မောင့်ဟုပ် (Mount Hope) တွင် နေထိုင်ခဲ့သူလူ(၃) ဦးအနက်၊ အလယ်လူဖြစ်သူတရားသူကြီးမက်ကလောက် (D.G.Macleod) သည်။ မော်လမြိုင်တွင် နှစ်ပေါင်း(၂ဝ) ကြာတာဝန်ထမ်းဆောင်ခဲ့သည်။ မက်ကလောက်ကို ဆက်ခံသော တရားသူကြီးများအနက်(၂) ဦးမှာ၊ အများနှင့်မတူတစ်မူထူးခြားသည်ကို တွေ့ရသည်။

03-copy
တရားသူကြီးဒေါ်ဆင်(E.Dawson) သည်၊ အမှုစစ်ဆေးစဉ်တရားခွင်တွင် အိပ်ပျော်သွားလေ့ရှိသည်။ “ဒေါ်ဆင်” သည် ဤသို့မဖြစ်ရလေအောင်၊ အပ်(၁) ချောင်းကို အမြဲဆောင်ထားလေ့ရှိသည်။ အိပ်ငိုက်စပြုလာချိန်တွင် နိုးထလာစေရန် မိမိပေါင်ကို အပ်ဖြင့် ထိုးလေ့ရှိသည်။

တရားသူကြီး ဂီးဘတ် (A.S.Gilbert i.c.s) သည် အိန္ဒိယမင်းသမီးတစ်ဦး၏ သားဖြစ်သည်။ ဂီတတွင် ဝါသနာကြီးသူကြီးသူဖြစ်ပြီး ကြိုးစားပမ်းစားလေ့ကျင့်သည်။ သို့သော် "ပိုးသာကုန်၍ မောင်ပုံစောင်းမတတ်" စကားပုံပမာ၊ ထူးချွန်သော ဂီတပညာရှင်တစ်ဦးဖြစ်မလာချေ။ ဂီးဘတ်၏ ဧည့်ခန်းတွင် အဖြူရောင်အမည်းရောင်ခန်းဆီးများ၊ စားပွဲကုလားထိုင်များဖြင့် ခင်းကျင်းထားသည်ကို ထူးခြားစွားတွေ့မြင်ရသည်။

ဒုတိယအင်္ဂလိပ်မြန်မာစစ်ပွဲအပြီး ၁၈၅၃ - ခုတွင် ဗိုလ်မှူးဘိုဂေး (Major A-Bogle) သည်၊ တနင်္သာရီတိုင်းနှင့် မုတ္တမဒေသ၏ ဝန်ရှင်တော်မင်းကြီးဖြစ်လာသည်။

"ဘိုဂေး" လက်ထက်တွင် မော်လမြိုင်၌ တရားရုံး(၅) ခုရှိသည်။ ၁။ဝန်ရှင်တော်မင်းကြီးရုံး ၂။အရေးပိုင်ရုံး ၃။ဝန်ထောက်ရုံး ၄။ဒုတိယဝန်ထောက်ရုံးနှင့် ၅။စစ်ကဲရုံးတို့ဖြစ်ကြသည်။ 

ရုံးအားလုံးတို့သည် ဦးဇိနဘုရား (OoZanath Pagoda) အနောက်ဘက်တောင်ခြေ ထားဝယ်စုရပ်တွင်ရှိကြသည်။ (ယခုခေတ်တရားရုံးများတည်ရှိရာတွင်ဖြစ်သည်။) ဦးဇိနဘုရားသည် “နာဂဝီသ” တောင်တန်းတောင်ဘက်ပိုင်းတွင် တည်ရှိသဖြင့် ကိုလိုနီခေတ်ဦးက ဦးဇိနဘုရားကို တောင်ပိုင်းဘုရား (South Pagoda) ဟုလည်း ခေါ်ဝေါ်သည်ကိုတွေ့ရသည်။ တရားရုံးအားလုံး၏ ရုံးချိန်သည် (အားလပ်ရက်များမှ အပ) နေ့စဉ်နံနက်(၁ဝ)နာရီမှ မွန်းလွဲ(၄)နာရီအထိ ဖြစ်သည်။

