Advertisements

 

ကိုယ်ဝန်ဆောင်များ ဆေးပညာနှင့်နီးစပ်သောသူများကို အမေးများဆုံးမေးခွန်းမှာ “ဆရာကျွန်မတို့ဘယ်အချိန်မှာ ဗိုက်စအပ်ရမလဲ” ဟူသောအမေးဖြစ်သည်။ ကျွန်တော်တို့လူမျိုးများတွင် ကိုယ်ဝန်ဆောင်နှင့်ပတ်သက်၍ လွဲမှားသောအသိတချို့ရှိသည်။ ထိုထဲတွင်ဗိုက်အပ်ခြင်းသည် ကလေးနေ့စေ့လစေ့တွင် ပြရသောအဖြစ်မျိုးဟုလက်ခံထားသည်။ ထိုအရာသည်လွဲမှားသောအယူအဆများဖြစ်သည်။

ကိုယ်ဝန်ဆောင်မှန်းစသိသိချင်း ဗိုက်စအပ်သင့်သည်။ အာထရာဆောင်းခေါ်တီဗွီဓာတ်မှန်ကိုစောစီးတွင် ရိုက်သင့်သည်။ ထိုပြင်ဖောလစ်အက်စစ်(folic acid)ကိုစောစီးစွာသောက်သုံးသင့်သည်။ ကိုယ်ဝန်စသိခြင်းတွင် တချို့သောသူများသည် မိမိ၏ရာသီဓမ္မတာရက်ကိုတွက်ချက်၍သိကြသည်။ တချို့များက ကိုယ်လက်မအီမသာဖြစ်၍ဆီးစစ်ခြင်းမှသိကြသည်။

တချို့များမှာမူ အော့အန်ခြင်းကြောင့်ဆရာဝန်ဆေးပညာရှင်များနှင့်စမ်းသပ်၍ သိကြသည်။ ထိုသို့သောအခြေအနေများတွင် ခန့်မှန်းမွေးရက်နှင့် သားအိမ်၏ကျန်းမာရေး၊ သားအိမ်၏ဖွဲ့စည်းပုံတို့သည်အလွန်အရေးကြီးသည်။ ထိုအခါတွင်စောလျှင်စွာအာထရာဆောင်းရိုက်ကူးခြင်းနှင့် ဗိုက်အပ်ခြင်းတို့ပြုလုပ်သင့်သည်။ ထို့ပြင်ကလေး၏အာရုံကြောဆိုင်ရာချို့ယွင်းချက်များကို ကာကွယ်နိုင်ရန်အတွက်ဖော့လစ်အက်စစ်တစ်မျိုးကိုလည်းစောလျှင်စွာသောက်သုံးသင့်သည်။

ထ့ိုပြင်ကိုယ်ဝန်ဆောင်ချိန်တွင် လွဲမှားသောအယူအဆတစ်ခုမှာ အစားအသောက်ကိုရှောင်ကြဉ်ခြင်းဖြစ်သည်။ နေရာဒေသနှင့်ယုံကြည်ရာကိုလိုက်၍ အသားရှောင်သောဒေသ၊ အသီးအရွက်ရှောင်သောဒေသများကွဲပြားလာသည်။ အသားနှင့်နို့၊ ကြက်ဥနှင့်ပရိုတင်းဓာတ်များကိုစားသုံးသောကိုယ်ဝန်ဆောင်များသည် ကလေးတွင်အပူနှင့် ရေကြည်အိတ်လေးများပေါက်တတ်သည်ဟုအယူရှိကြသည်။

ထို့ပြင် အသီးအရွက်ရှောင်သောဒေသများတွင် ကိုယ်ဝန်ဆောင်သည် အသီးအရွက်ကိုများစွာစားသုံးမိပါက ကလေးတွင်ဝမ်းလျောဝမ်းရောင်နှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများဖြစ်တတ်သည်ဟုဆိုကြသည်။ ထိုအယူအဆများသည်လွဲမှားနေသောအယူအဆကြီးဖြစ်သည်။

ကိုယ်ဝန်ဆောင်နေစဉ်အတွင်း အာဟာရဓာတ်ပြည့်ဝသောအစားအစာများကိုစားသုံးသင့်သည်။ မိမိနှင့်မတည့်သောအစားအစာများမှလွဲ၍ အခြားသောအစားအသောက်မျိုးစုံကိုရှောင်ကြဉ်ခြင်းမပြုရချေ။ သို့မှသာမွေးလာသောကလေးငယ်များသည် အာဟာရဓာတ်ပြည့်ဝနေမည်ဖြစ်သည်။

