၁၈၆၂-ခုတွင် ဗြိတိသျှမြန်မာနိုင်ငံ(British Burma)၏ ပုလိပ်အဖွဲ့ကို ခေတ်မီပုံစံဖြင့် ပြန်လည်ဖွဲ့စည်းသည်။ ထိုအခါတနင်္သာရီတိုင်း ပုလိပ်အဖွဲ့ကိုလည်း ပြန်လည်ဖွဲ့စည်းရသည်။ ယခင်ကတနင်္သာရီတိုင်းအတွင်းရှိ ခရိုင်တိုင်း၌ အရေးပိုင်များသည် တရားစီရင်ရေးတာဝန်အပြင် ပုလိပ်ဆိုင်ရာ ရာဇဝတ်ဝန် Police (Civie) တာဝန်ကိုပါ ပူးတွဲထမ်းဆောင်ခဲ့ရသည်။ ပုံစံသစ်တွင် ရာဇဝတ်ဝန်(Distrist Superintendent) ကို သီခြားထားလာသည်။ ရာဇဝတ်ဝန်အောက်တွင် ရာဇဝတ်ဝန်ထောက် (Assistant District Superintendent)၊ အင်စပက်တော်( Inspector)၊ ရာဇဝတ်အုပ်ကြီး(Chief Head Constable)၊ ရာဇဝတ်အုပ် (Head Constatale)၊ တရားရုံးဆိုင်ရာ ပုလိပ်အရာထမ်း (Court Police Officer) များထားရှိသည်။ ပုလိပ်အရာရှိအဆင့်ဆင့်ကို ရန်ကုန်ရှိပုလိပ်မင်းကြီး (Inspector General of Police=I.G.P) က တိုက်ရိုက်ကွပ်ကဲသည်။ နယ်များရှိ ခေါင်း(Gaung) ကခေါ်ကျေးရွာပုလိပ်များ (Village Policemen) သည် ရာဇဝတ်ဝန်နှင့် တိုက်ရိုက်ဆက်သွယ်ရသည်။

colonie-police

ပုလိပ်အဖွဲ့ကို မည်သို့ပင် ပြန်လည်ဖွဲ့စည်းစေကာမူ တနင်္သာရီတိုင်း၏ လူသတ်မှု၊ ဓားပြမှု၊ လုယက်မှုစသော အမှုအခင်းများမှာ၊ သိသိသာသာလျော့ပါးသွားခြင်းမရှိဘဲ များဆဲများနေသည်ကိုသာတွေ့ရသည်။ ၁၈၆၇-ခုမှ ၁၈၆၉-ခုအတွင်းဖြစ်ပွားခဲ့သော မှုခင်းများဇယားကို ကြည့်ခြင်းအားဖြင့် သိနိုင်ပေသည်။

အမှုများ        ၁၈၆၇-ခု ၁၈၆၈-ခု ၁၈၆၉-ခု
    လူသတ်မှု             ၁ဝ        ၁၃         ၁၅
    ဓားပြမှု         ၂၁        ၃၂         ၂၄
လုယက်မှု              ၂၂           ၁၃         ၁၇
ခိုးမှု၊ ခိုးရာပါ
ပစ္စည်းလက်ခံမှု   ၁၅၇၁         ၁၄၃၆  ၁၂ဝ၁
စုစုပေါင်း   ၁၆၂၄         ၁၄၉၄       ၁၂၅၇
တနင်္သာရီတိုင်းမြို့တော် မော်လမြိုင်တွင် သစ်လုပ်ငန်းသည် အရှိန်အဟုန်ပြင်းစွာဖြင့် တိုးတက်ဖွံ့ဖြိုးလာခဲ့သည်။ မော်လမြိုင်မှ သစ်ကုန်သည်အရွယ်အစားမျိုးစုံတို့သည် သစ်တောများရှိရာ တောင်တန်းဒေသများနှင့် တောကြီးမျက်မည်းများအတွင်းသို့ သစ်ထုတ်လုပ်ရေးသယ်ယူပို့ဆောင်ရေးအတွက် မကြာခဏသွားကြရသည်။ လမ်းခရီးတွင် လုံခြုံမှုမရှိသဖြင့် ဘေးအန္တရာယ်အသွယ်သွယ်ကို ရင်ဆိုင်ရသည်။