ဝန်ရှင်တော်မင်းကြီးရုံးတွင် မင်းကြီးရုံးထိုင်နေသည်ကို သိလာစေရန်၊ ရုံးရှေ့ရှိ အလံတိုင်တွင် ယူနီယံဂျက် (Union Jack) အလံကို လွှင့်ထူထားသည်။ မင်းကြီးသည် မြို့သူမြို့သားနယ်သူနယ်သားများထံမှ၊ တင်သွင်းလာသော အသနားခံစာများကို စစ်ဆေးသည်။ ပယ်သင့်သည်ကို ပယ်၍အရေးယူသင့်သည်များကို ဆက်လက်စုံစမ်းစစ်ဆေးရန် ညွှန်ကြားချက်များ ထုတ်ပြန်သည်။ အောက်ရုံးမှ တင်သွင်းလာသော အယူခံတရားမမှုများကိုလည်း စစ်ဆေးစီရင်သည်။ ဝန်ရှင်တော်မင်းကြီးသည် တစ်လလျှင် တစ်ကြိမ်သို့မဟုတ် အရေးပေါ်ကိစ္စများပေါ်ပေါက်လာလျှင်၊ စက်ရှင်တရားသူကြီး (Session Judge) အဖြစ်လည်းဆောင်ရွက်ရသည်။ 

အဂတိတရား(၄)ပါးလိုက်စားသော တရားသူကြီးများကို စစ်ဆေးအရေးယူရသည်။ အယူခံရာဇဝတ်မှုများကိုလည်း စစ်ဆေးစီရင်ရသည်။

ဝန်ရှင်တော်မင်းသည် အခါအားလျော်စွာ၊ မုတ္တမဒေသနှင့် တနင်္သာရီတိုင်းတောင်ပိုင်းရှိ ထားဝယ်နှင့် မြိတ်မြို့များသို့ လှည့်လည်သွားရောက်ပြီး၊ ထိုဒေသများရှိ၊ အသနားခံစာအယူခံလွှာနှင့် တရားမမှုများကို စစ်ဆေးအရေးယူရန်ညွှန်ကြားရသည်။ ရောက်တုန်းရောက်ခိုက် ထိုဒေသများရှိထောင်များ၊ ဆေးရုံးများ၊ အစိုးရအဆောက်အဦများကို သာမက၊ ရုံးမှတ်တမ်းများကိုပါ စစ်ဆေးပြီး လိုအပ်သလိုညွှန်ကြားရသည်။ ဝန်ရှင်တော်မင်းကြီးနှင့် အရေးပိုင်တို့နယ်လှည့်ရာတွင် အသုံးပြုရန် သင်္ဘောတစ်စီးကို မြို့မတံတားတွင် အမြဲကျောက်ချရပ်နားထားသည်။

အရေးပိုင်သည် မော်လမြိုင်နှင့် ကျိုက္ခမီခရိုင်အတွင်းရှိ ရူပီး(၅ဝဝဝ) နှင့် အထက်တန်ဖိုးရှိသော တရားမမှုများကို စစ်ဆေးစီရင်ပိုင်ခွင့်ရှိသည်။ စစ်ကဲမြို့အုပ်အစရှိသော အောက်ခြေတရားရုံးများမှ တက်လာသော အမှုများကိုလည်း စစ်ဆေးစီရင်ပိုင်ခွင့်ရှိသည်။ ကျိုက္ခမီခရိုင်အတွင်းလှည့်လည် ကွင်းဆင်း၍ စိုက်ပျိုးရေးအခြေအနေကို လေ့လာရသည်။ အရေးပိုင်သည် ဂရန်ချပေးပိုင်ခွင့်ရှိသည်။ မြေယာအမှုအခင်းများကိုလည်း စစ်ဆေးစီရင်ပိုင်ခွင့်ရှိသည်။ လယ်သမားတို့၏ လိုလားချက်များကိုလည်း နည်းနာရသည်။ ထိုစဉ်က ကျိုက္ခမီခရိုင်သည် စတုရန်းမိုင်(၁၂ဝဝဝ) ကျယ်ဝန်း၍၊ လူဦးရေ (၁ဝဝဝဝဝ) ရှိသည်။ မော်လမြိုင်လူဦးရေမှာ (၅ဝဝဝဝ) ဖြစ်သည်။

