထိရှိကြောင်း သိရသည်။

“ကျန်းမာရေးဝန်ထမ်းတွေကို ကာကွယ်ဆေးထိုးပေးတယ်ဆိုတာက သူတို့က လူနာတွေနဲ့ အနီးကပ်နေရတော့ လူနာတွေဆီက မကူးအောင်ရယ်၊ သူတို့ဆီကနေလူနာတွေကို ပြန်မကူးနိုင်အာင်ပါ”ဟု ဒုတိယပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဉာဏ်ဆင့်က ပြောသည်။

ကာကွယ်ဆေးမှာ ပြည်နယ်တစ်ခုလုံးအတွက် မလုံလောက်သောကြောင့် ဦးစားပေးရွေးချယ်ကာ ထိုးပေးသင့်သော ဒေသများကို သက်ဆိုင်ရာဌာနမှူးများ၊ ဆရာဝန်ကြီးများနှင့် ဆွေးနွေးတိုင်ပင်သွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

Written by – ထိုက်ထိုက်

 

 

 

Advertisements
<

Leave a Reply