ထိုစဉ်က ကျိုက္ခမီခရိုင်အတွင်း ဆူပူသောင်းကျန်းခြင်း၊ ဓားပြတိုက်ခြင်း၊ လုယက်ခြင်း၊ ကျွဲနွားခိုးယူခြင်းစသော ပြစ်မှုမျိုးစုံကို ကျူးလွန်သူများမှာ မွန်လူမျိုးများမဟုတ်ချေ။ တောင်သူ(ပအိုဝ်းလူမျိုး)၊ ကရင်နီ(ကယားလူမျိုး)၊ ရှမ်း(ပြည်တွင်းရှမ်းနှင့် ယိုးဒယားလူမျိုး) တို့ဖြစ်ကြသည်။ အဆိုပါလူမျိုးစုံလူဆိုးတို့သည် နှစ်စဉ်နှစ်တိုင်းတနင်္သာရီတိုင်းအတွင်း ဝင်ရောက်လာပြီး၊ ခိုးဆိုးလုယက်တိုက်ခိုက်မှုများကို ကျူးလွန်ကြသည်။ အများအားဖြင့် ယိုးဒယားပြည်ရဟိုင်း(Rahine) ဘက်မှ ဝင်ရောက်လာကြသည်။ ကျိုက္ခမီခရိုင်မှ ဒေသခံပုလိပ်များက တွန်းလှန်တိုက်ခိုက်သောအခါ မူရင်းဒေသသို့ဆုတ်ခွာထွက်ပြေးကြသည်။

တစ်ခါတဏ်ရံ အင်အားကြီးမားသော ရှမ်းနှင့် တောင်သူလူဆိုးဂိုဏ်းများသည် ကျိုက္ခမီခရိုင်အတွင်းရှိ ကျေးရွာအချို့ကို၊ ရွာလုံးကျွတ်တိုက်ခိုက်စီးနင်းကာ၊ အဖိုးတန်သက်ရှိသက်မဲ့ပစ္စည်းများကို လုယက်ယူငင်သွားကြသည်။ ထိုကြောင့် ၁၈၇၅-ခုနှင့် နှိုင်းစာလျှင် ၁၈၇၆-ခုတွင် ဖြစ်ပွားသော မှုခင်းများ၊ အထူးသဖြင့် ကျိုက္ခမီခရိုင်နှင့် မော်လမြိုင်မြို့တွင် ဖြစ်ပွားသော မှုခင်းများပိုမိုတိုးပွားလာသည်ကို အောက်ပါဇယားတွင် တွေ့နိုင်သည်။

တနင်္သာရီတိုင်းအတွင်းမှုခင်းများ
 ဒေသ        ၁၈၇၅-ခု        ၁၈၇၆-ခု
 ကျိုက္ခမီခရိုင်        ၉၇၁ မှု     ၉၃၃ မှု
 မော်လမြိုင်မြို့   ၁ဝ၈၆ မှု            ၁၁၅၈ မှု
 ထားဝယ်ခရိုင်   ၁၇၆ မှု     ၁၇၄ မှု
 မြိတ်ခရိုင်        ၁၃၈ မှု     ၁၈၃ မှု
 စုစုပေါင်း     ၂၁၉၁ မှု    ၁၄၄၈ မှု
၁၈၈ဝ ခု အက်ဥပဒေ-၂ အရ ပုလိပ်အဖွဲ့တွင် ကျေးရွာပုလိပ် (Gaung) များကို ဖြည့်စွက်ခဲ့သည်။ ဖြည့်စွက်ဖွဲ့စည်းလိုက်သော ကျေးရွာပုလိပ်များ၏ လစာမှာ အမျိုးမျိုးအဖုံဖုံဖြစ်နေသည်။ ကောက်ခံရရှိသော လယ်မြေခွန်(၁ဝ) ရာခိုင်နှုန်း၏ တစ်ဝက်ကိုသာ လစာအဖြစ်ပေးသဖြင့်၊ ခေါင်း(Gaung) များ၏ လစာသည် တစ်နှစ်လျှင် ကျပ်(၂ဝဝ) မှ (၃ဝဝ) အထိ ဖြစ်သည်။ အချို့(ခေါင်း) များသည် ပေးအပ်ထားသော တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ကြသော်လည်း အချို့က တာဝန်ပျက်ကွက်သည်။ ကျိုက္ခမီခရိုင်နှင့် ထားဝယ်ခရိုင်မှ (ခေါင်း) များသည် တာဝန်ကျေပွန်ကြသည်။ မြိတ်ခရိုင်မှ သူကြီးများကား(ခေါင်း) တာဝန် ကိုပါ ပူးတွဲယူထားကြသော်လည်း သက်ဆိုင်ရာနယ်မြေတွင် နေထိုင်ခြင်းမရှိကြသဖြင့် တာဝန်မကျေပွန်ကြောင်း တွေ့ရသည်။