နည်းပညာခေတ်တွင်အရာရာသည်ပြိုင်ဆိုင်နေကြသောခေတ်ဖြစ်သည်။ ထိုအခြေအနေတွင် ကလေးများ၏ဉာဏ်ရည်ဉာဏ်သွေးသည်အလွန်အရေးကြီးလာပြီဖြစ်သည်။

ထိုသို့ဉာဏ်ရည်ကောင်းမွန်သောကလေးငယ်များမွေးဖွားပေးနိုင်ရန်အတွက် ကိုယ်ဝန်ဆောင်ချိန်မှစ၍ အထူးဂရုစိုက်သင့်သည်။ အမိဝမ်းဗိုက်အတွင်းရှိသားအိမ်ထဲတွင်နေချိန်သည် ဦးနှောက်အပါအဝင်ခန္ဓာကိုယ်ရှိအင်္ဂါအစိတ်အပိုင်းအားလုံးဖြစ်တည်ခြင်းနှင့် ဖွံ့ဖြိုးခြင်းတို့အဓိကလုပ်ဆောင်ရာဖြစ်သောကြောင့် ထိုအခြေအနေတွင်တစ်စုံတစ်ရာချို့ယွင်းမှုဖြစ်သောအခါတွင် ရင်သွေးငယ်၌ထိရောက်မှုရှိသည်။

ကိုယ်ဝန်ဆောင်ချိန်နှင့်မိခင်နို့ချိုတိုက်ကျွေးချိန်တွင် အရေးကြီးဆုံးသည် အာဟာရဓာတ်ဖြစ်သည်။ မွေးကင်းစအရွယ်မှစ၍ အသက်ခြောက်လအရွယ်ထိ မိခင်နို့တစ်မျိုးတည်းသာတိုက်ကျွေးသင့်သည်။

အခြားဖြည့်စွက်စာများကျွေးရန်မလိုအပ်ချေ။ ကလေးငယ်၏အူလမ်းကြောင်းသည် နူးညံ့သောအခါတွင် ပြင်ပအစာများသည်ကလေးငယ်ကိုဘေးဖြစ်စေသည်။ ထိုကြောင့်အသက်ခြောက်လအရွယ်အထိမိခင်နို့တစ်မျိုးတည်းသာတိုက်ကျွေးသင့်သည်။ သို့သော်မိခင်မှာမူအစာကိုအာဟာရပြည့်ဝရန်စုံလင်စွာစားသုံးသင့်သည်။ ဗီတာမင်ကြွယ်ဝသောအသားငါးနှင့်အစိမ်းရောင်အသီးအရွက်များကိုစုံလင်စွာစားသုံးသင့်သည်။ သို့မှသာလျှင်ကလေးငယ်၏ဉာဏ်ရည်နှင့်ခန္ဓာကိုယ်ကြီးထွားမှုအတွက်လိုအပ်သောအာဟာရဓာတ်များကိုရရှိမည်ဖြစ်သည်။

အချုပ်အားဖြင့်ဆိုသော် ကျွန်တော်ကြားခဲ့ဖူးသောကလေးအထူးကုဆရာဝန်ကြီးတစ်ဦး၏ စကားလေးဖြင့်အဆုံးသတ်ပါရစေ။ “ကျွန်တော်တို့နိုင်ငံရှိအမေတွေအများစုက ကလေးမွေးပြီးရင် ရောဂါဖြစ်မှာစိုးလို့ ငါးခြောက်ဖုတ်နဲ့ဟင်းခါးရည်ပဲသောက်နေကြတယ်။ နိုင်ငံခြားကလူတွေကတော့ အစုံစားနေကြတယ်။ တဖြည်းဖြည်းကြာလာတဲ့အခါမျိုးဆက်တွေပြတ်ကျန်ခဲ့တာပဲ။ ကျွန်တော်တို့တတွေကတဖြည်းဖြည်းအရပ်ပုပြီးဉာဏ်ရည်နိမ့်လာကြတယ်။ သူတို့တတွေကတဖြည်းဖြည်းအမြင့်ကိုရောက်လာကြတယ်”ဟူသောစကားကိုသတိရမိသည်။ ကျွန်တော်တို့ဆီတွင် လွဲမှားနေသောအယူအဆများသည်ခေါက်ရိုးကျိုးအရိုးစွဲနေသောအခါတွင် ကျန်းမာရေးအပါအဝင်အရာရာသည်အဖက်ဖက်မှာနိမ့်ကျလာရတော့သည်။

ဒေါက်ဦး(မွန်)

Leave a Reply