ဝန်ထောက်သည် မော်လမြိုင်မှ ရူပီး(၂၅ဝ) မှ ရူပီး(၅ဝဝဝ) အထိတန်ဖိုးရှိသော အမှုအားလုံးကိုလည်းကောင်း၊ ကျိုက္ခမီခရိုင်အတွင်းမှ ရူပီး(၅ဝဝ) မှ ရူပီး(၅ဝဝဝ) အထိ တန်ဖိုးရှိသော အမှုအားလု့းကိုလည်းကောင်း စစ်ဆေးစီရင်ပိုင်ခွင့်ရှိသည်။ မော်လမြိုင်နှင့် ကျိုက္ခမီခရိုင်အတွက် မှတ်ပုံတင်အရာရှိဖြစ်သည်။ ဝန်ထောက်ရုံးမှ အယူခံမှုများကို ဝန်ရှင်တော်မင်းကြီး ရုံးသို့တိုက်ရိုက်တင်သွင်းရသည်။

ဒုတိယဝန်ထော်များသည်၊ တရားမမှုနှင့် အခွန်တော်အမှုများကို စစ်ဆေးစီရင်ရသည်။ အရေးပိုင်ရုံးနှင့်သာ ဆက်သွယ်ရသည်။

စစ်ကဲရုံးများသည် အမှုတန်ဖိုးရူပီး(၂၅ဝ) အောက်ရှိသော အမှုသေးအမှုငယ်များ စမော်ကော်(Small Case) များကိုသာ စစ်ဆေးစီရင်ပိုင်ခွင့်ရှိသည်။ များသောအားဖြင့် မြူနီစီပါယ်နှင့် ပတ်သက်သော အမှုများဖြစ်ကြသည်။ စစ်ကဲတို့၏ စစ်ဆေးစီရင်ပုံများကျေနပ်အားရဖွယ် မရှိချေ။

၁၈၄၁-ခုမှ စ၍၉ မော်လမြိုင်တွင် ရှေ့နေများစတင်ပေါ်ပေါက်လာသည်။ ကိုလိုနီခေတ်ဦးတွင် ရှေ့နေဦးရေမများလှသေးချေ။ အစိုးရရှေ့နေ(၁) ဦး၊ နိုတြီပတ်ဗလစ်(၃)ဦး၊ ပထမတန်းရှေ့နေ(၃)ဦး၊ ဒုတိယတန်းရှေ့နေ (၆) ဦးနှင့် တတိယတန်းရှေ့နေ(၂)ဦးထားရှိသေးသည်။

တစ်ဦးတည်းသော အစိုးရရှေ့နေမှာ၊ ဆောင်းဒါ(H.B.Saumders) ဖြစ်သည်။
    နိုတြီပတ်ဗလစ်(၃)ဦးတို့မှာ-
ဒေါ်ဆင်(G.E.Dawson) မြို့မတံထားလမ်း
လော(W.T.Law) ဦးဇိနဘုရားတောင်ခြေ-နှင့်
မေဂျာ(N.Major) ငွေတိုက်ရုံးနှင့် မျက်နှာချင်းဆိုင်တို့ဖြစ်ကြသည်။
    ပထမတန်းရှေ့နေ(၃)ဦးတို့မှာ- 
ဘရက်ဒီ(W.N.Brady) ထားဝယ်စု
ဒေါ်ဆင်(G.E.L.Dawson) မြို့မတံတားလမ်း-နှင့် 
လော(W.T.Law) ဦးဇိနဘုရားတောင်ခြေတို့ဖြစ်သည်။
    ဒုတိယတန်းရှေ့နေ(၆)ဦးတို့မှာ-
အဘရူ(Robert Abreu) ရွှေတောင်ရပ်
အော်ဘရေး(Cliff Aubrey) ဦးဇိနဘုရားတောင်ခြေ

