မော်လမြိုင်၊ မတ် ၁၇

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ပဲခူးပရိယတ္တိမွန်စာသင်တိုက် ဦးစီးပဓာနနာယက၊ ဘဒ္ဒန္တသီလာစာရမဟာထေရ်မြတ်ကြီး၏ အန္တိမအဂ္ဂိစျာပနအခမ်းအနားကို ဧပြီလ ၁၈ ရက်မှ ၃၀ ရက်အထိ(တန်ခူးလဆုတ် ၁၁ ရက်မှ ကဆုန်လဆန်း ၅ ရက်နေ့အထိ) ကျင်းပရန် စီစဉ်ထားသော်လည်း ကမ္ဘာ့ကပ်ရောဂါ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း မတ်လ ၁၆ ရက်က အန္တိမအဂ္ဂိဈာပနကျင်းပရေးကော်မတီက ထုတ်ပြန်လိုက်သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ တစ်ကမ္ဘာလုံးက COVID-19 ကူးစက်ခံရမည်ကို စိုးရိမ်နေကြပြီး၊ မြန်မာနိုင်ငံတွင် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်အတွက် မဏ္ဍပ်ဆောက်လုပ်ခြင်းအပါအဝင် အခမ်းအနားနှင့် ပွဲလမ်းသဘင်များကို ၂၀၂၀ ခုနှစ် ဧပြီလ ၃၀ ရက်နေ့အထိ မကျင်းပရန် သမ္မတရုံးက ထုတ်ပြန်ထားသောကြောင့် မတ်လ ၁၅ ရက်နေ့က အန္တိမအဂ္ဂိစျာပနအခမ်းအနားကျင်းပရေးကော်မတီမှ မဟာနာယကဆရာတော်ကြီးများတို့၏ သြဝါဒကို ခံယူခြင်းနှင့် ကျောင်းဒါယကာများနှင့်တိုင်ပင်ပြီး ဆိုင်းငံ့ထားရန် သဘောတူခဲ့ကြခြင်းဖြစ်သည်။

ယင်းပြင် တန်ခူးလဆုတ် ၇ ရက်နေ့တွင် မော်လမြိုင်မြို့ရှိ ရာမညရဌဗုဒ္ဓတက္ကသိုလ်မှာ စျာပနအခမ်းအနားစတင်ပြင်ဆင်ခြင်း လုပ်ငန်းကိစ္စရပ်များကို စျာပနကျင်းပရေးကော်မတီအနေဖြင့် ရပ်ဆိုင်းထားပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

လက်ရှိအချိန်တွင် COVID-19 ရောဂါအခြေအနေကြောင့် နိုင်ငံတော်သမ္မတရုံးထုတ်ပြန်ချက်နှင့်အညီ ဖြစ်စေရေးအတွက်လည်းကောင်း၊ အများပြည်သူတို့၏ ကျန်းမာရေးကိစ္စကို အလေအနက်ထား၍ လည်းကောင်း၊ အန္တိမအဂ္ဂိဈာပနအစီအစဉ်ကို ဆိုင်းငံ့ထားမည်ဖြစ်ပြီး အဆင်ပြေသင့်တော်မည့်ကာလမှသာ ကျင်းပသွားမည်ဖြစ်ကြောင်းနှင့် လိုအပ်သလို ပြန်လည်တင်ပြသွားမည်ဖြစ်ကြောင်း အခမ်းအနားကျင်းပရေးကော်မတီထံမှ သိရသည်။

Leave a Reply