ကိုလိုနီခေတ်ဦးမော်လမြိုင်တရားရုံးများ၏ အမှုစစ်ဆေးပုံမှာ ရိုးရှင်းသည်။ ထိုစဉ်က လာဘ်ပေးလာဘ်ယူမှုကင်းစင်သောကြောင့်လည်းကောင်း၊ ၁၈၄ဝ-ပြည့်နှစ်အထိ မော်လမြိုင်တွင် ရှေ့နေများ မထားရှိသေးသည့်အတွက်လည်းကောင်း၊ အမှုသည်များအဖို့ “ရုံးပြင်ကနား” စရိတ်မှာ အလွန်သက်သာသည်။mlm-gov

တရားလိုသည် တရားရုံးတွင် တရားသူကြီးရှေ့မှောက်၌ မိမိအမှုအတွက် ကိုယ်တိုင်သော်လည်းကောင်း၊ မိတ်ဆွေတစ်ဦးဦးမှ တစ်ဆင့်သော်လည်းကောင်း၊ နှစ်သက်ရာဘာသာစကားဖြင့် လျှောက်လဲနိုင်သည်။

အများအားဖြင့် မြန်မာလိုလျှောက်လဲသည်။ တရားသူကြီးသည် တရားလို၏ လျှောက်လဲချက်ကို စုံစမ်းစစ်ဆေးပြီးနောက် လက်ခံခွင့်ပြုသောအခါ တရားခံအား မိမိကိုယ်တိုင်သော်လည်းကောင်း၊ ကိုယ်စားတစ်ဦးဦးအားလည်းကောင်း၊ သတ်မှတ်ထားသောနေ့၌ တရားရုံးသို့လာရောက်ဖြေကြားရန် သမ္မန်စာထုတ်သည်။ တရားခံသည် သတ်မှတ်ထားသောနေ့တွင် တရားရုံးသို့လာရောက်ခြင်းမရှိလျှင် တရားရုံးကလည်း သမ္ဗန်စာဆင့်ပေးပြီးဖြစ်သည်ဟု ယူဆလျှင် တရားခံမရှိစေကာမှု ရှိသည့်သဘောခံယူ၍ အမှုကို စစ်ဆေးသည်။

သို့သော် ဆင့်ခေါ်သောနေ့ သို့မဟုတ် မတိုင်မီတစ်နေ့အထိ သမ္ဗန်စာကို တရားခံကိုယ်တိုင်ထံသို့ မပေးအပ်ရသေးဟု ယူဆလျှင်၊ ဒုတိယအကြိမ်သမ္မန်စာထပ်ထုတ်ပြီး၊ တရားခံလာရောက်စေရန် ရက်သတ်မှတ်ပြန်သည်။ ဤအကြိမ်၌ သမ္ဗန်စာကို တရားခံနေထိုင်ရာ၌လည်းကောင်း၊ မိတ္တူကို တရားရုံး၌လည်းကောင်း ကပ်ပြီး တရားခံသိသည်ဟု မှတ်ယူသည်။

အမှုစစ်ဆေးသည့်အခါ တရားလိုတရားခံနှင့် သက်သေများကို အပြန်အလှန်မေးခွန်းထုတ်ရာ၌ သက်ဆိုင်ရာ ဘာသာစကားဖြင့် ပြောဆိုခွင့်ပြုသည်။ တရားသူကြီးက နှစ်ဖက်လုံးရှေ့မှောက်တွင်ပင် အတိုချုပ်ပြန်လည် ရေးမှတ်သည်။ ဤသို့ရေးမှတ်ရာတွင် ဝန်ရှင်တော်မင်းကြီးနှင့် အရေးပိုင်တို့သည် မိမိတို့ကျွမ်းကျင်ရာ အင်္ဂလိပ်ဘာသာဖြင့် ရေးမှတ်သည်။ မြန်မာတရားသူကြီးများဖြစ်ကြသော စစ်ကဲနှင့် မြို့အုပ်များသည်ကား၊ မြန်မာဘာသာဖြင့်ပင် ရေးမှတ်သည်။