ဟောက်ရှော (George Hawkshaw) မရမ်းကုန်းရပ်၊ ဟတ်တန် (John Hutton) ရွှေတောင်လမ်း၊ ဖီးလစ် (James Phillips) ရုံးဟောင်းလမ်းနှင့် ပေါ့တာ (W.H Porter) တောင်ခြေလမ်း တို့ဖြစ်ကြသည်။

တတိယတန်းရှေ့နေ (၂) ဦးတို့မှာ အလီ (Allee) ဈေးကြီးလမ်းနှင့် မောင်ဖိုးတေ (Maung Hpe Tay) ထားဝယ်စုတို့ဖြစ်ကြသည်။

ကိုလိုနီခေတ်ဦး မော်လမြိုင်ရှေ့နေများအနက် မောင်ဖိုးတေမှာ တစ်ဦးတည်းသော တိုင်းရင်းသားရှေ့နေ ဖြစ်သည်။ မော်လမြိုင်ရှေ့နေများ သမိုင်းတွင် မောင်ဖိုးတေသည် ပထမဆုံး တိုင်းရင်းသားရှေ့နေဖြစ်ကြောင်း မှတ်တမ်းရမည်ဖြစ်သည်။

ပထမတန်းရှေ့နေများသည် တရားရုံးတိုင်းတွင် ရှေ့နေလိုက်ခွင့်ရှိသည်။ ဒုတိယတန်း ရှေ့နေများသည် ဝန်ရှင်တော်မင်းကြီးရုံးနှင့် အရေးပိုင်ရုံးများမှအပ ကျန်တရားရုံးများတွင် ရှေ့နေလိုက်ခွင့်ရှိသည်။ တတိယ ရှေ့နေများကား စစ်ကဲရုံးနှင့် မြို့အုပ်ရုံးများမှာသာ ရှေ့နေလိုက်ခွင့်ရကြသည်။

ဝန်ရှင်တော်မင်းကြီး ဘိုဂေး (A.Bogle) သည် ရှေ့နေခများကို အောက်ပါအတိုင်း သတ်မှတ်ပေးသည်။
အမှုထမ်းတန်ဖိုးရူပီး (၅၀ဝ၀)အောက်ကို ရှေ့နေခ (၅) ရာခိုင်နှုန်း (၅၀ဝ၀)မှ (၂၀ဝ၀ဝ)အထိကို (၂) ရာခိုင်နှုန်း၊ (၂၀ဝ၀ဝ) မှ (၅၀ဝ၀ဝ)အထိကို (၁)ရာခိုင်နှုန်း၊ (၅၀ဝ၀ဝ) မှ (၈၀ဝ၀ဝ) အထိကို (၁/၂) ရာခိုင်နှုန်း၊ ရူပီ (၈၀ဝ၀ဝ) အထက်ကို ရှေ့နေခ ရူပီ (၁၀ဝ၀) သတ်မှတ်သည်။
အမှုမစစ်ဆေးမီ တရားပြိုင်များ အမှုကျေအေးသွားလျှင် ရှေ့နေသည် မူလသတ်မှတ်ထားသည့် ရှေ့နေခ၏ ၁/၄ ပုံသာ ရရှိသည်။
အမှုစစ်ဆေး၍ မကြာမီမှာပင် တရားပြိုင်များ အမှုကျေအေးသွားလျှင် ရှေ့နေသည် သတ်မှတ်ရှေ့နေခ၏ ၁/၂ ပုံသာ ရရှိသည်။