ပုလိပ်အဖွဲ့စနစ်တကျဖြစ်စေရန်အတွက် ပုလိပ်တို့၏ လိုအပ်ချက်များကို ဘက်ပေါင်းစုံမှ ဖြည့်ဆည်းပေးသည်။ ၁၈၈၂ ခုတွင် လူပျိုပုလိပ်များနေထိုင်ရန်အတွက် အုတ်ကြွပ်မိုးပျဉ်ကာ တန်းလျားများကို ဆောက်လုပ်ပေးသည်။ သထုံ၊ ပေါင်၊ မုတ္တမ၊ မုဒုံ၊ ဇာသပြင်၊ ကော့ကရိတ်၊ ဘားအံ၊ ရွှေဂွန်းနှင့် ကော့ညှပ်တို့တွင် ပုလိပ်တန်းလျားများ ဆောက်လုပ်ပေးသည်။ ၁၈၈၃ ခုတွင် မော်လမြိုင်မြို့၌ ဌာနာ (Thana) များ အသစ်ဆောက်လုပ်ရန် ကျပ် (၁၄၀ဝ၀) ခွင့်ပြုခဲ့သည်။ ထိုနှစ်မှာပင် ကျိုက္ခမီနှင့် မုတ္တမရှိ ဌာနာများကို ပြန်ဆောက်ပေးခြင်း၊ ထားဝယ်ခရိုင်မှ ပုလိပ်အဆောက်အဦများကို ပြုပြင်ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့သည်။ ၁၈၈၅ ခုတွင် မြိတ်ခရိုင် ဝိတိုရိယအငူနှင့် နော်နွယ် (Nawnwe) မြစ် အနီးတွင် ကျပ် (၁၀ဝ၀) တန်စီ ဌာနာများ ဆောက်လုပ်ခဲ့သည်။

ပုလိပ်များ၏ အရည်အချင်း တိုးတက်ကောင်းမွန်လာစေရန်အတွက်လည်း၊ ပြည်သူ ပြည်သားတို့ ယုံကြည်လေးစား အားထားသော ပုလိပ်များဖြစ်လာစေရန်အတွက်လည်းကောင်း၊ အမျိုးမျိုးသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးသည်။
ပွင့်လင်းရာသီတွင် ကျိုက္ခမီခရိုင်အတွင်းရှိ ကျိုက်မရော၊ မုဒုံ၊ ရေး၊ ဘီလူးကျွန်း (ချောင်းဆုံ) မြို့များသို့ ပုလိပ်အရာရှိ (၂)ဦးကို စေလွှတ်၍ ထိုမြို့နယ်များရှိ ပုလိပ်များအား အရည်အချင်းတိုးတက်လာစေရန် သင်တန်းများပေးစေသည်။

မိုးတွင်းကာလတွင်မူ ရာဇဝတ်ဝန် (District Superintendent) နှင့် ရာဇဝတ်ဝန်ထောက် (Assistant District Superintendent) များရှိရာ ဌာနချုပ်များဖြစ်သော မော်လမြိုင် သထုံနှင့် ဘားအံမြို့တို့တွင် ကျောင်းများဖွင့်၍ သင်တန်းများပေးသည်။ မော်လမြိုင်မြို့တွင် (၁၇) ယောက်၊ သထုံတွင် (၁၄)ယောက်၊ ဘားအံတွင် (၁၆)ယောက် သင်တန်းတက်ကြသည်။ ထားဝယ်ခရိုင်ရှိ  ပုလိပ်ဌာနချုပ်တွင် (၁၃၇)ရက် ကျောင်းဖွင့်ရာ နေ့စဉ်ပျမ်းမျှ (၁၈)ယောက် ကျောင်းတက်သည်။