တရားရုံးအတွက် ကုန်ကျစရိတ်မှာ မများလှချေ။ ဝန်ရှင်တော်မင်းကြီးမိန်းဂေးလက်ထက်(၁၈၂၅-၃၄) တွင် ၊ မြန်မာမင်းများ လက်ထက်ကကဲ့သို့ ကွမ်းဖိုး(တရားရှုံးသူက ရုံးကိုပေးရသော စရိတ်) ကို အမှုတန်ဖိုး၏ တစ်ဆယ်ရာခိုင်နှုန်းသတ်မှတ်သည်။ တရားခံမှာ ဆင်းရဲသားဖြစ်လျှင် ကွမ်းဖိုးကို လျှော့ယူ၍၊ တရားခံသို့ သမ္ဗန်စာဆင့်ခေါ်ခ(၁) ပဲသာ ကျခံရသည်။ တရားခံသည် အလွန်ဆင်းရဲသူဖြစ်လျှင်၊ သမ္ဗန်စာဆင့်သူဆင့်ခေါ်စာပေးပို့သူ သမ္ဗန်(ပြာတာ) တို့က အခမယူလျှင် တရားခံက ကုန်ကျရန် မလိုတော့ချေ။

ဝန်ရှင်တော်မင်းကြီး ဘလန်ဒယ်(၁၈၃၃-၄၃) လက်ထက်တိုင်အောင်၊ တရားရုံးကုန်ကျစရိတ်မှာ (၄) ကျပ်သို့မဟုတ် (၅) ကျပ်ခန့်သာဖြစ်သည်။ ၁၈၅၇ ခုသို့ရောက်သည့်တိုင် တံဆိပ်ခေါင်းခွန်မပေးရသေးချေ။ တရားမနှင့် ရာဇဝတ်မှုများအတွက် ဝရမ်းထုတ်ခြင်းကို (၂) ကျပ်၊ သမ္ဗန်စာအတွက် (၁) ကျပ်၊ သမ္ဗန်ပြာတာအတွက်(၄) ပဲသာ ကောက်ခံသည်။ ခုံရုံးအမှုတန်ဖိုး ကျပ်(၅ဝ) ထက်ပိုလျှင်လည်းကောင်း၊ လီဆယ်သောအမှုဖြစ်ကြောင်း စစ်ဆေးတွေ့ရှိလျှင်လည်းကောင်း၊ ရုံးအတွက် ကုန်ကျစရိတ်ထေမိစေရန် ငွေအနည်းငယ်ပေးရန် စီစဉ်ထားသည်။ ၁၈၅၅-ခု မော်လမြိုင်တရားရုံးမှာ ကောက်ခံရရှိငွေမှာ (၁၁၃၃) ကျပ်ဖြစ်ပြီး၊  ၁၈၅၆-ခုတွင် (၁၅ဝဝ) ကျပ်ရရှိသည်။ တရားရုံးတိုင်း၏ ရုံးချိန်မှာ နံနက်(၁ဝ) နာရီမှ ညနေ(၄) နာရီအထိဖြစ်သည်။

တရားစီရင်ရေးတွင် တစ်ပြေးတည်းဖြစ်စေရန်၊ တရားမနှင့် ရာဇဝတ်တရားစီရင်ရေးဆိုင်ရာ ဥပဒေတစ်ရပ်ကို ၁၈၅၄ - ခု အိန္ဒိယပြည်မှ ထုတ်ပြန်သည်။ အမြင့်ဆုံးတရားစီရင်မှုကို ကာလကတ္တားတရားရုံးမှပင် ဆက်လက်ချုပ်ကိုင်လျက်ရှိသေးသည်။

အိန္ဒိယပြည်တရားရေးကော်စီမှ ထုတ်ပြန်သော ၁၈၆၂-ခု အက်ဥပဒေ(၂၁) အရ၊ ရန်ကုန်နှင့် မော်လမြိုင်မြို့များတွင်၊ မှတ်တမ်းတင်တရားရုံးများ(Recorder’s offices) ထားရှိစေခဲ့သည်။ မော်လမြိုင်မှတ်တမ်းတင်တရားရုံးကို ၁၅ မေ ၁၈၆၄ တွင် ဖွင့်လှစ်ခဲ့သည်။ တစ်ချိန်တည်းမှာပင် ကျပ်(၅ဝဝ) တန်ဖိုးအထိ တရားစီရင်နိုင်သည့် ရေစ္စတြီအရာရှိ(Registrar)ကိုလည်းခန့်အပ်လိုက်သည်။