ဝန်ရှင်တော်မင်းကြီး ဖိုက် (A.Fytche) လက်ထက်တွင် မော်လမြိုင်၌ ရှေ့နေဦးရေများလာသည်။ ပါးစပ်ပေါက်များလာသည်။ ပါးစပ်ပေါက်များလာသည်နှင့် အမျှ စည်းလွတ်ဝါးလွတ် ပြောဆိုမှုများ များလာသည်။ ထိုအလေ့အထသည် တရားရုံး တရားခွင်များသို့ပါ ကူးစက်လာသည်။

ထို့ကြောင့် ၃၁ သြဂုတ် ၁၈၆၁ တွင် အရေးပိုင်စလေဒင် (E.B.Sladen) က ဝန်ရှင်တော်မင်းကြီး "ဖိုက်" ၏ အမိန့်အရ တရားရုံးများတွင် ရှေ့နေများလိုက်နာရမည့် စည်းကမ်းချက် (၉)ချက်ကို ထုတ်ပြန်ကြေညာသည်။ ကြေညာချက်ထုတ်ပြန်ခဲ့သည်မှာ (၁၅၅) နှစ်ထိထိရှိပြီဖြစ်သဖြင့် ကြားဖူး၊ မြင်ဖူး၊ ဖတ်ဖူးသူ အလွန်နည်းပါးပေလိမ့်မည်။

အကြောင်းတိုက်ဆိုင်သဖြင့် ဘုရင့်နောက်မင်းတရားကြီး၏ မြေးတော် သာလွန်မင်း (၁၆၂၉ - ၁၆၄၈)လက်ထက် လွန်ခဲ့သော ၃၈၂ နှစ် ၂၄ ဇွန် ၁၉၃၄ က ထုတ်ပြန်ခဲ့သော အမိန့်တော်ကို ဖော်ပြလိုက်ရပေသည်။

"ရှေ့နေငယ်တို့သည် .. ဆိုရိုးထုံးစံဥပဒေသ ထင်ရှားစွာရှိသည့်အတိုင်း မဆို၊ ကြေးငွေပဏ္ဏာကာရကိုငဲ့၍ တရားစကားမရှိသည်ကို နှစ်လုံးပိုက်၍ တရားစကားတို့ကို လွှဲဖယ်၍ဆိုသည့် အကြောင်းကို ရွှေနားတော်ကြားတော်မူသည်။ ရှေးစကားပေဟောင်းအတိုင်းသာ ဟုတ်မှန်သည့် အမှုတို့ကို ဆိုပစေ၊ ဝန်တို့ မြစ်တားရမည်။ မြစ်တားသည်ကို မတည်ရ ဆိုမြဲဆိုပြန်လျှင် ဆိုသူရှေ့နေ ငယ်တို့ကို အချက် (၁၀ဝ) ရိုက်၊ နောက်မဆင်ချင် ရှေ့နည်းဆိုပြန်၍ နိုင်မည့်သူ ရှုံး၊ ရှုံးမည့်သူ နိုင် ချက်နှုတ်၍ အက္ခရာမကျ တရားမဝင်သည့် အရာများကို ရှေ့နေခြင်းဖြစ်စေ၊ အခြားကဖြစ်စေ ကြားသိ၍၊ တားမြစ်သော်လည်း မနိုင်၊ စိတ်ကြိုက်ဆိုခြင်တိုင်းဆိုပြန်ရလျှင် ဝန်တို့နှစ်ခွန်းချေရမည် မမှတ်နှင့် ဆိုသည့် နှစ်ဘက်ရှေ့နေငယ်တို့ကို ဝေးစွာသော အရပ်သို့ပို့ရမည်" ဟူသော အမိန့်တော်ဖြစ်သည်။

Leave a Reply