ရာဇဝတ်အုပ် (Head Constable) တစ်ဦးကိုလည်း နယ်လှည့်သင်တန်းပေးစေသည်။ ဌာနတိုင်းသို့ (၄)ကြိမ်စီသွားပြီး တစ်ကြိမ်လျှင် (၅)ရက် သင်တန်းပေးသည်။ ရာဇဝတ်ဝန်ထောက်များကလည်း သင်တန်းအခြေကို အခါအားလျော်စွာ စစ်ဆေးလေ့လာသည်။ သင်တန်းသားများ၏ သဘောထားကို တီးခေါက်ကြည့်သည်။ မိမိတို့တာဝန်ကို သိရှိလာကြောင်း တွေ့ရသည်။ မြိတ်ခရိုင် မိုးရာသီသင်တန်းတွင် နေ့စဉ်ပျမ်းမျှ (၂၁)ယောက် တက်သည်။

ဗြိတိသျှအစိုးရသည် ပုလိပ်များကို သင်တန်းအမျိုးမျိုးပေးခြင်းမှာ ငြိမ်ဝပ်ပိပြားရေးကိုလိုလား၍ ဖြစ်သည်။ မိမိတို့ တိုင်းအတွင်း ငြိမ်းချမ်းနေမှသာ အုပ်ချုပ်ရေးအဆင်ပြေ ချောမွေ့မည်ဖြစ်သည်။ ဝန်ရှင်တော်မင်းကြီးကလည်း ပုလိပ်အဖွဲ့၏ လုပ်ကိုင်ဆောင်ရွက်ပုံများကို မျက်ခြေမပြတ် လေ့လာကြည့်ရှုသည်။ လိုအပ်သည်များကို ထောက်ပြသည်။

၁၈၈၃ ခုတွင် မဟာဝန်ရှင်တော်မင်းကြီးက အရေးပိုင်နှင့် ရာဇဝတ်တို့သည် မိမိတို့ခရိုင်များ အတွင်း အုပ်ချုပ်ရေးပိုင်းနှင့် ပုလိပ်များအကြား လက်ပွန်းတတီး ပူးပေါင်းဆောင်ရွက်ရန် လိုအပ်နေသေးကြောင်း ထောက်ပြခဲ့သည်။

ရဲအဖွဲ့သည် ကိုလိုနီခေတ်တစ်လျှောက်တွင် (POLICE) ဟူသော စကားရပ်ကို အဓိပ္ပာယ်ဖွင့်ဆိုထားသော အချက် (၉)ချက်နှင့် ပြည့်စုံရန် အလှမ်းဝေးနေဆဲ ဖြစ်သည်ကို တွေ့ရသည်။

၁၉၄၆ ခု၊ လွတ်လပ်ရေးကြိုးပမ်းမှုကာလ အထွေထွေသပိတ်ကြီးတွင် မြန်မာနိုင်ငံတစ်ဝန်းမှ ပုလိပ်များသည် ပြည်သူတို့နှင့် လက်တွဲကာ ပါဝင်ဆင်နွှဲခဲ့သည်။ ပြည်သူ့ချဉ်ဖတ်ပုလိပ်ဘဝမှ ပြည်သူ့ဘက်တော်သား ပုလိပ်ဘဝသို့ ကူးပြောင်းလာသည်။

လွတ်လပ်ရေးခေတ်ဦးတွင် "ပုလိပ်" အမည်မှ "ရဲ" အမည်သို့ ပြောင်းသည်။ ၁၉၄၆ ခု ပုလိပ်သပိတ်၏ အရှိန်အဝါကြောင့် လွတ်လပ်ရေးခေတ်ဦးတွင် ရဲနှင့် ပြည်သူကြည်ဖြူစပြုလာသည်။

Leave a Reply