၈ အောက်တိုဘာ ၁၈၆၆ တိုင်အောင်၊ ရန်ကုန်နှင့် မော်လမြိုင်(၂) မြို့အတွက် မှတ်တမ်းတင်တရားသူကြီးတစ်ဦးကိုသာခန့်ထားလျက်မြို့(၂) မြို့တွင် တစ်လှည့်စီလှည့်လည်ရုံးထိုင်ရသည်။ ဤနေ့ ဤရက်ကျော်လွန်သောအခါမှ မော်လမြိုင်အတွက် သီးခြားမှတ်တမ်းတင်တရားသူကြီးကို ခန့်ထားသည်။ မော်လမြိုင်အတွက် သီးခြားမှတ်တမ်းတင် တရားသူကြီးမခန့်အပ်မီက ထိုရုံးမှ ရေစ္စတြီအရာရှိသည် စမော်ကေ့စ်(Small cases=အမှုငယ်များ) စီရင်သည့် တရားရုံး၏ တရားသူကြီးအဖြစ် ဆောင်ရွက်ရပြီး၊ မူလရှိခဲ့သည့် တရားရုံးများကို ပိတ်ခဲ့သည်။

မော်လမြိုင်၌ သီးခြားမှတ်တမ်းတင်တရားသူကြီးထားရှိလာသောအခါ၊ ရေစ္စတြီအရာရှိသည် တရားစီရင်ရေးတာဝန်မယူတော့ဘဲ၊ ရေစ္စတြီအရာရှိမှာ ၊ ရုံးအမှုထမ်းသက်သက်သာဖြစ်လာပြီး မော်ကွန်းထိန်းတာဝန်ကိုသာ ထမ်းဆောင်ရတော့သည်။

မှတ်တမ်းတင်တရားရုံးတော်သည်၊ ရာဇဝတ်မှုများကို စစ်ဆေးစီရင်ပိုင်ခွင့်ရှိသည်။ ၁၈၆၃-ခု အက်ဥပဒေ(၂၁) အပိုဒ်(၄၂)အရ၊ ဥရောပတိုက်သား ဗြိတိသျှတို့အား သေဒဏ်မှ လွဲ၍ တရားစီရင်ပိုင်ခွင့်ရှိသည်။

၁၈၇၂ - ခုတွင် မော်လမြိုင်မှတ်တမ်းတင် တရားရုံးနေရာတွင် တရားသူကြီးရုံးတော်(Court of Judge) ထားရှိလာသည်။ တရားသူကြီး မက်ကလောက်(D.G.Macleod)သည် မော်လမြိုင်တွင် နှစ်ပေါင်း(၂ဝ) တာဝန်ယူထမ်းဆောင်ခဲ့သည်။ မော်လမြိုင်တွင် ရှိစဉ်က မောင့်ဟုပ်(Mount Hope) ဂေဟာတွင် နေထိုင်ခဲ့သည်။ ၁၈၇၃-ခုမှ ၁၈၇၆-ခုအထိ မော်လမြိုင်အရေးပိုင်ဖြစ်ခဲ့သူ စလေဒင်(E.B.sladen) သည် ထိုဂေဟာ၌ပင် နေထိုင်သွားခဲ့သည်။

မွန်စာပေမွန်ယဉ်ကျေးမှုတို့နှင့် ပတ်သက်၍ ပညာရှင်အဖြစ် ထင်ပေါ်ကျော်ကြားသော ရောဘတ်ဟယ်လီဒေး (Robert Halliday)သည်လည်း အဆိုပါ ဂေဟာတွင် ၁၉၁၄ ခုမှစ၍ သက်ဆုံးတိုင် နေထိုင်သွားခဲ့သည်။ စကော့လူမျိုး ဟယ်လီဒေးကို ၂၈ မေ ၁၈၈၄ တွင် ဖွားမြင်သည်။ အင်္ဂလန်သာသနာပြု (Church of England) ဆရာတစ်ဦးဖြစ်သည်။ ယိုးဒယားပြည်နှင့် ရေးမြို့နယ်တစ်ဝိုက်တွင် သာသနာပြုခဲ့သည်။ မွန်လူမျိုးများနှင့် ခင်မင်ရင်းနှီးသူဖြစ်ပြီး၊ မွန်စာပေကို အပတ်တကုတ်လေ့လာဆည်းပူးခဲ့သည်။ မွန်စာပေကျွမ်းကျင်သူတစ်ဦးဖြစ်သည်နှင့် အညီ သမ္မာကျမ်းနှင့် ဓမ္မဟောင်းကျမ်းများကို မွန်ဘာသာသို့ပြန်ဆိုခဲ့သည်။ ဂဝံပတိ (Gavampati) မွန်ဘာသာစာအုပ်ကို တည်းဖြတ်ခဲ့သည်။

၁၉၁၄ ခု၊ ပထမကမ္ဘာစစ်စတင်ဖြစ်ပွားချိန်တွင် အင်္ဂလန်နှစ်ခြင်း သာသနာပြုလုပ်ငန်းများ ရပ်ဆိုင်းသွားသော် ဇာတိရပ်ရွာသို့ မပြန်တော့ဘဲ၊ သာသနာပြုလုပ် ဆရာဒါးရိုး (Arthur C.Darrow)၏ တိုက်တွန်းချက်ကြောင့် (American Baptist mission)နှင့် ဆက်သွယ်ပြီး၊ မွန်လူမျိုးအသိုင်းအဝိုင်းအတွင်း ဆက်လက်၍ သာသနာပြုရန် ၁၉၁၄ ခုတွင် ရေးမြို့မှ မော်လမြိုင်မြို့သို့ ပြောင်းရွှေ့သည်။ (လက်ရာပြောင်မြောက်သော ဗိသုကာပညာရှင် ဒါရိုး၏ အကြောင်းကို သက်ဆိုင်ရာအခန်းတွင် ဖော်ပြမည်။) ဘယ်လီဒေးသည် မော်လမြိုင်သို့ရောက်သောအခါ မွန်နှစ်ခြင်းအသင်းတော်၏ လုပ်ငန်းများကို ဝိုင်းဝန်းကူညီသည်။ မွန်သာသနာနယ်အတွင်း လှည့်လည်၍ တရားသည်။ ရေးမြို့ရှိ သာသနာအိမ်ကိုဖျက်၍ မုဒုံအသင်းတော်ဆောက်လုပ်ရေးတွင် ဖြည့်ဆည်းပေးခဲ့သည်။ ၁၉၅၉ ခုတွင် မုဒုံအသင်းတော်၏ ပထမမွန်နှစ်ခြင်းကျမ်းစာသင်ကျောင်းကို ဆရာမကြီး ဒေါ်တင်မေ ဦးဆောင်၍ ဖွင့်လှစ်ခဲ့သည်။

ဟယ်လီဒေးသည် မော်လမြိုင်တွင်ရှိစဉ် ၁၉၁၈ ခုတွင် The Talaings (Mons) စာအုပ်ကို ရေးသားပြုစုခဲ့သည်။ ၁၉၂၂ ခုတွင် မွန် - အင်္ဂလိပ် အဘိဓာန် (Mon – English Dictionary) ကို ပြုစုသဖြင့် ဗြိတိသျှအစိုးရ ကေအိုင်အိတ်ချ် (K.I.H)ဘွဲ့ကို ချီးမြှင့်သည်။ (K.I.H = Kariser.I.Hind) ဘွဲ့သည် အိန္ဒိယမဟာရာဇာစော်ဘွားများကို ပေးလေ့ရှိသော ဘွဲ့ဖြစ်သည်။)

ဟယ်လီဒေးသည် မိမိနှင့် ခေတ်ပြိုင်သမိုင်းပညာရှင်များ ဖြစ်ကြသော ဘလက်ဒင် (C.O.Blagden  ၁၈၆၄-၁၉၄၈)၊ ဆီးဒီး (Geroge Coedes ၁၈၈၆ – ၁၉၆၉)၊ လုစ် (G.H Luce ၁၈၈၉ - ၁၉၇၉) တို့အပြင် ထင်ပေါ်ကျော်ကြားသော မွန်သမိုင်းပညာရှင် သီလဝန္တထေရ် (Silawanta Hera) တို့နှင့် မွန်သမိုင်းသုတေသနလုပ်ငန်းများကို တိုင်ပင်နှီးနှောခဲ့သည်။ နောင်အခါ သီလဝန္တာထေရ်သည် လူဝတ်လဲ၍ သမိုင်းပညာရှင် "ဦးရွှေငို" ဖြစ်လာသည်။ ဟယ်လီဒေးသည် မွန်ဘာသာဖြင့် ရေးသားထားသော ဂဝံပတိ (Gavampati) စာအုပ်ကို တည်းဖြတ်ခဲ့သည်။

၁၉၁၄ ခုတွင် မွန်အက (The Kalok Dance of the mons) အကြောင်း၊ ၁၉၁၈ ခုတွင် မွန်မင်္ဂလာသြဘာစာ (Mon Wedding Speeches and Ritual) အကြောင်း၊ ၁၉၁၉ ခုတွင် မွန်ကင်ပွန်းတပ်မင်္ဂလာ (The Birth Feast of the Mons) အကြောင်း၊ ၁၉၂၂ ခုတွင် ယိုးဒယားနိုင်ငံရှိ မွန်များအကြောင်း ၁၉၂၃ ခုတွင် မွန်မင်းဆက်ရာဇဝင် (A History of Kings)ကို မွန်ပေမူမှ အင်္ဂလိပ်ဘာသာသို့ ပြန်ဆို၍လည်းကောင်း၊ ထိုနှစ်မှာပင် ပဲခူးမြို့တည်ထောင်ပုံ (The Story of The Founding of Pegu) အကြောင်းကို မွန်ပေမူမှ အင်္ဂလိပ်ဘာသာသို့ ပြန်ဆို၍လည်းကောင်း၊ ၁၉၂၉ ခုတွင် မြန်မာစာပေမှ မွန်စကားလုံးများ (Mon Words in Burmese) အကြောင်းကိုလည်းကောင်း၊ ၁၉၃၀ ခုတွင် မြို့ရွာရပ်ကွက်ဆိုင်ရာ မွန်အမည်များ (Mon Place – Names)ကိုလည်းကောင်း၊ သုတေသနပြုဘာသာပြန်၍ "မြန်မာနိုင်ငံသုတေသနအသင်းဂျာနယ်" နှင့် "ယိုးဒယားအသင်းဂျာနယ်" တို့တွင် ထည့်သွင်းဖော်ပြခဲ့သည်။ ဟယ်လိဒေးသည် ၂၉ ဇူလိုင် ၁၉၃၂ တွင် ကျင်းပသော ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်အခမ်းအနားတွင် ဒီလစ် (D.Litt = Disctor of Letters) ဘွဲ့ ချီးမြှင့်ခြင်းခံခဲ့ရသည်။

ဇူလိုင် ၁၉၃၃ တွင် ဟယ်လီဒေးသည် မော်လမြိုင်မြို့မှာပင် အသည်းရောင်ရောဂါဖြင့် ကွယ်လွန်သည်။ မော်လမြိုင်နှစ်ခြင်းခရစ်ယာန် သင်္ချိုင်းတွင် ဂူသွင်းသင်္ဂြိုဟ်သည်။ န.ဝ.တ ခေတ်တွင် ထိုသင်္ချိုင်းဖျက်သိမ်းခံရသည်။ ထိုအခါ သမိုင်းတန်ဖိုးချစ်မြတ်နိုး၍ တာဝန်သိသူများက ဟယ်ဒီဒေး၏ ဂူကို မွန်နှစ်ခြင်းခရစ်ယာန်အသင်းဝင်းအတွင်းသို့ ပြောင်း၍ ကောင်းစွာထားရှိသည်ကို ယနေ့တိုင်တွေ့မြင်နိုင်သည်။

Leave a Reply